အကျဉ်းထောင်တွင်း ဆရာတော်ကြီးများနှင့် သံဃာတော်များ သီတင်းသုံးရပုံ


ဦးခင်ညွှန့်တယောက် နေအိမ်အကျယ်ချုပ်ကနေလွတ်လာတော့ ၀မ်းသားအားရကြိုဆိုသူတွေ ရိုသေလေးစား သူတွေမြင်တော့ မုဒိတာပွားပါသည်။ ထို့အတူ ကျနော်က ဦးခင်ညွှန့် သာဓုခေါ်ရအောင်။ ဦးခင်ညွှန့် ပြုပြုသမျှ ကုသိုလ်တွေထဲ ကျနော်တို့လို မလိမ်မိုး မလိမ်မာလေးတွေ ထောင်ထဲမှာ သိက္ခာတော်ရဆရာတော်တွေ ဖူးမျှော် ရလေအောင် ပင့်ဆောင်ပေးထားခဲ့သော ကျေးဇူးကုသိုလ်။ မုဒိသာလေးပွါးလို့ရအောင် သံယာတော် ဆရာ   တော်တွေဖြတ်သန်းခဲ့တဲ့ ထောင်ချတဲ့အမိန့်ချသည့် စစ်ခုံရုံးနှင့်ထောင်ကျထောင်မှူးရုံးခန်း အဆောင်ထောင် မှူးရုံးခန်းများကို ကျနော်ဖြတ်ခဲ့တာတွေ ရေးသားပေးလိုက်မည်။

သို့မှသာ ဆရာတော်တွေ သံဃာတော်တွေ ဖြတ်သန်းခဲ့ တာကို အများပြည်သူမျက်စိထဲ မြင်နိုင် တွေးနိုင်ပြီး ဘုရားတကာ ကျောင်းတကာ ဦးခင်ညွှန်၏ ကုသိုလ်အစုစု သဒ္ဓါထုတို့ကို သာဓုခေါ်နိုင်ပေ မည်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ န၀တ ဆွမ်းကွမ်းအလှူဒါနကို ကံဆောင်တော်မူတဲ့ အရှင် သူတော်မြတ်များကို အကျဉ်းချ လိုက်သည့်အတွက်၊ သံဃာတော်အရှင်သူမြတ်များမှာ ထောင်တွင်းကျပ်တည်းစွာ သီတင်းသုံးရခြင်း၊ ဆွမ်းကွမ်း မပြည့် မစုံ ဘုန်းရခြင်း၊ ရုပ်ပိုင်း စိတ်ပိုင်း နှိပ်စက်ခံရခြင်းများဖြစ်သော ထောင်ပြောင်းရွှေ့သီတင်းသုံးရခြင်း၊ ထောင်တွင်းမှာ ပျံလွန်တော်မူခြင်းစသည့် ကုသိုလ် များကို အမျှဝေပေးပါသည်။ ဦးခင်ညွှန့်နှင့်အတူ အားလုံးသော သာဓုခေါ်ဝံ့သူများ သာဓုခေါ်ကြပါလေကုန် …. …

● နိဒါန်းအနေနှင့် စစ်ခုံရုံးလုပ်ပုံကို ပြောပြမည်
ကျနော်ထောင်ကျတော့ စစ်ခုံရုံးအမှတ် (၁) ဒု-ဗိုလ်မှူးကြီးလှရွှေ (ကြည်း)၊ ဗိုလ်မှူးအောင်ရင် (လေ)၊ ဗိုလ်မှူးအေးကို (ရေ) တို့က ကျနော့်အမှုကို စီရင် တာဖြစ်သည်။ တရားစီရင်တာလည်း ပွင့်ပွင့်လင်းလင်းမျှမျှတတရှိပါသည်။

ထောင်ဗူးထဲကနေ ကျနော်ရယ်၊မရင်ရင်(လသာ)ကို လက်နက်ကိုင်စစ်သား အခြံအရံတွေ ခြံရံပြီး ရုံးထုတ်လာပါတယ်။

ဒီနောက်မှာတော့ အောက်ပိုင်းတဝက်က အုတ်၊ အပေါ်ပိုင်းက သံ ဇကာနဲ့ကာထားတဲ့ (၁၀) ပေပတ်လည် အပြာရောင်အဆောက်ဦးထဲမှာ ထည့်ထား လိုက်ပါတယ်။ တရားလိုအဖြစ် အမည်မသိအရပ်ဝတ်အာဏာကြီးသူတဦးနဲ့ ဗဟန်းရဲစခန်းက ရဲအုပ်တဦးရောက်လာပြီးတော့ ကျနော်တို့ကို“ညီလေးတို့ မင်းတို့ကို စစ်ခုံရုံးက အမိန့်ချမယ် ၀န်ခံလိုက်ရင် မင်းကို ငါးနှစ်၊ ညီမလေးကို လေးနှစ်ပဲချမှာလို့” စေတနာဗလပွနဲ့ လာသင်ပေးတယ်ဗျ။

ကျနော်နှင့် မရင်ရင်တို့ကတော့ တိုင်ပင်ထားသလိုပါပဲ ဘာမှကိုပြန်မပြောဘဲ ပြုံးပြလိုက်ပါတယ်။ ခဏနေတော့ မသန္တာချိုကိုလည်းထုတ်လာပြီး ကျနော် တို့ရှိနေတဲ့ အခန်းလေးထဲပဲ ထည့်လိုက်ပါတယ်။ ကျနော်တို့ တိုင်ပင်ထားတာက ရုံးထွက်တိုင်း စစ်ခုံရုံးတင်တဲ့နေမှာ ပျော် ရွှင်စွာနေဖို့နဲ့ အဖြူရောင် ရှပ် အကျီနှင့် ယောဂီယောင် ယောပုဆိုးတွေဝတ်လာဖို့ပါပဲ။ သုံးယောက်လုံး ဖြူဖွေးနေတဲ့ မန္တလေးရှပ်အဖြူ လက်တိုကိုယ်စီနှင့် ယောပုဆိုး၊ ယောထမိန် ၀တ်ထားတဲ့ ပြုံးရွှင်ရယ်မောနေတဲ့ ကြောက်ရွံထိန့်လန့်တဲ့ ဟန်အမူအရာ အလျဉ်းမရှိတဲ့လူငယ်သုံးဦးကို စောင့်ကြပ်နေရတဲ့ ၀တ်စုံပြည့်နှင့် စစ်သားများ က တအံ့တသြကိုကြည့်ကြပါတယ်။ အဲဒီလိုကို သူတို့ကို အံ့သြစေချင်တာ ကျနော်တို့ဆန္ဒပါ။

သူတို့ထဲက အသက်ကြီးကြီး (၂) ရစ်နှင့် တပ်ကြပ်ကြီးက “ကောင်လေးတို့ မင်းတို့ကိုအမိန့်ချမှာကွ ဒီနေ့။ တောင်းပန်လိုက်ပေါ့ကွာ အဘ ကြီးတွေက သနားမှာပါ။ မင်းတို့ရုပ်ကလေးတွေ သနားကမားနဲ့” လို့ပြောလိုက်တာကို မရင်ရင်နှင့် မသန္တာချိုတို့ရယ်လိုက်တာ မှတ်မိ ပါသေးတယ်။ ထိုလူကြီးလည်း ဆက်မပြောတော့ဘဲ ကျနော့်ကို ဆေးလိပ်သောက်လားလို့ မေးတော့ ကျနော်လည်း သောက်တယ်ပြောတော့ စီးကရက်တလိပ်ထုတ်ပြီး မီးညှိပေးပါ သည်။ ကျနော်အားရပါးရ ဟန်နှင့်ပန်နှင့် ရှိုက်ဖွာတာကို အမတော်နှစ်ယောက်က မျက်စောင်းထိုးလို့ အပိုးပြန်သတ်ရကာ ရှိုးပဲ့ရပါသေးတယ်။

အချိန်ကျတော့ ကျနော်တို့ကို စစ်ခုံရုံးခမ်းမကျယ်ကြီး (နောက်ပိုင်း အင်းစိန်ထောင်မှလွတ်ငြိမ်းချမ်းသာနှင့်လွတ်သူများကို သြ၀ါဒပေးသောခန်းမ ) ခေါ်သွင်းလာပါတယ်။ အရှေ့အနောက် ဘယ်ညာရိုက်သံ ညီညီညာညာနှင့် စစ်သားတွေခြုံရံပြီး ၀င်ခဲ့ရတဲ့အရသာလေး မှတ်မိ သေးတယ်။

(ငယ်တော့လည်း ဘ၀င်မြင့်တာများ…. ငါ့တို့ကို ဒီလိုကြီးကြီးကျယ်ကျယ်တောင်လုပ်ရတယ်ဟဆိုပြီး ကြံဖန်ပြီးဂုဏ်ယူနေတာ စိတ်ထဲမှာ)။ အမှန်က ငရဲတွင်းထဲကို အခမ်းအနားနဲ့ ပို့တာပေါ့ဗျာ။

နောက်တော့ စစ်ခုံရုံးအရာရှိတွေရောက်လာတယ်။ နိုင်ငံတော်အလံကို အလေးပြုပြီး ကျနော်တို့ထိုင်ရတယ်။

ဖတ်လိုက်တာ၊ ပြောလိုက်တာ တွေကလည်း စုံလို့။ တခုပဲ တဦးစီ ဖြောင့်ချက်ယူမျှပုံက“ရဲမင်းထွန်း နိုင်ငံတော် ဖျက်ဆီးနှောက်ယှက်သောလှုပ်ရှား မှုတွေ လုပ်ရပ်တွေ လုပ်ခဲ့တဲ့မင်းမှာ အပြစ်ရှိသလား” တဲ့။ ကျနော်က “မရှိပါ” လို့ ဖြေတော့ …. “ဟေ” တဲ့ ။

နောက် မရင်ရင်အလှည့်လည်း မရင်ရင်က “မရှိပါ” လို့ ဖြေတယ်။

တရားလိုလုပ်သူကထပြီး ၁၉၈၉ မှာ စစ်ထောက်လှမ်းရေးဖမ်းဆီးတာကို အကြမ်းဖက်ပြီးထွက်ပြေးသည်မှစ၍ ကိုဘိုနီအောင်နှင့် အတူပေါင်းသင်း လှုပ် ရှားသည်အဆုံး ပြန်ဖတ်ပြီး “အပြစ်ရှိပါသလား” မေးပြန်တယ်။

ကျနော်ကလည်း “မရှိပါ” ပဲပေါ့။

အမိန့်ချမယ့် စစ်ခုံရုံးအရာရှိတွေက အခုခုံရုံးခေတ္တနားမယ် တရားလိုကို မင်းတို့ သေသေချာချာလုပ်ကွာဆိုတဲ့ အဓိပ္ပါယ်နဲ့ စကားတွေပြောပြီး ခုံရုံးခဏ နားလိုက်တယ်။ ဒီတော့မှ စစ်ထောက်လှမ်းရေးလို့ ထင်ရတဲ့လူကလာပြီး “မင်းပေးထားတဲ့ဖြောင့်ချက်လေကွာ မင်းစစ်ကြောရေးပြန်သွားမလား” လို့ ချိမ်း ခြောက်မေး မေးတော့ မရင်ရင်က ၀င်အော်ရော။ “ကျမတို့က မမှန်ဘူးလို့ ငြင်းနေလို့လား၊ အပြစ်မရှိဘူးပြောတာလေ၊ ဘာအပြစ်လဲ” လို့ ပြန်ပြော ပစ်လိုက်တယ်။ ခဏနေတော့ စစ်ခုံရုံးပြန်စတယ်။ ပြန်ဖတ်တယ်။ အပြစ်ရှိလားဆိုတော့ … ကျနော်တို့က “မရှိပါ” မှ တပြားမှ မလျှော့ဘူး။

ရယ်ဖို့တော့ တော်တော်ကောင်းသားဗျ။ ဘာနှင့်တူနေလဲဆိုတော့ ရုပ်ရှင်ရိုက်ကွင်းမှာ ကပ် ကပ် လုပ်သလိုဖြစ်နေတယ်။ သူတို့ကလည်း သူတို့လိုချင်တဲ့ ပုံစံ(အဖြေ) မရမခြင်း ထပ်ခါထပ်ခါ မေးတယ်။ ကျနော်တို့က “မရှိပါ” ဆိုလိုက်ရင် အရာရှိသုံးယောက်လုံးက ပြိုင်တူ တရားလိုတွေဖက်ကို ကြည့်တယ်။ ကျနော်ဖြင့် ရယ်ချင်လိုက်တာ။

ထောင်ချမှာပဲဗျာ။ တရားသဖြင့်စီရင်တာလည်း မဟုတ်ဘဲနဲ့။ တရားခံပြသက်သေ၊ တရားခံရှေ့နေမရှိ၊ ကြားနာသည့် ပရိတ်သတ်မရှိ၊ မိသားစုတောင် မသိတဲ့ တဖက်သတ်စီရင်တဲ့ ဒီတရားစီရင်မှုကိုများ အစီအငေါ် အတိုင်အဖောက်က တည့်ချင်နေသေးတယ်။ တကယ်ဆို စာအိတ်ဖောက်ဖတ်ပြီး အမိန့် ကိုချတာပါ။ ဦးခင်ညွှန်ခေတ်ဆိုတော့လည်း အရာရာကို မျှတကြောင်းပြချင်တဲ့အထာနှင့် ရုပ်ရှင်ရိုက်ပြတာ ပေါ့ဗျာ။ ဒီလိုနှင့် စစ်ခုံရုံးပြန်နားရပြန်သည်။

ဒီတခါတော့ အလယ်ကခုံရုံးတရားသူကြီးခေါ်မလား ဘယ်လိုခေါ်မလဲမသိတဲ့ဒုဗိုလ်မှူးကြီးလှရွှေ(ကြည်း)မျက်ထောင့်ကြီးနီလို့ “ကောင်လေးမင်းတို့   နိုင်ငံတော်ကလူကြီးတွေက သက်ညှာပြီး စီစဉ်စဉ်းစားမှာကို မင်းတို့ ဒီလိုမလုပ်နဲ့။ မင်းတို့ဘ၀ဘဲ ပျက်မှာ။ ငယ်ငယ်ရွယ်ရွယ်နဲ့ တော်တော်မိုက်ကြ တာပဲ” လို့ ပြောတယ်။

ဘေးဘယ်ညာက လေတပ်နှင့်ရေတပ်က ဗိုလ်မှူးနှစ်ဦးကတော့ ဘာမှမပြောဘူး ရုပ်သေးရုပ်လိုပဲ အလယ်ကထိုင်ရင် လိုက်ထိုင်တယ်။ ထရင် လိုက်ထ တယ်။ စာရွက်ကောက်ဖတ်ရင် ဖတ်တယ်ပဲလုပ်နေကြတယ်။ ဒီလိုနှင့် နောက်တကြိမ်ပြန်နားတယ်။ ဒီတခါတော့ နည်းနည်း ကြာသွားတယ်။

ပြီးတော့ ပြန်စတော့ တရားလို ပြန်ဖတ်တယ်။ ဒုဗိုလ်မှူးကြီးက အပြစ်ရှိလားမေးတော့ “မရှိပါ” ထပ်ဖြေတယ်။ တိုက်ပုံ အမဲနှင့် တရားရေးအရာရှိဆိုသူ က မတ်တပ်ထရပ်က စစ်ခုံရုံးဥက္ကဌကြီးဆိုလား သဘာပတိကြီးဆိုလား အစချီလိုက်ပြီး …. “ယခုရုံးရှေ့ ရောက် တရားခံရဲမင်းထွန်းနှင့်အပေါင်းပါသည် ၎င်းတို့၏လွဲမှားသောအယူဆများဖြင့် နိုင်ငံတော်ကို ဖျက်ဆီးနှောက်ယှက်ခဲ့ပြီး။ အပြစ်မရှိပါ ဟု ထင်မြင်နေခြင်းသာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အရေးပေါ် စီမံချက်ပုဒ်မ ၅ (ည) နှင့် မတရားအသင်းဆက်သွယ်မှုဆိုင်ရာပုဒ်မ ၁၇ (၁) တို့ဖြင့် စီရင်ချပေးပါရန် တင်ပြပါသည်” လို့ ပြောလိုက်တဲ့အခါမှာတော့ ဒု ဗိုလ်မှူးကြီးက တင်ပြချက်ကို လက်ခံပါကြောင်းနှင့် စီရင်ချက်ချ မှတ်ပေးမည်ဟုဆိုကာ ခဏနားလိုက်ပါတယ်။

ဒီနောက်မှာတော့ သူတို့ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း ကျနော့်ကို ၅ (ည) ၁၇ (၁) နှင့် ထောင်ဒဏ် (၇) နှစ်ကျခံစေဟူ၍လည်းကောင်း၊ မရင်ရင်ကို ၅ (ည) ၁၇ (၁) ဖြင့် ထောင်ဒဏ် (၆) နှစ်ကျခံစေဟူ၍လည်းကောင်းချမှတ်ကာ စစ်ခုံရုံး ရုပ်သိမ်းလိုက်ပါတယ်။ အဲဒီ့နေ့က ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့ပါ။ ကျနော်တို့မှာ အဲဒီတုန်းက နည်းတယ်လို့တောင်ထင်နေသေးသည်။

ဘာလို့လဲဆိုတော့ ကျနော်တို့ဆက်စပ်အမှုတွဲ ကိုဘိုနီအောင်ကို တသက် တကျွန်း ချထားပြီးပြီ။ ကျနော့်ကို အနည်းဆုံး (၁၀) နှစ်လို့ ထင်ကြေးပေး ထားကြတာ။

(စစ်ခုံရုံးအပြင်ဆင်ပြောပြတာက ဦးခင်ညွှန့်ရဲ့စီမံခန့်ခွဲပုံကို မှန်းဆနိုင်စေဖို့ ရေးတာဖြစ်တယ်။ ဆရာတော်တွေ သံဃာတွေကို ဒီလိုပဲ ထောင်ချခဲ့တာ မျက်လုံးထဲ မြင်ကြည့်ပါ။)

ထောင်ကျရုံးရောက်တော့ ကိုဇေယျာဝင်း၊ ကိုထွန်းထွန်း၊ ကိုဂျွန်ဂလင်း၊ ကိုသုတအောင် (ကွယ်လွန်) ကိုထွန်းနောင်နှင့် ကိုဝင်းဇော်တို့ကိုလည်း ငုတ် တုပ်ကလေးတွေထိုင်လျက် တွေ့ရပါတယ်။ ထောင်ထဲမှာ မှောင်နေလို့တောင် ထောင်ကျရုံးကို မီးမောင်းတွေထိုးကာ ထောင်ကျအကျဉ်းသားတွေ မှတ်ပုံ တင်ပါတယ်။

ကျနော့်ကို ထောင်ကျရုံးထောင်မှူးကြီးက သူ့ရုံးခန်းထဲမှာ ခေါ်တွေ့တယ်။ လူရည်သန့်တဦးပါပဲ။ သူက ကျနော့်ကို ဒီလိုပြောတယ်ဗျ။ “မိုက် လိုက်တာ ကွာ မင်းကျောင်းမှာ စာမသင်ဖူးဘူးလား Physics မှာအလုပ်ဆိုတာဘာလဲ” တဲ့။ “အရွေ့” လို့ ကျနော်ပြန်ဖြေတော့ “အေး မင်း ဒီနေ့ပြန်ပြောခဲ့တဲ့ စစ်ခုံ ရုံးကလုပ်ရပ်တွေက အရွေ့မရှိဘူးကွ။ မင်းထောင်ကျလာရတယ်” “တကယ်ဆို မင်းက ထောင်ငါးနှစ်လောက်ပဲ ကျမယ်လို့ ငါတို့ထင်တယ်ကွ”

“ဘာပဲပြောပြော မင်းမှန်တယ်ထင်တာကို မင်းရပ်တည်ခဲ့တဲ့အတွက် ချီးကျူးပါတယ်” “မင်းယုံကြည်ချက်တွေ မင်းစိတ်ဓာတ်တွေကို မေ့လိုက်။ မင်းနဲ့ ငါတို့နဲ့ ရန်သူမဟုတ်ဘူး။ ငါတို့က လက်ခံထိန်းသိမ်းပေးရတဲ့ဌာန” “မင်းအနေနဲ့ ငါတို့ကိုရန်သူလိုသဘောထားပြီး ဆက်ဆံမယ်ဆိုရင် မင်းမှားသွားမယ်။ ဆန့်ကျင်မယ်ဆိုရင် မင်းအိမ်ပြန်ချိန် နောက်ကျသွားမယ် ကောင်လေး။ မင်းကို ငါသနားလို့ ဆုံးမတာ။ ဒီထောင်မှာ အေးေးအဆေးဆေးနေပါ” “ထောင် အပြင် တန်းမရှိဘူးဆိုတဲ့ အရပ်စကားပုံက မှားတယ်ကွ။ ထောင်အပြင် တိုက်ရှိတယ် စစ်ခွေးတိုက်” လို့ အစချီကာဆုံးမစကားကို ရုပ်သန့်သန့် အမည် မသိထောင်မှူးကြီး ပြောလိုက်တာ မှတ်မိနေပါသေးတယ်။

ထောင်ကျသွားပြီပေါ့ဗျာ အမည်- ရဲမင်းထွန်း အဖအမည်-ဦးတင်ထွန်းဝေ ထောင်အမှတ် ၅၀၈၆ (မျဉ်းစောင်း) စီ။

(မှတ်ချက်။ ။ အရင်က ပိုစ့်တခုမှာ ထောင် ကျရက်ကို တနင်္ဂနွေလို့ မှားရေးလိုက်သည်။ ပြန်တိုက်ကြည့်တာ တနင်္လာနေ့သာဖြစ်ပါသည်။) ဒီလိုဆက်ဆံမှု အပြင် ဆင်တွေကို သာသနာပိုင်ဆရာတော်ကြီးတွေ သံဃာတွေဖြတ်သန်းရတာကို တွေးကြည့်ပါ မြင်ကြည့်ပါ။

● ၃ ဆောင်နှင့် ထောင်မှူးသိန်းမြင့်
အမှတ်(၅)ဆောင်မှာ မအေ နှမ အဖွါးပါ မကျန် တိုင်းထွာ ဆဲဆို ရိုတ်နှက်ပြီး ထောင်ပုံစံသင်ကြားပေးသည့် ပုံစံခန်းလူကြီးဗလကြီးနှင့် လူမိုက်များ၏   ထောင်ကျ ပုံစံခန်းကို တညတဖြတ်ကျော်ပြီးနောက်။ အကျီချွတ် ခါးတောင်းကြိုက်ပြီး ပုံစံရပ်ကာ ထောင်ကျမှတ်ပုံတင်ကို နွားသတ်ရုံလို ရင်ပတ်မှာ တံဆိပ်ထုပြီး တင်ရပါသည်။

(ဆရာတော် သံဃာတော်တွေလည်း ဒီလိုကျော်ဖြတ်ရပါသည်။ ဘာလိုလဲဆိုတော့ ထောင်ကျလာရင်အကျဉ်းသားသာ ဖြစ်သည်ဆိုတဲ့ ထောင်ဥပဒေ အရ၊ သီးခြား ဦးစားပေးဆက်ဆံမှုမပြုပါ)

ကျနော့်ကို အမှတ် (၃) ဆောင်ပို့လိုက်ပါတယ်။ တန်းစီးသရဲကြီးနှင့် ထောင်မှူးသိန်းမြင့် အုပ်ချုပ်နေတဲ့ (၃) ဆောင်ကို ကျနော် ရောက်သွားတာတော့   ထောင်မှူးသိန်းမြင့်က ဒီလိုသြ၀ါဒပေးတယ်။ “ထောင်ကျသွားပြီဖြစ်တဲ့မင်းကို ငါတို့အကျဉ်းဦးစီးက တိုက်ရိုက်အုပ်ချုပ်တယ်။ ထောင်မှာ မင်းသာ မင်းနဲ့ဆိုင်တယ် မင်းအကြောင်း မင်းပြောရမယ်။ မင်းကိစ္စကလွဲလို့ အခြားအကျဉ်းသားတဦးဦးရဲ့ကိစ္စဆိုတာ မရှိရဘူး။ အများဆိုတာ ထောင်မှာမရှိဘူး။ ရှိခဲ့ရင် ထောင်ဥပဒေနှင့် ဆန့်ကျင်တယ်။ ထောင်ဥပဒေနှင့်ဆန့်ကျင်ရင် အပြစ်ဒဏ်တိုက် (စစ်ခွေးတိုက်)ကိုရောက်မယ်။

ထောင်မှာ အရှင်တွေ သခင်တွေ စသဖြင့် ဘွဲ့ထူးတွေမရှိဘူး။ (အဲဒီတုန်းက ဘာကြောင့်ပြောမှန်းမသိဘူး။ ထောင်မှူးရုံးခန်း ရှေ့ မြေပြင်မှာပုံစံဆွဲထိုင်ပြီး နားထောင်ရတာ ညောင်းလိုက်တာ။ နောက်မှသိတော့တယ် ဆရာတော်ကြီးတွေနှင့် အဘသခင်အုန်းမြင့်တို့ ရှိနေတာကိုး)

ပုံစံအော်ရင် ခေါင်းငုံထားရမယ့်အကျဉ်းသားပဲ ထောင်မှာရှိတယ်။ မင်းတို့အကျဉ်းသားတွေကို အကျဉ်းသားလိုပဲ ငါတို့အကျဉ်းဦးစီးက အုပ်ချုပ်တယ်။ အကျဉ်းသားမဖြစ်ချင်ရင် ထောင်ထဲရောက်မလာနဲ့။ ထောင်ထဲရောက်လာရင် ဘာကြီးပဲဖြစ်ဖြစ် အကျဉ်းသားပဲ… ဟုတ်ပြီလား” စသည်သဖြင့် မိန့်ခွန်း ရှည်ကြီးကိုမိန့်ဆိုပြီး ကျနော်တို့ စောင်နဲ့ပါလာတဲ့ အ၀တ်အစားကို ရှာဖွေပြီး ပုံစံပုဆိုး ပုံစံအကျီသာ ၀တ်ဆင်ရမည် ဖြစ်ကြောင်းနှင့် အရပ်ဝတ်များကို ၀တ်ဆင်ပါက အပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်းကိုပါ သတိပေးပါတယ်။

ထောင်မှူးရုံးက အခန်းသတ်မှတ်ပေးလိုက်တော့ ကျနော်က အမှတ် (၄) ခန်းကို ရောက်သွားပါတယ်။ ထောင်ထဲမှ ထုံးစံအတိုင်း နိုင်ငံရေး အမှုအချင်း ချင်း ကြိုဆိုပြီး အားပေးစကားပြောကြတယ်။ အဲသည့်မှာ အဘဦးအုန်းမြင့် (သခင်အုန်းမြင့်-လွတ်လပ်ရေးတိုက်ပွဲဝင်)၊ အဘရဲနီ သက်ဝင်း (ခ) သံမဏိ စိန်လှတို့နဲ့အတူ ကိုမိုးမြင့် (မဆလ ဦးချစ်လှိုင်သား)၊ ကိုမင်းမင်းခန့် (မွန်ကြီး)၊ ကိုဗညား၊ ကိုစည်သူဝင်း (သာကေတ)၊ ကိုဝင်းသူရကြွယ်(နဂါးလေး)၊ ကိုမြင့်ထွန်းအောင် (ပြည်)၊ ကိုခင်အောင် (ပြည်) မျောက်ညို (စမ်းချောင်း) တို့နဲ့ လူကြီးတွေဖြစ်သော ကိုသီဟ (ပြည်)၊ ကိုအေးကြည် (မြောက်ဥက္ကလာ )၊ ဦးအောင်ရွှေ (အရေးတော်ပုံပါတီ)၊ ကိုညီမွှေးတို့နှင့်တကွ နိုင်ငံရေးအကျဉ်းသားများစွာ တွေ့ ရပါတော့တယ်။ (ကျနော့်ဘ၀အတွက် အဖိုးတန်လှတဲ့ ဘဝအတွေ့အကြုံတွေ၊ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းချိန်သမိုင်း၊ ဖဆပလ ခေတ်သမိုင်းတွေကို ထဲထဲဝင်ဝင်သိရှိခဲ့ရတဲ့၊ နိုင်ငံရေးကို ပိုမိုနားလည် လာအောင် ဘဝနဲ့ရင်းပြီး သင်ကြားခဲ့ရတဲ့ အင်းစိန်ထောင်ကျောင်းရဲ့ အမှတ် (၃) ဆောင်ပါ။)

အခုကျနော်ဖြတ်သန်းရသည်များကို ထောင်သွင်းအကျဉ်းချတဲ့ ဆရာတော်ဘုရားကြီးများ ဖြတ်သန်းရမှာ မလွဲပါ။

ဗုဒ္ဓဘာသာထွန်းကားသော မြန်မာနိုင်ငံမှာ ဖြစ်သင့် ဖြစ်ထိုက်သည်များလား။ ဒီလို သာသနာပိုင်အဆင့် ဆရာတော်များကိုလည်း သံဃာအတုတွေ အယောင်ဆောင် တွေပါလို့ ပြန်ချေပဦးမှာလား။

(၂)

တိပိဋကဓရ ဆရာတော်ကြီး အရှင်သုမင်္ဂလာလင်္ကာရထံ ဦးအံ့မောင် လျောက်ထားချက်

ဦးခင်ညွှန့်က “ကျနော်မသိပါဘူး ဒီကိစ္စကို သူတို့တွေ စီစဉ်ပြီးမှ သိလိုက်ရတာပါ” ဆိုတဲ့ စကားတွေနှင့်တော့ မြန်မာပြည်သူတွေကို မရှင်းလေနဲ့။ ဦးခင်ညွှန် အတွက် နောက်ထပ်အချက်လက်ရှိပါသည်။ သာသနာရေးညွန်ကြားရေးမှူးချုပ် ဦးအံ့မောင်ကိုယ်တိုင် တိပိဋကဓရ ဆရာတော်ကြီး အရှင်သု မင်္ဂလာလင်္ကာရ ကိုလျှောက်တင်တုန်းက”အရှင်ဘုရား လက်မှတ်ထိုးပြီး သပိတ်ကို ပြန်လှန်ပေး တော်မူပါ တပည့်တော်မှာ ရွေးချယ်စရာ လမ်းမရှိတော့ ပါဘူးဘုရား။ ဒီကိစ္စကို ဗိုလ်ချုပ်ခင်ညွှန်ကိုယ်တိုင် ကိုင်နေတာ တပည့်တော် အနေနှင့် တာဝန်ပေးလာလို့ အရှင်ဘုရားကို ဖမ်းရတော့ပါမယ် ဘုရား” လို့ လျှောက်တော့ တိပိဋကဓရ ဆရာတော်ကြီး အရှင်သုမင်္ဂလာ လင်္ကာရ မှပြန်ပြီးမိန့်တော်မူတာက-

” အံ့မောင် ငါဝိနည်းကို ဖျက်တာမဟုတ်ဘူး ၀ိနည်းနှင့် အညီလုပ်တာ၊ အမျိုးသာသာ သာသနာအတွက် ငါ့အနေနှင့်အလျှော့မပေးနိုင်ဘူး မင်းလုပ်ရမယ့် မင်းအလုပ်ကို မင်းဆက်သာလုပ်ပါ” လို့သာ သာသနာ့ အာဇာနည်ဆရာတော်ဘုရားကြီး မိန့်ခဲ့တာပါ။ ဒီစကားတွေကို ကျနော်ပြန်သိရတာလည်း အံ့သြ မနေပါနဲ့။ ဦးအံ့မောင်နောက်မှာ ရုံးကိစ္စတွေ ကူလုပ်ပေးရတဲ့ သံဃာတွေရှိပါတယ်။ ဒီသံဃာတွေလည်း ဒီလို လျှို့ဝှက်ချက်တွေ အပြင်ကို ပေါက်ကြားလို့ ဆိုပြီး ထောင်ချလိုက်တာ အင်းစိန်ထောင် အမှတ်(၅) ဆောင်မှာ သီတင်းသုံးရတယ်။

ဦးအံမောင်ကိုယ်တိုင်ကလည်း ဘုန်းကြီးလူထွက်ဖြစ်ပြီး သူ့ရုံးခန်းမှာ တိပိဋကဓရ ဆရာတော်ကြီး ငါးပါးရဲ့ပုံတော်တွေ ချိတ်ထားပြီး နေ့စဉ်ကြည်ညိုနေ တဲ့ လူတယောက်ဖြစ်သည့်အပြင် ဖမ်းဆီးရမယ့် တိပိဋကဓရ ဆရာတော်ကြီး အရှင်သုမင်္ဂလာလင်္ကာရနှင့် ငယ်သူ ငယ်ချင်းလည်းဖြစ်တယ်လို့ သိရ တယ်။ ဒီလောက်ဆိုရင်တော့ ဦးခင်ညွှန့် မှတ်မိလောက်မယ် ထင်ပါရဲ့။ ခေါ်လိုက်ပါ သာဓု သာဓု သာဓု လို့ သုံးကြိမ်တိတိ ခေါ်လိုက်ပါ။

တိပိဋကဓရ ဆရာတော်ကြီး အရှင်သုမင်္ဂလာလင်္ကာရ မြစ်ကြီးနားထောင်မှာ ၉ နှစ်လောက် အကျဉ်းချခံသီတင်းသုံးရပြီးနောက် ပြန်လွတ် လာပြီး မကြာ ခင်မှာ ပျံလွန်တော်မူရှာလေသည်။

(ဆရာတော်ကြီးအား ကျနော်မှားယွင်းပြီး သာသနာပိုင်ဆရာတော်ကြီးလို့ သုံးဆွဲထားမိပါသည်။ ခွင့်လွှတ်ပါရန်)

ထောင်တွင်း စိတ်ဓါတ်စစ်ဆင်ရေး

ထောင်တွင်း စိတ်ဓါတ် စစ်ဆင်ရေးအကြောင်းက ချန်ထားလို့ လုံးဝမဖြစ်ပါ။ ကျနော့်မှာ တာဝန်ကြီးပါသည်။ ကျနော်တို့တွေကို ထောင်ထဲမှာ အကျဉ်းချ ထားစဉ် အချိန်ကာလတွင်။ စစ်ထောက်လှမ်း အကြီးကဲဗိုလ်ချုပ်ခင်ညွှန့်သည် စိတ်ဓါတ် စစ်ဆင်ရေးဖြင့် အတိုက်အခံများ အပေါ် ထိုးနှက်တိုက်ခိုက် ဖြို ခွင်းလေ့ရှိသည်ကို ကျနော်တို့တွေ လေ့လာသိရှိကြသည်။ စစ်ထောက်လှမ်းရေးများသည် တပ်ဆွယ်တခု ထိုင်ပြီး အင်းစိန်ထောင် အုပ်ချုပ်ရေးတွင် နိုင်ငံရေး အကျဉ်းသားများနှင့် ပတ်သက်သော ကိစ္စရပ်များတွင် တိုက်ရိုက်ကွပ်ကဲသည်။

ကျနော်တို့မှာ ခိုင်လုံသော သက်သေပြချက်များ ရှိသည်။ အကျဉ်းသားများ အချင်းချင်းကြားတွင် သတင်းပေးများဖြင့် ကျနော်တို့၏ နိုင်ငံရေး အမြင်များ အား အမြဲကောက်ခံနေသည်ကို ကျနော်တို့ တွေ့ရှိရသည်။ ကျနော်တို့ကို ခင်ခင်မင်မင် လာရောက် ရောနှောပေါင်းသင်း သည့် စပိုင်အကျဉ်းသားက ” အခုနေ လွတ်ပေးလိုက်ရင် ဘာတွေလုပ်ကြမလဲ” ဆိုတာမျိုးတွေ၊ “အခုညီလာခံကြီးခေါ်နေပြီ ဘယ်လို သဘောရလဲ” “အကုန်လုံးအေးချမ်းတော့မှာ” “အကုန်လွှတ်ပေးတော့မှာ” “နိုင်ငံရေးက ပြီးတော့မှာပါ” ဆိုတဲ့ မေးခွန်းလိုလို၊ သတင်းလိုလိုဟာမျိုးတွေနဲ့ ၀ါဒဖြန့်သတင်းတွေယူလာပြီး ကျနော်တို့ထံ မှာ စနည်းနာ ၀ါဒဖြန့်သည်။ ကျနော်တို့၏ အခြေအနေများကို အမြဲထောက်လှမ်းနေသည်။

ဒီလိုထောက်လှမ်းနေလို့လည်း န၀တ ညီလာခံကြီးစမည့် အကြိုကာလတွင် အင်းစိန်ထောင်တွင် စံပြအနေဖြင့် ကိုညီမွှေး၊ ကိုသန်းဆွေ၊ ကိုအောင်ရွှေ၊ ကိုသီဟ၊ ကိုခင်အောင်၊ ကိုမြင့်ထွန်းအောင်၊ ကိုဖိုးတုတ်၊ ကိုတင်ထွန်း၊ ကိုအောင်ထွန်း၊ ကိုမျိုးထွန်း နှင့် ကျနော်အပါဝင် နောက်ထပ် အမည်မေ့နေသူ တဦးတို့အား ညသန်းခေါင်အချိန်တွင် အိပ်ဆောင်မှ ခေါင်းစွပ်များဖြင့် ခေါ်ထုက်ကာ စစ်ခွေးတိုက်ကို ည တွင်းချင်းပို့ပြီး အကြောင်းပြချက်မရှိ အပြစ် ဒဏ်ကျ အကျဉ်းသားအဖြစ်ချုပ်နှောင် အပြစ်ပေးသည်ကို နောက်ပိုင်းတွင် ကြုံတွေ့ခဲ့ ရသည်။

ဒီတော့ ဒီလိုကိစ္စတွေကို စစ်ထောက်လှမ်းရေးတွေ ကိုင်နေတာကို ကျနော်တို့ ကိုယ်တိုင်ခံစားရတဲ့ ကိုယ့်တွေ့တွေအရသိသလို အကျဉ်း ဦးစီးဝန် ထမ်းတွေမှ ပြန်ပြီးရင်ဖွင့်တာတွေ ထွက်လာပါတယ်။ စစ်ထောက်လှမ်းရေးတွေ ၀င်တဲ့ရက်တွေဆိုရင် ထောင်ဝန်ထမ်းတွေက ထောင်ထဲ ပစ္စည်းခိုးသွင်း လို့မရပါဘူး။ အဲဒါကို လမ်းကြောင်းပိတ်တယ်လို့ ခေါ်သည်။ အင်းစိန်ထောင်မှာ “နိုင်ငံတော်” လို့ခေါ်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို လူတိုင်းမျှော်ပါသည်။

မှောင်ရိပ်ခိုမှုနှင့် ကျလာတဲ့ ထောင်သုံးလ ကျသူလည်း နိုင်ငံတော်ကို မျှော်သည်။ ဒီလို မျှော်အောင်လည်း ၀န်ထမ်းတွေ အကျဉ်းသားအုပ်ချုပ်သူတွေထံ မှာ ကောလဟာလတွေ ဖြန့်တယ်ဗျ။ အဲဒီကောလဟာလတွေက “ဂေါ်နိုက်စာရင်းတွေ တောင်းနေပြီ” “ထောက်လှမ်ရေးတွေက အပြင်မှာ ခန်းမတခုပြင် ဆင်နေပြီ” “လွတ်မယ့်အကျဉ်းသား မိသားစုကို ဆက်သွယ်ဖို့ အိမ်လိပ်စာတွေ စစ်နေပြီ” “ဘယ်နေ့အတွက် လွှတ်မယ်” “ဘယ်အစည်းအဝေး အတွက် လွှတ်မယ်” စသည်ဖြင့် သတင်းပေါင်းစုံကို ကြားနေရတယ်။

ဒါတွေကို ကျနော်တို့ လုံးဝ ခေါင်းထဲ မထည့်ပေမယ့် ရိုးရိုးသားသားနင့် ယုံကြည်သူတွေတော့ ရှိသည်။ မိုးလင်းလို့ အိပ်ဆောင်ထချိန်မှာ အိပ်တဲ့နေရာက ထမလာတော့တဲ့ သူအချို့ အတွက် ကြားနေကြစကားအချို့က “လွတ်ကြောင်” (လွတ်ငြိမ်းချမ်းသားခွင့်ကိုမျော်သူ) ဖြစ်နေတာကြာပြီပဲတဲ့။ ဟုတ်ကဲ့ အင်းစိန်ထောင်က တကယ့် ဖြစ်ရပ်တွေပါ။

စိတ်ဓါတ်ဆင်ရေးနဲ့ ကိုရင်တင်မောင်

ကိုရင်လေးတပါးဟာ သက်တော်လည်းငယ် နယ်ဝေးကလည်း ဖြစ်ဆိုတော့ သူ့ခမြာ လွတ်ချင်ရှာလွန်းတော့  နိုင်ငံတော် မျှော်နေပါတယ်။ ကိုရင်လေး တင်မောင်က ရခိုင်မှ ကိုရင်လေး တပါးဖြစ်ပြီး၊ မျိုးချစ်စိတ်လည်း အင်မတန်မှ ပြင်းပြတော်မူတဲ့ ကိုရင်လေးပါ။ ရခိုင်လူမျိုးတွေ ရာဇ၀တ်မှုနဲ့ ထောင်ကျ လာသူများကိုပင် ကူညီပံ့ပိုးသူဖြစ်ပါတယ်။

နိုင်ငံတော်သတင်းများကြားရင်ဖြင့် အဲသည့် သတင်း ဟုတ်မဟုတ်၊ လိုက်မေးရ၊ သတင်းပါတ်သက်ပြီး သူ့ထင်မြင်ယူဆချက်တွေ လိုက် ပြောရ၊ သတင်း အပေါ် မျှော်လင့်ချက်တွေ ထားရနဲ့ မမောနိုင် မပန်းနိုင် လိုက်ပြောနေတဲ့ ကိုရင်လေး တင်မောင်ကို ကျနော်တို့တတွေက ဒါတွေကို စိတ်ထဲမှာ မထားဖို့၊ သက်သက်မဲ့ ကျနော်တို့တတွေကို မျှောင်လင့်ချက်တွေဖြစ်အောင်လုပ်ပြီး ဒုက္ခပေးနေတာမျိုးဖြစ်ကြောင်းသူနားလည်လွယ်နိုင်မယ့် စကားတွေနဲ့ ရှင်းပြ ပါတယ်။ ဒါပေမယ့်လည်း  သူကတော့ လွတ်ချင်စိတ်ကြောင့် ကျနော်တို့ ပြောတာကို မယုံကြည်ချင်ဘူး။ သူ့စိတ်က လက်မခံချင်ဘူး ဆိုပါတော့ဗျာ။

ကျနော်တို့ လျှောက်တင်တုန်းသာ အင်း… အင်း လုပ်လိုက်ပေမယ့် စိတ်ထဲမှာတော့ အဲသည့် အဆိပ်အတောက် ဝါဒဖြန့်မှုတွေကို အယုံကြီးယုံပြီး အမျှော်ကြီးကို မျှော်နေပါတော့တယ်။ လွတ်လပ်ရေးနေ့လား၊ ပြည်ထောင်စုနေ့လား၊ သင်္ကြန်ပြီးရင်ပဲလွှတ်တော့မလိုလို၊ ဒီတခါ သတင်းကျွတ် က နောက်ဆုံးပဲဆိုတာမျိုး၊ နှစ်သစ်ကူးရင် ထွက်ရတော့မယ်…စတဲ့ ဦးခင်ညွန့်ရဲ့ စိတ်ဓါတ်စိတ်ဆင်ရေး ဝဲဂယက် ညွှတ်ကွင်းထဲမှာ ကိုရင်လေးခမြာ စိတ်ရောကိုယ်ပါ လိုက်ပါ ကူးခတ်ရင်းနဲ့ အချိန်တွေကြာလာတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်လာပါတော့တယ်။

သိတဲ့အတိုင်းပဲ ထောင်မှာဆိုတာက  ရောဂါဘယလည်း အင်မတန်မှ ထူပြောတဲ့အပြင် ကျွေးတဲ့ အစာအစားကလည်း တိရစ္ဆာန်တောင် မစားချင်တဲ့ဟာ မျိုးဆိုတော့ အဟာရရှိဖို့ ဆိုတာ ဝေလာဝေးပေါ့။ ကူးစက်ရောဂါတွေကလည်း ထောင်တွင်းလေထုထဲမှာ မမြင်ရရုံ တမယ်ပဲရှိတော့တယ်။  ထောင်ဆရာ ၀န်ပြဖို့ဆိုတာ ကျနော်တို့ နိုင်ငံရေးအမှုတွေအတွက် မစဉ်းစားချင်တဲ့ ကိစ္စပါ။ နောက်မှ ထောင် ဆေးဝါးကုသပုံကို အသေးစိတ်ပြောအုန်းပါမယ်။ ကိုရင် တင်မောင် ကိစ္စပြန်ဆက်ရအောင်။

ဒီလိုနဲ့  အခါကြီးရက်ကြီးတွေဆို နိုင်ငံတော်မျှော်တဲ့ ကိုရင်လေးတင်မောင်ဟာ စိတ်ထောင်းပြီး တရှောင်ရှောင်ဖြစ်လာပါတော့တယ်။ ကျနော်တို့လည်း မကြာခဏ ဖြောင်းဖြောင်းဖြဖြ လျှောက်ကြပေမယ့်  သူ့စိတ်တွင်းကို ချေဖျက်ပေးနိုင်တဲ့ အနေထားကိုရောက်မလာ ပါဘူး။ ဆရာတော်ကြီးတွေလည်း မိန့်တော်မူတယ်။ သို့ပေမယ့်လည်း နောက်ပိုင်းမှာတော့ ကိုရင်တင်မောင်တပါး ချုချာလွန်းမက ချုချာလာတော့ ထောင်ဆေးရုံကို ရောက်သွားပါတော့ တယ်။

ထောင်ဆေးရုံရောက်ပြီး သိပ်မကြာပါဘူး ကိုရင်လေးတင်မောင် ပျံလွန်တော်မူရှာလေတယ်။ စာဖတ်သူတို့တော့ ဘယ်လိုခံစားရမလဲ မသိဘူး။

ကျနော်တော့ အခုချိန်ထိ အသည်းနာတယ်။  အဲဒီအချိန်တုန်းကလည်း တော်တော်နာတယ်။ လူတွေကို ထောင်ချ၊ ခန္ဓာကိုယ် တွေကို နှိပ်စက်ညှင်းပမ်း ရုံမကဘူး၊  စိတ်တွေကိုပါ ညှင်းစဲပြီး သတ်ဖြတ်တတ်တဲ့ သူတို့ စစ်ထောက်လှမ်းရေးဆိုတဲ့ အဖွဲ့အစည်းကို ပြောစရာစကား၊ သုံးစရာ စကားလုံး မရှိတော့ ဘူး။

ကိုရင်တင်မောင်ကိစ္စ ဘာသာရေးအရကြည့်ရင် ကံကုန်လို့ ပျံလွန်တော်မူရှာတာ ဖြေလို့ရပေမယ့်လည်း ရိုးသားတဲ့ ကိုရင်လေးတပါး စစ်ထောက်လှမ်း လို အဖွဲ့အစည်းရဲ့ ယုတ်မာတဲ့ စိတ်ဓါတ်စစ်ဆင်ရေးကြောင့် စိတ်ထောင်းလို့ ကိုယ်ကျေဖြစ်ပြီး ပျံလွန်တော်မူရတာကို ကျနော် စာဖတ်သူတို့ မြင်ရအောင် မရေးပြတတ်ဘူး။

(ကိုရင်တင်မောင် ပျံလွန်တော်မူသည့် ရက်လကို အတိကျဖေါ်ပြနိုင်အောင် အမှတ်မရသည့်ကျနော်ကို ခွင့်လွှတ်ပါ)

ကျနော်သိတာ ရိုးသားတဲ့ ရခိုင်ကိုရင်လေးတပါး လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ သတင်းလိမ်တွေကို မျှော်လင့်ပြီး ဘကြီးအောင် ညာတယ် ဆိုတဲ့ ပုံပြင်ထဲ ကလို မျှော်လင့်ချက်ကလေးအတိုင်း ဖြစ်မလာတော့ တိမ်းပါးသွားရတာပါပဲ။ တကယ်တော့ အဲဒီအချိန်ဟာ မြန်မာနိုင်ငံတခုလုံး ဗိုလ်ချုပ်ခင်ညွှန့်ရဲ့  ထိန်း ချုပ်မှုအောက်မှာ ပြားပြားဝပ်နေတဲ့ (ငြိမ်ဝပ်ပိပြားရေးခေတ်)  ၁၉၉၂- ၁၉၉၃ ခုနှစ်အချိန်ပါပဲ။ ၁၉၉၃ ခုနှစ်မှာ သဘောထားရေးရာ အရမေးခွန်းတွေ စစ်ထောက်လှမ်းရေးက မေးပြီးလက်မှတ်ခံဝန်ထိုးကာ အချို့ကိုတော့ လွှတ်ပေး တာရှိပါတယ်။

ကိုရင်တင်မောင် တပါးမှာတော့ဖြင့် သူချစ်လှတဲ့ ရခိုင်လူမျိုးများ၊ သူချစ်လှတဲ့ ဆရာတော်ကြီးတွေနဲ့ ကျနော်တို့ကို အပြီးပိုင်စွန့်ခွာ သွားလေပြီ။

ဘုရားဟောအတိုင်း မင်းဆိုးမင်းညစ်ကို သံဃာကံဆောင်တော်မူသည့် ဘုရားသားတော် ကိုရင်လေး တင်မောင် အတွက် ဂုဏ်ယူလိုက် ပါသည်။

ဦးခင်ညွှန့်ကို သင်ပုန်းချေမှု မချေမှုနဲ့ ကျနော်တင်ပြတာတွေနှင့် မဆိုင်ပါဘူး။ သင်ပုန်းချေနိုင်သူကို မအံ့သြသလို မကျေနပ်သူကိုလည်း အပြစ်မတင်ပါ။ သို့သော် သမိုင်းမှာ ရှိခဲ့တဲ့ ဖြစ်ရပ်မှန်များကို ဖုန်းကွယ်ထားပြီး လက်ချင်းချိတ်ရမည်ဆိုသည့် မည်သည့်လူမျိုး၏ စိတ်ထားကိုမှ မျှတသည်ဟု ကျနော် မမြင်ပါ။ သန်း(၅၀)ကျော် ပြည်သူတွေ၏ မျက်ရည်၊ သားပျောက်အမေ သားပျောက်အဖေတို့၏ ပူဆွေး သောကမီးတွေ။ အမေ အဖေပျောက်တဲ့ သား သမီးတွေ၊ ရဟန်း မယ်တော် ခမည်းတော်တွေ၏  ဆုံးရှုံးမှုတွေကိုတော့ စကားလုံးလှလှ ပြောတက်တဲ့ ပါးစပ်ကစကားလုံးတွေနှင့်အလွဲသုံးစား ပျက်ရယ် မပြုကြပါနှင့်လို့ တော့ ပြောလိုက်ချင်ပါရဲ့ဗျာ…..

ရဲမင်းထွန်း

————————————

အချက်အလက်တွေအတွက် အမှတ်သုံးဆောင်မှ ဘွဲ့တော်ဖေါ်ခွင့်မရသည့် သံဃာတော်အရှင်သူမြတ်များ။ အမည်ဖေါ်ခွင့်မရသည့် ညီအကိုတော်များ နှင့်တကွ နိုင်ငံရေးအကျဉ်းသားဟောင်း ဆရာတော်ဦးပညာဇောတ၏ မိန့်တော်မူချက်များ။

ကိုစည်သူဝင်း (နယူးယောက်) တို့အားကျေးဇူးတင်ရှိပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: