ငြိမ်းချမ်းရေး မာယာထောင်ချောက် (အစိုးရ၏ ငြိမ်းချမ်းရေးလမ်းပြမြေပုံစစ်တမ်း)


သမိုင်းတကျော့ပြန်

တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ အပစ်အခတ်ရပ်စဲရေးကို အတိုချုပ်ပြောရရင် ၁၉၈၉ ခုနှစ် ဗကပပြိုကွဲအပြီးမှာ စတင်ခဲ့တာဖြစ်တယ်။

ဗကပပြိုကွဲအပြီးမှာ လူမျိုးစုလိုက်ပြီး ဗကပလက်နက်ကိုင်တပ်ဖွဲ့ကြီး ၄ ပိုင်း ကွဲထွက်သွားတယ်။ ဒီအဖွဲ့တွေကတော့ ဦးပေါက်ယိုချန်း ခေါင်းဆောင်တဲ့ UWSA ဝသွေးစည်းညီညွတ်ရေးအဖွဲ့၊ ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကျားရှင် ခေါင်းဆောင်တဲ့ MNDA မြန်မာနိုင်ငံလူမျိုးစုများ မဟာမိတ်တပ်ပေါင်းစု အဖွဲ့၊ ဦးစိုင်းလင်း ခေါင်းဆောင်တဲ့ NDAA အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်ဖွဲ့နဲ့ ဦးဇခုန်တိန်ယိန်း ခေါင်းဆောင်တဲ့ NDAK ဒီမိုကရေစီသစ်တပ် မတော် (ကချင်) စတဲ့ အဖွဲ့ ၄ ဖွဲ့ ဖြစ်တယ်။
၁၉၈၈ ခုနှစ်မှာ အရေးအခင်းကြီးဖြစ်တယ်။

၈၈ အရေးအခင်းဖြစ်ပြီး တနှစ်အကြာမှာ လက်နက်အင်အား စစ်ရေးအတွေ့အကြုံကောင်းတဲ့ ဗကပတပ်ကြီး ပြိုကွဲသွားတယ်။ ဒီအချိန်မှာ ထိုင်း-မြန်မာ နယ်စပ်မှာလည်း မာနယ်ပလောမှာ ကေအန်ယူက အားကောင်းနေချိန်ဖြစ်တယ်။ မဟာမိတ်လက်နက်ကိုင်တွေ အားကောင်းနေချိန်ဖြစ်တယ်။ ဗကပခွဲ ထွက် လက်နက်ကိုင်တွေနဲ့ ထိုင်း-မြန်မာနယ်စပ်လက်နက်ကိုင်တွေ ပေါင်းသွားရင်ဆိုတဲ့ အတွေးဟာ အာဏာရှင် ဦးနေ၀င်းကို ငယ်ထိပ်သွေးတက် သွားစေတယ်။

ဒီမှာတင် ဗိုလ်ချုပ်ခင်ညွန့်နဲ့ လော်စစ်ဟန် လော်စစ်မင်း အောလစ်ယန်း ဗိုလ်ချုပ်အောင်ကြီးတို့ကို ကြားပွဲစားလုပ် တက်သုတ်ရိုက် ငြိမ်းချမ်းရေးလုပ်ခဲ့ တာ ဖြစ်တယ်။ နောက်ပိုင်း တခြားလက်နက်ကိုင်မျိုးစုံနဲ့ပါ ပုံစံအမျိုးမျိုးနဲ့ ငြိမ်းချမ်းရေးလုပ်တယ်။

“အခြေခံဥပဒေထဲက အရေးပါတဲ့ (လူတွေ လက်မခံတဲ့) ပုဒ်မတွေ ပြင်မယ်ဆိုရင် ဘယ်လိုမှ ပြင်မရအောင် စစ်ဗိုလ်အမတ် ၂၅ % နဲ့ တမျိုး ဥပဒေနဲ့တဖုံ ဒိုင်းတွေ လွှားတွေ မျိုးစုံကာထားပြီးဖြစ်တယ်။ ဒါကြောင့် လက်နက်ကိုင်အသွင်ပြောင်းပါတီတွေ လွှတ်တော်နိုင်ငံရေးထဲ ၀င်လာဖို့ ဦးသိန်းစိန်အစိုးရက ရဲရဲတင်းတင်း မြှောက်ပေးပြီး ထောင်ချောက်ဆင်နေတာသာဖြစ်တယ်။”

နောက် ၁၄ နှစ်ကြာတဲ့အချိန် ၂၀၀၄ ခုနှစ်မှာ ဗကပခွဲထွက် လက်နက်ကိုင်နဲ့ တခြားလက်နက်ကိုင်တွေဟာ အခြေခံဥပဒေ ၂၀၀၈ ကို မွေးထုတ်ပေးမယ့် အမျိုးသားညီလာခံကိုယ်စားလှယ်ကြီးတွေ ဖြစ်လာတယ်။ ၂ဝဝ၄ ခု အမျိုးသားညီလာခံတက်ခဲ့တဲ့ အပစ်ရပ်စဲထားတဲ့အဖွဲ့နဲ့ လက်နက်ချအဖွဲ့ပေါင်း ၂၈ ဖွဲ့ ရှိတယ်လို့ ၂ဝဝ၅ ခု ဧပြီင်္လ ၂၂ ရက် နအဖက တရားဝင်ထုတ်ပြန်တဲ့ Burma Gazette မှာ ဖော်ပြထားတယ်။ ဒါ့ပြင် အမျိုးသားညီလာခံ ပြီးကာနီးမှ လက်ပူတိုက် တက်ခိုင်းတဲ့ ဘိန်းဘုရင်ခွန်ဆာရဲ့ ခွဲထွက်အဖွဲ့တွေလည်း ပါဝင်ပါတယ်။

ရှမ်းပြည်တောင်ပိုင်း ဦးလင်းဆိုင် ခေါင်းဆောင်တဲ့ မတ်ကျန်းဒေသ ဖွံ့ဖြိုးရေးအဖွဲ့တဲ့၊ ဦးလီချန်း ခေါင်းဆောင်တဲ့ နားရိုင်းဒေသဖွံ့ဖြိုးရေးနဲ့ ဘဝသစ် ထူထောင်ရေးအဖွဲ့တဲ့၊ မုံးဟ ပြည်သူ့စစ်အဖွဲ့တဲ့၊ ဦးလောမား ခေါင်းဆောင်တဲ့ မုံးပေါ် ပြည်သူ့စစ်အဖွဲ့တဲ့ စုံလို့ပါပဲ။ ဒီအဖွဲ့တွေအားလုံး တချိန်က ဘိန်းဘု ရင် ခွန်ဆာရဲ့အဖွဲ့က ခွဲထွက်လာတဲ့အဖွဲ့တွေပါ၊ နားရိုင်းဒေသဆိုတာ ရှမ်ပြည်တောင်ပိုင်း နမ့်ဆန်မြို့နယ်ထဲက ရွာလေးပါ။

အဲဒီင်္မှာ ဦးလီချန်း ခေါင်းဆောင် တဲ့ ခွန်ဆာအဖွဲ့က ဒေသစ်ထူထောင်ပါတယ်။ မတ်ကျန်းတို့ မုံးပေါ်တို့ မုံးဟတို့လည်း ဒီသဘောပါပါပဲ။

နှစ် ၂၀ ကျော်တဲ့ လက်ရှိအချိန်မှာတော့ အခြေခံဥပဒေ ၂၀၀၈ ကို ဖန်တီးခဲ့သူက လက်နက်ကိုင် အုပ်စုတွေကို ဒုတိယအကြိမ် ငြိမ်းချမ်းရေးပြန်လုပ်၊ အခြေခံဥပဒေ ၂၀၀၈ ထောက်ခံခိုင်း၊ ပါတီဖွဲ့ လွှတ်တော်ထဲ ၀င်ခိုင်းလာပြန်တယ်။ သမိုင်းတပတ် ကျော့လာခြင်းဖြစ်တယ်။ ထူးခြားချက်က ငြိမ်းချမ်းရေး မျိုးဆက် နှစ်ခုလုံးကို စစ်တပ်က ကြိုးကိုင်ခဲ့တာ ကြိုးကိုင်နေတာဖြစ်တယ်။

ဒုတိယလမ်းပြေမြေပုံလား

၂၀၁၀ ရွေးကောက်ပွဲအပြီးကာလမှာ ဒုတိယလမ်းမြေပုံမလိုလို့ ဆရာမောင်စူးစမ်းက ယူဆပါတယ်။

ဒါပေမယ့် ငြိမ်းချမ်းရေး လမ်းပြမြေပုံလိုတယ်လို့ သမ္မတဦးသိန်းစိန်က မတ်လ ၁ ရက် သူ့မိန့်ခွန်းမှာ ပြောတယ်။ လက်နက်ကိုင်တိုင်းရင်းသားတွေ၊ တိုင်းရင်းသားမဟုတ်တဲ့ လက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးလုပ်ဖို့ ကြိုးပမ်းနေတာကို အဆင့် ၃ ဆင့်နဲ့ အကောင်အထည်ဖော်နေတယ်လို့ ဦးသိန်းစိန် က ပြောတယ်။ ဒီလို အဆင့် ၃ ဆင့်နဲ့ အကောင်အထည်ဖော်တာကို ငြိမ်းချမ်းရေး လမ်းပြမြေပုံလို့ သုံးနှုန်းတာဖြစ်တယ်။

ဆရာမောင်စူးစမ်း အယူအဆအရဆိုရင် လက်နက်ကိုင်နိုင်ငံရေးက တကဏ္ဍဆိုပြီး လုပ်တာမျိုး၊ ဂိုဏ်းဂဏနိုင်ငံရေးမျိုး အခုချိန်မှာ မရတော့ဘူး။ အခု က Paradigm shift ဖြစ်သွားတာ။ ဒီမိုကရေစီနိုင်ငံရေးမှာ ရွေးကောက်ပွဲကို တန်ဖိုးထားရမယ်။ Election politic ရွေးကောက်ပွဲနဲ့ လွှတ်တော်နဲ့လုပ် တာ။ အခု လွှတ်တော်က ပင်မရေစီးပဲ။ ဒီပင်မရေစီးကြောင်းထဲဝင်ပြီး ဆွေးနွေးရမယ်လို့ ဆိုတယ်။

ပင်မရေစီးကိုက ဖြောင့်ဖြောင့်မစီးနိုင်ဘဲ အမှိုက်သရိုက်တွေ အညစ်အကြေးတွေ များနေတာမို့ ပါရာဒိုင်း အပြောင်းအလဲဟုတ်ရဲ့လားဆိုတာ အရင်ကြည့် ရမယ်။ ဒီမိုကရေစီနိုင်ငံရေးလို့ဆိုရာမှာ အခြေခံဥပဒေ ၂၀၀၈ အရ ကမ္ဘာမှာမရှိတဲ့ စည်းကမ်းပြည်ဝတဲ့ ဒီမိုကရေစီကိုသာ ဦးတည်ထားတာဖြစ်တယ်။ ဒါကြောင့် မောင်စူးစမ်းအယူအဆနဲ့ မတူတဲ့ ငြိမ်းချမ်းရေးဘေးထွက်ဆိုးကျိုးတွေ အများကြီး မျှော်လင့်ထားရမှာ ဖြစ်တယ်။

စစ်အစိုးရတလျှောက်လုံး ဘယ်လို ဒီမိုကရေစီသွားမလဲ ဆိုတာကိုတောင် ၀ိဝါဒ အမျိုးမျိုး ကွဲခဲ့တယ်။

၂ဝဝ၁ ခုနှစ်မှာ Functioning ဒီမိုကရေစီစနစ်ကို သွားမယ်လို့ နအဖက ပြောတယ်။ တချိန်က နအဖပြောခွင့်ရပုဂ္ဂိုလ် ပြုတ်သွားတဲ့ ထောက်လှမ်းရေး ဗိုလ်မှူးကြီးလှမင်းကတော့ စစ်မှန်တဲ့ ဒီမိုကစီသွားရမယ်လို့ ပြောတယ်။ ၂ဝဝ၄ ခု နအဖရဲ့ Road Map မှာတော့ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို သွားမယ်လို့ ဆိုတယ်။ ဒီ့နောက် ပြုတ်သွားတဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်က လောကပါတရားသုံးပါး အခြေခံတဲ့ ဒီမိုကရေစီကို သွားမယ်လို့ ပြင်ဆင်ပြောပြန် တယ်။ နအဖခေတ် သတင်းစာတွေမတော့ ခေတ်သစ်ဒီမိုကရေစီဆိုပြီး ပြောင်းလဲရေးသားပြန်တယ်။ အတော် ရယ်စရာကောင်းတယ်။ နောက်ပိုင်း အဲ သလို ပေါက်ကရ ဒီမိုကရေစီကြောင်းပြောသူ ထောက်လှမ်းရေး ဗိုလ်တွေကို စစ်တပ်ကပဲ ထောင်ချလိုက်တယ်။

ငြိမ်းချမ်းရေးလမ်းပြမြေပုံ … တဲ့

မှန်ပါတယ်။ ငြိမ်းချမ်းရေးလုပ်တာ ကောင်းတဲ့အလုပ်ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်တုန်းကမှ မရိုးသားခဲ့တဲ့ စစ်ဗိုလ်လူထွက်အစိုးရ လုပ်ပုံတွေဟာ စစ်မှန် တဲ့ ငြိမ်းချမ်းရေးကို ဦးတည်သလား၊ ယာယီ တပွဲတိုးလုပ်ပြီး လက်နက်ကိုင်တွေကို လှည့်ဖျားဖို့လားဆိုတာလည်း ဆန်းစစ်ဖို့လိုတယ်။

သမ္မတဦးသိန်းစိန်ရဲ့ မတ်လ ၁ ရက် မိန့်ခွန်းပါ အပြောအရ အစိုးရ ကမကထပြုတဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံမှာ အဆင့် ၃ ဆင့် ရှိတယ်လို့ဆိုပါတယ်။   အောက်ပါ ပုံကိုကြည့်ရင် ဘယ်အဆင့်တွေမှာ ဘာကိုရည်မှန်းသလဲ ရှင်းထားတယ်။ ဒါကြောင့် အစိုးရ ငြိမ်းချမ်းရေးလမ်းပြမြေပုံကို ဆန်းစစ်ကြည့်ရ မှာဖြစ်တယ်။

ပထမအဆင့်ဟာ ပြည်နယ်အဆင့် တွေ့ဆုံဆွေးနွေးဖို့ ဖြစ်တယ်။

ပြည်နယ်အဆင့်မှာ နှစ်ဘက်ရန်လိုမှုတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲဖို့၊ နှစ်ဦးနှစ်ဘက် ညှိနှိုင်းသဘောတူထားတဲ့ နယ်မြေဒေသများမှာပဲ နေထိုင် ကြဖို့၊ ယင်းသတ်မှတ်နေရာမှအပ ကျန်နေရာဒေသများသို့ သွားရောက်ရာတွင် လက်နက်ကိုင်ဆောင်ခြင်းမပြုဘဲ သွားလာဖို့၊ နှစ်ဘက်ညှိနှိုင်း သဘော တူထားသည့် နေရာများမှာ ဆက်ဆံရေးရုံးတွေ ဖွင့်လှစ်ထားရှိဖို့၊ ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ ကျင်းပမည့်နေရာ၊ အချိန်၊ နေ့ရက်တွေ ညှိနှိုင်း သတ် မှတ်ဖို့ဖြစ်တဲ့အတွက် လက်နက်ကိုင်အဖွဲ့စည်းတိုင်းက အလွယ်တကူ သဘောတူဖို့ များပါတယ်။ လွန်ခဲ့တဲ့ နှစ်၂၀ ကျော် ဗိုလ်ချုပ်ကြီးခင်ညွန့် ငြိမ်း ချမ်းရေးလုပ်တုန်းကလည်း ဒီနည်းပဲ သုံးခဲ့တာပါ။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး

ဒုတိယအဆင့်ကတော့ ပြည်ထောင်စုအဆင့်ပဲ ဖြစ်ပါတယ်။ ဒီအဆင့်ဟာ ဦးသိန်းစိန်အစိုးရရဲ့ ပရိယာယ်အများဆုံး လှည့်ကွက်အများဆုံး ပါဝင်တာမို့ မာယာထောင်ချောက်လို့ ဆိုနိုင်တယ်။ လက်နက်ကိုင်တိုင်းရင်းသားတွေ အထူးသတိထားရမယ့် အချက်ဖြစ်တယ်။

အစိုးရငြိမ်းချမ်းရေးလမ်းပြမြေပုံ ပြည်ထောင်စုအဆင့်ပါ အချက်တွေသာ လက်ခံရင် ဒီအဆင့်ကို တက်လှမ်းလာတဲ့ လက်နက်ကိုင်အဖွဲ့မှန်သမျှ လက် နက်စွန့်ရတော့မှာဖြစ်တယ်။ ဒါဟာ အစိုးရဘက်က လိုချင်တဲ့ အဓိကအချက်ဖြစ်တယ်။

ဒီအဆင့်မှာ ဆွေးနွေးရမယ့် အချက်တွေကတော့ ပြည်ထောင်စုကနေ ဘယ်တော့မှ ခွဲမထွက်ဖို့၊ ဒို့တာဝန်အရေးသုံးပါးကိုလက်ခံဖို့ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုး တက်ရေး လုပ်ငန်းများတွင် နှစ်ဘက်ပူးပေါင်းဆောင်ရွက်ဖို့၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်တဲ့ ဆေးဝါးများတိုက်ဖျက်ရေး ပူးပေါင်းဆောင် ရွက်ဖို့ ဆိုတဲ့ အချက်တွေမှာတော့ နှစ်ဘက်သဘောတူနိုင်စရာ ရှိတယ်ပဲထား။ လက်နက်ကိုင်တိုင်းရင်းသားတွေဘက်က နောက်တဆင့်ကို သဘောတူ ဖို့ အတော်ခက်မှာဖြစ်ပါတယ်။

အဲဒီနောက်တဆင့်က နိုင်ငံရေးပါတီများ ထူထောင်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်ဆောင်ရွက်ဖို့ ဆိုတဲ့ အချက်ဖြစ်ပါတယ်။

လွှတ်တော်နိုင်ငံရေးညစ်ကွက်

အစိုးရနဲ့ ပြည်နယ်အဆင့် မူလအပစ်ရပ်ချိန်တုန်းက ကိုင်ထားတဲ့လက်နက် မချရေးက လက်နက်ကိုင်အဖွဲ့တွေဘက်က အဓိက ဖြစ်မှာပါ။ ကိုယ့်လက် နက် ကိုယ်ကိုင်ပြီး ကိုယ့်နယ်မြေနေရတယ်၊ စီးပွားလုပ်စရာလေးတွေ လုပ်နိုင်တယ်ဆိုတော့ ဟန်ကျသလိုလို တွက်နိုင်တယ်။

ဒါပေမယ့် ပြည်ထောင်စုအဆင့်မှာ နိုင်ငံရေးပါတီဖွဲ့ရမယ် ဆိုတဲ့အချက်ကို ဆုံးဖြတ်ဖို့ကျတော့ လက်နက်ကိုင်အဖွဲ့ဝင်တွေကြား သဘောထားကွဲပြား မှုတွေ ကြုံရမှာ မုချဖြစ်တယ်။ အထူးသဖြင့် နိုင်ငံရေးပါတီဖွဲ့ပြီဆိုရင် လက်နက်စွန့်ရတော့မှာဖြစ်တယ်။ လက်နက်စွန့်အောင် နိုင်ငံရေးပါတီဖွဲ့ခိုင်းတာ ဖြစ် တယ်။ ဒါမှ လက်နက်စွန့်အဖွဲ့တွေကို အစိုးရက ကြိုက်သလို ကြိုးကိုင်နိုင်မှာဖြစ်တယ်။

ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးမှာ နိုင်ငံရေးပါတီဖွဲ့ရမယ်ဆိုတဲ့ ပြဌာန်းချက်တခုသာထားခဲ့ရင် လက်နက်စွန့်ခိုင်းရေး အစိုးရအကြံအစည် ရိပ်မိသွား မှာ စိုးတဲ့အတွက် ပြည်ထောင်စုကနေ ဘယ်တော့မှ ခွဲမထွက်ဖို့၊ ဒို့တာဝန်အရေးသုံးပါးကို လက်ခံဖို့ စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် နှစ် ဘက် ပူးပေါင်းဆောင်ရွက်ဖို့၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေတတ်တဲ့ ဆေးဝါးများတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ စတဲ့အချက်တွေနဲ့အရင် ချည်တုပ်ဖို့ ကြိုးစားထားတာဖြစ်တယ်။

ဦးသိန်းစိန်အစိုးရ ပထမ ၅ နှစ်သက်တမ်း ကျန်တဲ့ ၄ နှစ်တာကာလမှာ သမ္မတနဲ့ အစိုးရအဖွဲဝင်အများစုပါတဲ့ ကြံ့ဖွံ့ပါတီကသာ လွှတ်တော်အသီးသီးမှာ ကြီးစိုးထားမှာဖြစ်ပါတယ်။

နိုင်ငံရေးပါတီဖွဲ့ပြီဆိုတာနဲ့ လက်နက်ကိုင်တိုင်းရင်းသားတွေ တချိန်က လက်မခံခဲ့တဲ့ အခြေခံဥပဒေ ၂၀၀၈ ကို ထိန်းသိမ်းစောင့်ရှောက်လိုက်နာပါမည် ဆိုတဲ့ ကတိပေးရတော့မှာ ဖြစ်ပါတယ်။ ဒီကတိကြောင့် အခြေခံဥပဒေကို မပြင်ခင် ကပျက်ယပျက်ပြောမိ ဝေဖန်မိရင်တောင် အခြခံဥပဒေဖောက်ဖျက် မှုနဲ့ ဒုက္ခရောက်မှာ သေချာနေပါတယ်။ ဒါ့ပြင် ကနေ့ အန်အယ်လ်ဒီပါတီ လွှတ်တော်နိုင်ငံရေးဝင်ဖို့ ဆုံးဖြတ်ချိန်မှာ ကြုံရမယ့် ပြဿနာတွေလည်း တွေ့ရ မှာဖြစ်တယ်။

ပါတီဖွဲ့ပြီးရင် ရွေးကောက်ပွဲတခုခုအတွက် အနည်းဆုံးမဲဆန္ဒနယ် ၃ နေရာမပြိုင်နိုင်ရင်လည်း ပါတီအဖျက်ခံရမှာဖြစ်တယ်။ ဒီအဆင့်မှာတင် လက်နက် ကိုင် အသွင်ပြောင်းပါတီ အတော်များများ ပြုတ်ထွက်သွားနိုင်တယ်။

– ရွေးကောက်ပွဲဥပဒေတွေအရ ပါတီဝင်ဦးရေကို သတ်မှတ်ထားတဲ့အတိုင်း ထိန်းမထားနိုင်ရင်လည်း ပါတီအဖျက်ခံရနိုင်ပါတယ်။

– အမတ်လောင်းတွေကိုလည်း အရည်အချင်းမပြည့်မီအောင် အစိုးရဘက်က ညစ်ကွက်မျိုးစုံနဲ့ ဖြုတ်ချနိုင်ပါတယ်။

– အထူးသဖြင့် ရွေးကောက်ပွဲကော်မရှင် ဖွဲ့စည်းပုံဆိုင်ရာခုံရုံးစတဲ့ အဖွဲ့ဝင်တွေဟာ တချိန်က စစ်ခေါင်းဆောင်တွေရဲ့ လက်ကတုံးတောင်ဝှေးတွေ ဖြစ်နေ တဲ့အတွက် တခြားညစ်ကွက်မျိုးစုံနဲ့လည်း ထစ်ထားမှာဖြစ်တယ်။

မာယာထောင်ချောက်

ပြည်ထောင်စုအဆင့်မှာပါတဲ့ နောက်လှည့်ကွက်က …

“လွှတ်တော်တွင်းရောက်ရှိလာလျှင် အခြားသော တိုင်းရင်းသားများနှင့် အကြေအလည် ဆွေးနွေးညှိနှိုင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့” ဆိုတဲ့ အချက်ဖြစ်တယ်။ လွှတ်တော်ထဲရောက်လာတဲ့ တိုင်းရင်းသားလက်နက်ကိုင် အသွင်ပြောင်းပါတီတွေဟာ အခြေခံဥပဒေ ပြင်ဆင်ရေးကို စိတ်ကူးယဉ် မယ်ဆိုရင် အောက်ဖော်ပြပါ အဆင့်တွေနဲ့ ချည်တုပ်ပြီး မလှုပ်နိုင်အောင် ကိုင်ထားနိုင်မှာဖြစ်တယ်။

(အသေးစိတ်ကို ဟန်တင်အောင်ရဲ့ ဘာပြင်မှာလဲ  ဒေါ်အောင်ဆန်းစုကြည် ဆောင်းပါးမှာ ဖတ်ကြည့်ပါ)။

သေချာတာက လက်နက်ကိုင် အသွင်ပြောင်းပါတီတွေဟာ လွှတ်တော်ထဲမှာ ကြံ့ဖွံပါတီနဲ့ မဟာမိတ်လုပ်ထားတဲ့ တိုင်းရင်းသားပါတီတွေနဲ့ပါ ထိပ်တိုက်   ဖြစ်မယ့်အချက်ဖြစ်ပါတယ်။ ဒါကြောင့်လည်း လက်နက်ကိုင်အဖွဲ့တွေကို မြန်မြန် လွှတ်တော်သတ်ကွင်းထဲကို အစိုးရက ကျုံးသွင်းပေးနေသလားလို့ တွက်စရာရှိပါတယ်။

ဒီလိုအခြေအနေမျိုးမှာ အသွင်ပြောင်းပါတီတချို့ လက်နက်ပြန်ကိုင်သွားနိုင်မယ့် အလားအလာရှိတာမို့ ပြည်ထောင်စုအဆင့် လမ်းပြမြေပုံမှာ ပြောထား သလို “ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တခုတည်းသော လက်နက်ကိုင် တပ်မတော်အဖြစ် ရပ်တည်ရေး ညှိနှိုင်းဆောင်ရွက်ဖို့” ဆိုတာ အကောင်အ ထည်ဖော်နိုင်ဖို့ အလားအလာမရှိတာ ထင်ရှားနေပါတယ်။

စပေ့စ်မရှိတဲ့ လွှတ်တော်နိုင်ငံရေး

ဦးသိန်းစိန်အစိုးရရဲ့ ငြိမ်းချမ်းရေး လမ်းပြမြေပုံ အကောင်အထည်ဖော်မယ့် ကာလကို ၃ နှစ် အနည်းဆုံး ကြာမယ်လို့ ကြံ့ဖွံ့အတွင်းရေးမှူး ဦးအောင်သောင်း ပြောတဲ့အချက်ရယ်၊ ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ နောက်ပိုင်း ကျန်တဲ့ ဦးသိန်းစိန်အစိုးရသက်တမ်းမှာ ကြားဖြတ်ရွေးကောက် ပွဲ လုပ်မယ့်အလားအလာ နည်းတာရယ် ထည့်တွက်မယ်ဆိုရင် လက်နက်ကိုင်အသွင်ပြောင်းပါတီတွေဟာ အစောဆုံး ဒုတိယ ၅ နှစ်သက်တမ်း အထွေ   ထွေရွေးကောက်ပွဲကျမှာသာ ၀င်ပြိုင်နိုင်မှာဖြစ်တယ်။ ဒါ ကြားကာလမှာ လက်နက်ကိုင်အဖွဲ့တွေရဲ့ ဟာကွက်ပျော့ကွက်ကို လေ့လာဖို့အတွက် ကြိုးရှည် ရှည်နဲ့ လှန်ထားမှာဖြစ်တယ်။

ဒုတိယ ၅ နှစ်သက်တမ်းကိုလည်း ကြံ့ဖွံပါတီကပဲ ညစ်နည်းမျိုးစုံနဲ့ ဆက်ပြီး အစိုးရဖွဲ့နိုင်အောင် လုပ်နိုင်တယ်ဆိုရင် လက်နက်ကိုင်အသွင်ပြောင်းပါ တီတွေရဲ့ အနာဂတ်ဟာ လွှတ်တော်ထဲမှာ ဘာမှပြောခွင့်မရဘဲ အိပ်ငိုက်ရင်း မူလမျှော်မှန်းတဲ့ တိုင်းရင်းသားအခွင့်အရေးတွေ ဆုံးရှုံးတော့မှာဖြစ်တယ်။

စစ်တပ်နဲ့ ကြံ့ဖွံပါတီကလည်း လူထုအပေါ်သြဇာကြီးမားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နောက် ၅ နှစ်သက်တမ်းရွေးကောက်ပွဲမှာ ကြားဖြတ်ရွေးကောက် ပွဲ စည်းရုံးတဲ့ပုံစံမျိုး လုပ်ခွင့်ပေးပါ့မလားဆိုတာလည်း စဉ်းစားစရာဖြစ်တယ်။

ဒုတိယ ၅ နှစ်သက်တမ်းမှာ အန်အယ်လ်ဒီက အများစုအနိုင်ရဖို့ဆိုတာ ရေရေရာရာ မရှိသေးတဲ့တိုင်အောင် လက်နက်ကိုင်အသွင်ပြောင်းပါတီတွေ အန် အယ်လ်ဒီနဲ့သာ မဟာမိတ်ဖွဲ့ပြီး အတိုက်အခံကောင်းကောင်း ပေါ်လာရေး စဉ်းစားရမှာဖြစ်တယ်။

အခြေခံဥပဒေထဲက အရေးပါတဲ့ (လူတွေ လက်မခံတဲ့) ပုဒ်မတွေ ပြင်မယ်ဆိုရင် ဘယ်လိုမှ ပြင်မရအောင် စစ်ဗိုလ်အမတ် ၂၅ % နဲ့ တမျိုး ဥပဒေနဲ့တဖုံ ဒိုင်းတွေ လွှားတွေ မျိုးစုံကာထားပြီးဖြစ်တယ်။ ဒါကြောင့် လက်နက်ကိုင်အသွင်ပြောင်းပါတီတွေ လွှတ်တော်နိုင်ငံရေးထဲ ၀င်လာဖို့ ဦးသိန်းစိန်အစိုးရက ရဲရဲတင်းတင်း မြှောက်ပေးပြီး ထောင်ချောက်ဆင်နေတာသာဖြစ်တယ်။

ဖြစ်နိုင်ခြေရှိတာက ငြိမ်းချမ်းရေးလမ်းပြမြေပုံ ဒုတိယဆင့်ခေါ် ပြည်ထောင်စုအဆင့်မှာတင် အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တွေကြား ပဋိပက္ခတွေ အငြင်း ပွားမှုတွေ သဘောထားကွဲလွဲမှုတွေ ဖြစ်ပြီး လက်နက်ကိုင်လမ်းစဉ်ကို ခြေဦးပြန်လှည့်မယ့်အဖွဲ့တွေလည်း ပေါ်ပေါက်လာနိုင်စရာရှိပါတယ်။

ချုပ်ကြည့်မယ်ဆိုရင် ဦးသိန်းစိန်အစိုးရရဲ့ ငြိမ်းချမ်းရေးလမ်းပြမြေပုံ တတိယဆင့်ဖြစ်တဲ့ “နိုင်ငံတော်အစိုးရ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ နိုင်ငံရေး ပါတီနဲ့ နိုင်ငံရေးအင်အားစုတွေ၊ ပြည်သူ့ကိုယ်စားလှယ်တွေစတဲ့ နိုင်ငံတော်မှာရှိတဲ့ အဓိကကျတဲ့ Political Player အားလုံးပါဝင်တဲ့ ဤလွှတ်တော် ကြီးမှာ သဘောတူလက်မှတ်ရေးထိုးရေး” ဆိုတာ စိတ်ကူးယဉ်သာဖြစ်ပြီး လုံးဝအကောင်အထည်ပေါ်လာဖို့ မဖြစ်နိုင်ဘူးလို့ ကောက် ချက်ချနိုင်ပါတယ်။

ဟန်တင်အောင်
(Swe Swe Kyi’s Facebook မှ …)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: