နောက်ဆုံးမှာ အားလုံးကို တာဝန်ယူသွားမယ့်အရာ


တကယ်လို့ ရုပ်ရှင်ကင်မရာတစ်လုံးဟာ ကဗျာဆရာရဲ့မျက်လုံးဖြစ် မနေဘူးဆိုရင် အဲဒီရုပ်ရှင် ဇာတ်ကားဟာ ဘယ်လိုမှ ကောင်းလာနိုင်စရာရှိမှာ မဟုတ်ဘူးလို့ ကမ္ဘာ့ရုပ်ရှင် လောက မှာ ပြောလေ့ရှိကြပါတယ်။ ဒါပေမယ့် ရုပ်ရှင်ကင်မရာတွေဟာ ကဗျာဆရာရဲ့ မျက်လုံး ဒါမှ မဟုတ် စာရေးဆရာရဲ့ မျက်လုံး ဖြစ်တာ မဖြစ်တာ အပထားပြီး တစ်ချို့ဒါရိုက်တာတွေကတော့ ရုပ်ရှင်ကို ၀တ္ထုဇာတ်လမ်းထဲကအတိုင်း မဟုတ်ဘဲ ကိုယ့်သဘောနဲ့ ကိုယ်ကောင်းမယ်ထင်သ လို လှည့်ပြောင်းရိုက်လေ့ရှိကြတာကို တွေ့ရပါတယ်။ ရုပ်ရှင်ကောင်း မကောင်းဆိုတာကတော့ ပရိသတ် ကြိုက်တယ် မကြိုက်ဘူးဆိုတဲ့အပေါ် မူတည်သွားမှာပါပဲ။

တစ်နည်းအားဖြင့် အော်စကာ ရ မရ အမြတ်ငွေ များများကျန် မကျန် ဆိုတဲ့အပေါ်ကြည့်ပြီး အဲဒီဝတ္ထုကိုရိုက်တဲ့ ရုပ်ရှင်ဇာတ်ကား အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာကို ဆုံးဖြတ် မယ်ဆိုရင်လည်း မှားနိုင်မယ် မထင်ပါဘူး။ မူရင်းဝတ္ထုမကောင်းရင်တော့ ရုပ်ရှင်လည်း ဘယ် လိုမှ ကောင်းလာနိုင်မှာ မဟုတ်ပါဘူး။

တစ်ခါကတော့ ပူလစ်ဇာ (Pulitzer Prize) ဆုရဲတဲ့ ၀တ္ထုတစ် ပုဒ်ကို မူရင်းဝတ္ထုနာမည်နဲ့ပဲ ရုပ်ရှင် နှစ်ခါပြန် ရိုက်ကြရာမှာ တစ်ကားက အရမ်းအောင်မြင်သွားပြီး တစ်ကားကတော့ ခွက် ခွက်လန်အောင် ရှုံးသွားပါတယ်။ အဲဒီဝတ္ထုကတော့ ၁၉၄၆ ခုနှစ်မှာ ‘ရော့ဘတ်ပင်းဝါးရင်း’ (Robert Penn Warren) ရေးတဲ့ (All the King’s Men) ဆိုတဲ့ ၀တ္ထုပါပဲ။ အဲဒီဝတ္ထုကို ၁၉၄၉ ခုနှစ်မှာ အဖြူ အမည်း ရုပ်ရှင်အဖြစ် ဖန်တီးလိုက်တဲ့အခါ ဇာတ်ကား မင်းသားနဲ့ ဇာတ်ပို့မင်းသမီး အော်စကာ သုံးဆု ရသွားပါတယ်။

၂၀၀၆ ခုနှစ် ရုပ်ရှင်လောက ထိတ်ထိတ်ကြဲ မင်းသား မင်းသမီးတွေဖြစ်ကြတဲ့ ‘ရွှန်းပင်း’ (Sean Penn) တို့ ‘ကိတ်ဝင်းဇလက်’ (Kate Winslet) တို့နဲ့ ဒုတိယအကြိမ် ပြန်လည်ရိုက်ကူးခဲ့တဲ့ ဆေးရောင်စုံ ဇာတ်ကားကျတော့ ဒေါ်လာ ၅၅ သန်း အကုန်ကျခံ ရိုက်ကူးခဲ့တာ ဒေါ်လာ ၉ သန်းပဲ ပြန်ရခဲ့ပါတယ်။ ဘာကြောင့် အဲဒီလိုဖြစ်ရတာလည်း ဆိုတာကို ပြန်သုံးသပ်ကြည့် လိုက်တော့ ဒုတိယ ကားဟာ နိုင်ငံရေးအမြင် လုံးဝမရှိလို့ ဖြစ်တယ်ဆိုတာကို တွေ့ကြရ ပါတယ်။ ၀တ္ထုထဲက အင်မတန်မှထူးခြားတဲ့ ဒဿနတွေ၊ နိုင်ငံရေး အမြင်တွေ၊ ယဉ်ကျေးမှုအမြင်တွေကို ရုပ်ရှင်ထဲ ယူမလာနိုင်ခဲ့ပါဘူး။ ဒါ့ ကြောင့် အဲဒီ ဒုတိယဇာတ်ကား မအောင်မြင်ရတာ ဖြစ်ပါတယ်။

ကိုယ်ကတော့ အဲဒီအချက်တွေကို မသိပါဘူး။ ရုပ်ရှင်ဇာတ်ကားရဲ့ နာမည်ကိုကြည့်ပြီး ‘ဟိုနေရာကြည့်လိုက်လည်း ဒီလူတွေ၊ ဒီနေရာကြည့်လိုက်လည်း ဒီလူတွေ၊ တမိုးလုံး ဖျောက်ဆိပ်ဆိုသလို နေရာတကာတိုင်းမှာ ဘုရင့်လူတွေချည်းပဲ ဖြစ်နေတဲ့အကြောင်း’ကို ရုပ်ပြထားတယ် ထင်လို့ ၁၉၄၉ ခုနှစ်ထုတ် ရုပ်ရှင်ခွေကို ၀တ္ထုစာအုပ်နဲ့အတူ ၀ယ်လာခဲ့တာပါ။ ပြီးတော့ ဟိုနည်းနည်း ဒီနည်းနည်း လိုက်ရှာကြည့်လိုက်တဲ့အခါ ၀တ္ထုနာမည်က (Humpty Dump ty) ဆိုတဲ့ ကလေးချော့သီချင်းတစ်ပုဒ်ထဲက စာသားတစ်ခုကို ယူထားမှန်း သိလိုက်ရတော့ ပိုစိတ်ဝင်စားသွားတယ်။

ဒါ့ကြောင့် ရုပ်ရှင်ကြည့်ပြီးတဲ့နောက် စာရေးဆရာအကြောင်းနဲ့ ၀တ္ထုဖြစ်ပေါ်လာ ပုံအကြောင်းတွေကို လိုက်ရှာကြည့်မိပြန်ပါတယ်။

မူရင်းဝတ္ထုကို ရေးခဲ့တဲ့စာရေး ဆရာဟာ ၁၉၄၇ ခုနှစ်မှာ ဒီဝတ္ထုနဲ့ ပူလစ်ဇာဆုကိုရပြီး ၁၉၅၈ နဲ့ ၁၉၇၉ ခုနှစ်တွေမှာ ကဗျာနဲ့ ပူလစ်ဇာဆုကို နှစ်ကြိမ် ထပ်ရခဲ့ပါတယ်။ ၀တ္ထုရော ကဗျာရော နှစ်မျိုးစလုံးမှာ ပူလစ်ဇာ ဆုရတဲ့လူဆိုလို့လည်း ခုချိန်ထိသူ တစ်ယောက်တည်းပဲ ရှိသေးတာပါ။ နောက်ပြီး ၁၉၂၃ ခုနှစ်ကနေ ဒီကနေ့အထိ ထွက်ရှိသမျှ ၀တ္ထုတွေထဲက အကောင်းဆုံးဝတ္ထု ၁၀၀ အဖြစ် တိုင်းမဂ္ဂဇင်း (Time Magazine) က ရွေးခြယ်သတ်မှတ်ထားတဲ့ စာရင်းထဲမှာ ဒီဝတ္ထုပါနေတယ်ဆိုတာကိုလည်း တွေ့ရပါတယ်။

ဝတ္ထုရေးတဲ့အခါ တစ်ချို့စာ ရေးဆရာကြီးတွေဟာ သူတို့အနီး အနားပတ်ဝန်းကျင်က လူတွေကို ကြည့်ပြီး ရေးလေ့ရှိကြပါတယ်။ စာရေးဆရာကြီး လီယိုတောလ်စတွိုင်း (Leo Tolstoy)ဆိုရင် စစ်နဲ့ ငြိမ်းချမ်းရေး ထဲက’နာတာရှာ’ကို သူ့အဖွားငယ်စဉ်တုန်းက ပုံဏ္ဌာန်ကို မှန်းဆပြီး ဈာန်ဝင်စာ ရေးခဲ့ တာပါ။ အလားတူ တစ်ချို့စာရေးဆရာတွေလည်း သူတို့ဝတ္ထုထဲက အဓိကဇာတ်ကောင်တစ်ယောက် ဒါမှမဟုတ် အဓိကဇာတ်ကောင်ရော သာမန် ဇာတ်ကောင်တွေကိုပါ အပြင်မှာ တကယ်ရှိနေတဲ့ လူတွေကိုကြည့်ပြီး ဖန်ဆင်းကြပါတယ်။ သူသာဆို ဒီနေရာမှာ ဒီလိုများ တွေးလိုက်လေ မလားဆိုပြီး သူတွေးသလို လိုက်တွေး ကြည့်ပြီး ရေးကြတာပါ။ ဒီလိုဝတ္ထု မျိုးကို ပြင်သစ်လို ‘ရိုမာနာကလေး’ (roman a clef) (novel with a key) လို့ခေါ်ပြီး အခုဒီဝတ္ထုဟာ အဲဒီလို ၀တ္ထုအမျိုးအစားပါပဲ။

စာရေးဆရာဟာ အမေရိကန် နိုင်ငံတောင်ပိုင်းက ‘လူယီဇယမ်းနား ပြည်နယ် တက္ကသိုလ်’ (Lousiana State University)မှာ ကျောင်းဆရာ လုပ်ခဲ့ဖူး ပါတယ်။ အဲဒီအချိန်က အဲဒီပြည်နယ်မှာ အင်မတန်မှထင်ရှားပြီး သြဇာတိက္ကမနဲ့ ပြည့်စုံတဲ့ နိုင်ငံရေးသမားတစ်ယောက် ရှိခဲ့ပါတယ်။ သူ့နာမည်က ‘ဟွေလောင်း’ (Huey Long) ဖြစ်ပြီး ၁၉၂၈ ခုနှစ်ကနေ ၁၉၃၂ ခုနှစ်အထိ ပြည်နယ် အုပ်ချုပ်ရေးမှူး၊ ၁၉၃၂ ခုနှစ်ကနေ ၁၉၃၅ ခုနှစ် ကွယ်လွန်ချိန်ထိ လူယီဇယမ်းနားပြည်နယ် အထက်လွှတ်တော် အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာပါ။ စာရေးဆရာဟာ အထက် လွှတ်တော်အမတ် ‘ဟွေလောင်း’ နဲ့ ပြည်နယ် မြို့တော်ဖြစ်တဲ့ ‘ဘတ်တွန်ရုရှ်’ (Baton Rouge) မှာတစ်နှစ်ကြာ  အတူနေခဲ့ဖူးပါတယ်။ စာရေးဆရာဟာ ‘ဟွေ လောင်း’ကို ဈာန်ဝင်စားပြီး ဒီ (All the King’s Men) ၀တ္ထုကို ရေးခဲ့တာဖြစ်ကြောင်းကိုလည်း ၀န်ခံခဲ့ပါတယ်။


နိုင်ငံရေးမှာ စေတနာနဲ့ မှားတာကို ပြည်သူကခွင့်လွှတ်ကြမှာ ဖြစ်ပေမယ့် မရိုးသားတာကိုတော့ ဘယ်သူမှ လက်သင့်ခံကြမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် လူဟာရိုးသားဖို့ အရင်လိုပါတယ်။ ဘယ်တော့မဆို စိတ်ထဲမှာလည်း အမြဲသန့်နေဖို့ လိုပါတယ်။


၁၉၄၉ခုနှစ်ထုတ် အဖြူအမည်း  ရုပ်ရှင်ကားထဲကအဓိကဇာတ်ကောင် ‘၀ီလီ စတတ်’ (Willie Stark) ဟာ တကယ့်တောသား လူရိုးကြီးဖြစ်ပါတယ်။ မြို့တက်ပြီး ပြည်နယ်ဘဏ္ဍာရေးမှူးနေရာ ၀င်အရွေးခံပါတယ်။ ကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်နေပေမယ့် သူများဆင်တဲ့ အကွက်ထဲ ရောက်နေပြီး မနိုင်နိုင်တော့ဘူးဆိုတာ သိလိုက်ရတဲ့အခါမှာ သိပ်စိတ်ညစ်သွားပါတယ်။ ဒါ့ကြောင့် တစ်ခါမှမသောက်ဖူးတဲ့ အရက်တွေမူးအောင် သောက်ပြီး အိပ်ပျော် သွားပါတယ်။ နောက်တစ်နေ့ မနက်ရောက်တော့ အိပ်ရာက မထနိုင်တော့ပါဘူး။ ဒါ့ကြောင့် ဟောပြောပွဲအသွားမှာ အရက်နာကျနေလို့အရက်ကို ကော်ဖီ နဲ့ရောပြီး ပြန်သောက်ရပါသေးတယ်။ စင်ပေါ်ရောက်တော့ သူမူးနေတယ်ဆိုတာကို ရိပ်မိတဲ့လူက ရိပ်မိနေကြပါပြီ။

မနေ့က တစ်နေ့လုံးကျက်ပြီး မှတ်ထားခဲ့ တဲ့ မှတ်စုစာရွက်တွေလည်း ဘယ်ဆီရောက်ကုန်မှန်းမသိ တော့ပါဘူး။

ဒါ့ကြောင့် မိန့်ခွန်းကို လက်တန်းပြောရပါတယ်-”ခင်ဗျားတို့ ဒူးခေါင်းတွေကို ငုံ့ကြည့်လိုက်စမ်းပါ။ ဘောင်းဘီတွေက အပေါက်တွေနဲ့ မဟုတ်လား။ ပေါက် မှာပေါ့ဗျ၊ ခင်ဗျားတို့က တောသား ကျောမွဲတွေပဲ၊ ကျုပ်လည်း တောသားပဲ၊ ငယ်ငယ်တုန်းက မိုးမလင်းခင် အိပ်ရာထ၊ ဘာမှကောင်း ကောင်းကန်းကန်း စားမသွားရဘဲ ခြောက်မိုင်လမ်းလျှောက်ပြီး ကျောင်းတက်ခဲ့ရတာ။ အခုလည်း ဘာဘွဲ့မှမရဘူး။ ခင်ဗျားတို့ ကလေးတွေလည်း ကျုပ်လိုပဲ ဘာဘွဲ့မှ ရမှာ မဟုတ်ဘူး။ ဒါ့ကြောင့်ကျုပ်က ကျုပ်လို တောသား ကျောမွဲတွေအတွက် ဒါတွေကို တိုက်ယူရအောင် ဒီနေရာထိ လမ်းလျှောက်လာခဲ့ရတာ။ ပြည်နယ်ရဲ့ လိုအပ်ချက်တွေက ဘာတွေလဲ၊ ဘာညာနဲ့ လျှောက်ပြောမနေကြစမ်းပါနဲ့ဗျာ၊ ရှည်ပါတယ်။ ခင်ဗျားတို့ တောသားတွေရဲ့ လိုအပ်ချက်တွေဟာ ပြည်နယ်ရဲ့ လိုအပ်ချက်တွေပဲ။ တစ်နည်းအားဖြင့် ဟောဒီက တောသားကြီး ကျုပ်ဝီလီရဲ့ လိုအပ်ချက် တွေပဲ။

ဒီလိုအပ်ချက်တွေကို ခင်ဗျားတို့လို တောသားတွေအတွက် တိုက်ယူပေးဖို့ ဒီနေရာကိုရောက်လာတဲ့ ဒီတောသားငမွဲကို ခင်ဗျားတို့ ကိုယ်တိုင်က ၀ိုင်းမကူ ရင် ကျုပ်ဘယ်လို လုပ်သွားအောင်မြင်နိုင်မတုန်း”လို့ အာဘောင်အာရင်းသန်သန်နဲ့ အော်ပြောပါတယ်။

အဲဒီအချိန်ကစပြီး ၀ီလီ့ကို ဆင်ရဲသားပရိသတ်ကြီးက အသည်းခိုက်သွားခဲ့တာပါပဲ။

အဲဒီအချိန်ထိ ၀ီလီဟာ အင် မတန်ချစ်စရာကောင်းနေပါသေးတယ်။ ရိုးသားတဲ့အသွင်က ပြစ်မျိုးမှည့် မထင်ခဲ့ပါဘူး။ ဒါပေမယ့် နောက် ပိုင်းမှာတော့ ၀ီလီဟာ သူတိုက်ထုတ် လိုက်တဲ့လူတွေလောက်တောင် မရိုးသားနိုင်တဲ့ ဘ၀ကို ရောက်သွားပါတော့တယ်။

ပထမ အေးအတူပူ အမျှ တစ်သက်လုံး ပေါင်း လာခဲ့တဲ့ ဇနီးသည်ကို နယ်မှာခွေထားပြီး သူ့အတွင်းရေးမှူးလည်းဖြစ် မဲဆွယ်စည်းရုံးရေးမှူးဆိုလည်း ဟုတ်တဲ့ ကလေးမလေးနဲ့ ငြိစွန်းပါ တယ်။ သားဖြစ်သူ အရက်မူးမူးနဲ့ ကားလျှောက်မောင်းရာမှာအတူပါသွားပြီး ကားမှောက်လို့သေသွားတဲ့ မိန်းကလေး ရဲ့အဖေကို လူသိရှင်ကြားမဖြစ်အောင် လုပ်ပေးဖို့ အတင်းလာဘ်ထိုးပါတယ်။ မရတော့တဲ့အခါ ကိစ္စတုန်း လက်စဖျောက်ပစ်လိုက်ပါတယ်။

ကားမှောက်လို့ ဦးနှောက် မကြည်မလင်ဖြစ်နေတဲ့သားကို ဘာမှမဖြစ်ကြောင်း လူတွေထင်မြင်လက်ခံလာအောင် အမေရိကန် ရပ်ဘီ (Rugby) ဘော လုံးပွဲထဲကို အတင်း ၀င်ကစား ခိုင်းပါတယ်။ သားကခေါင်းမူးနေလို့ ၀င်မကစားပါရစေနဲ့ ပြောတော့ ပါးရိုက်ပါတယ်။ သားဖြစ်သူခေါင်း မူးမူးနဲ့ ဘောလုံး ၀င်ကစားခဲ့တဲ့အခါ ခိုက်မိပြီး အောက်ပိုင်းသေသွားပါတယ်။ ၀ီလီဟာလက်ထဲမှာလည်း မှတ်စု စာအုပ်အနက်ကလေး အမြဲဆောင်ထားပြီး အဲဒီစာအုပ် ထဲမှာ သူခုတ်ရထစ်ရ ပါးပါးလှီးရမယ့်သူတွေ၊ အကျပ်ကိုင်ရမဲ့လူတွေ၊ ပေါ်ပေါ်ထင်ထင်မျက်နှာပြောင်တိုက်ပြီး ချီးမြှောက်ရမယ့်လူတွေ၊ ရန်ပုံငွေတောင်း ခံရမယ့် သူတွေရဲ့ အမည်စာရင်းတွေကို အမြဲမှတ်နေတော့တာပါပဲ။

ဒါတွေအားလုံး မတော်တဆ ဖြစ်တာ ဘာတစ်ခုမှ မပါပါဘူး။ ပညာမတတ်ပေမယ့် ရိုးသားပြီး ပင်ကိုယ် ကိုယ်စွမ်းကိုယ်စရှိတဲ့ ၀ီလီဟာ ပြည်နယ်အုပ် ချုပ်ရေးမှူး ဖြစ်လာပြီတဲ့နောက်မှာ မရိုးသားတဲ့ အလုပ်မှန်သမျှ အကုန်လုပ်ပါတယ်။ သူအကျပ်ကိုင်လို့ ပြည်နယ်ရှေ့နေချုပ် ဟောင်းကြီးတစ်ဦးလည်း ကိုယ့်ကိုယ်ကို သတ်သေသွားခဲ့ရပါတယ်။ ၀ီလီရဲ့ အတွေးအခေါ် အယူအဆက’လူဟာ သန္ဓေတည်လာကတည်းကိုက ယုတ်ညံ့မှုနဲ့အတူ သန္ဓေတည်လာ ခဲ့တာဖြစ်ပြီး ကြီးပြင်းလာတော့လည်း အကျင့်ပျက် ခြစားမှုတွေနဲ့အတူ လက်တွဲပြီး ကြီးပြင်းလာရတာ ဖြစ်တယ်။

ဒါ့ကြောင့် သေတဲ့အခါမှာလည်း မကောင်းမှုဆိုတဲ့ အင်မတန် နံစော်တဲ့အ၀တ်ကြီးနဲ့ ပတ်ပြီးသေကြရတယ်။ လောကကြီးမှာ ခြောက်ပြစ်ကင်းသဲလဲစင် ဆိုတာ ဘယ်သူမှ မရှိဘူး။ ဘယ်သူမဆို သေသေချာချာကြည့်ရင် အတိတ်တုန်းက သူကျူးလွန်ခဲ့တဲ့ပြစ်မှု တစ်ခုမဟုတ် တစ်ခုကိုတော့ တွေ့ရမှာပဲ’ဆိုတဲ့ ခံယူချက်ဖြစ်ပါတယ်။

လူဆိုတာ အမှားတစ်ခုမဟုတ် တစ်ခုကိုတော့ ကျူးလွန်ခဲ့ရမယ်ဆိုတဲ့ ၀ီလီ့စကားကိုတော့ မှားတယ်လို့ မပြောချင်ပါဘူး။ ဒါပေမယ့် အရေးကြီးတာက အတိတ်တုန်းက ဘယ်လောက်မှားခဲ့မှားခဲ့ ခုချိန်ကစပြီး အမှား ဆက် မလုပ်တော့ဖို့ကသာ အဓိကမဟုတ်လား။ မထူးဇာတ်ခင်းပြီး အမှားတွေ ဆက် လုပ်နေမယ်ဆိုရင်တော့ အဲဒီလူတွေသေတဲ့အခါ သူတို့ကို ပတ်ထားတဲ့ အ၀တ်ကြီးက နံလွန်းလို့ ဘယ်သူမှ အနားကပ်နိုင်ကြမှာ မဟုတ်ပါဘူး။

ဒါ့ကြောင့် ဒီလိုအတွေးအခေါ် အယူအဆမျိုးတွေကို ပရိသတ်က ရှင်းရှင်းလင်းလင်း တွေ့မြင်ဆင်ခြင်လာနိုင်အောင် မီးမောင်း ထိုးပြနိုင်ခဲ့တဲ့ ၁၉၄၉ ခုနှစ် ထုတ် အဖြူအမည်း ရုပ်ရှင်ကားဟာ လျမ်းလျမ်းတောက် အောင်မြင်ခဲ့ တာ ဖြစ်တယ်။ ၀ီလီဟာ သူနိုင်ငံရေးလောကထဲ စ၀င်လာတုန်းကတည်းက သူနဲ့ လက်တွဲလာခဲ့ပြီး သူ့ရဲ့အားအကိုးရဆုံး မိတ်ဆွေသတင်းစာဆရာရဲ့မထိရက်မတို့ရက် အင်မတန်မြတ်နိုးရတဲ့ ငယ်ချစ်ဦးကို လည်း ခြေတော်တင်ခဲ့တယ် ။ နောက်ဆုံး ဒါကိုသိသွားတဲ့ အဲဒီမိန်းကလေးရဲ့ အစ်ကို ဆရာဝန်ဖြစ်သူက ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးကြီးထဲမှာပဲ ၀ီလီကို ခြောက်လုံးပြူးနဲ့ အသေပစ် သတ်လိုက်တာပါ။

အထက်လွှတ်တော်အမတ်ဟွေလောင်းဟာလည်း ၁၉၃၅ ခုနှစ်မှာ ပြည်နယ်တရားသူကြီးရဲ့ သားမတ်ဖြစ်သူ ဆရာဝန်တစ်ဦးရဲ့ လုပ်ကြံသတ်ဖြတ်ခြင်း ကို ပြည်နယ်အုပ်ချုပ် ရေးရုံးကြီးထဲမှာပဲ ခံခဲ့ရတာဖြစ်တယ်။

မူရင်း ကလေးချော့သီချင်း (Humpty Dumpty) ထဲကစာသားက တံတိုင်းပေါ်ကနေ အောက် ကိုပြုတ်ကျသွားတဲ့ အမြောက်ကြီးကို ဘုရင့်မြင်းတွေ ကရော ဘုရင့်လူတွေကရော တံတိုင်းပေါ်ပြန်တင်ပြီး အကောင်း ပကတိအတိုင်းဖြစ်အောင် ပြန်မလုပ်နိုင်ကြတော့ဘူးလို့ ဖြစ်ပါတယ်။ ဒီလိုပါပဲ လူ တစ်ယောက်ဟာလည်း သိက္ခာဆုံးရှုံးသွားရင် အုတ်တံတိုင်းပေါ်က လွတ်ကျသွားတဲ့ ကြက်ဥတစ်လုံးလို ဖြစ်သွားမှာပါပဲ။ ပူလစ်ဇာဆုရ ၀တ္ထုကို ကင်မရာ က ကဗျာဆရာရဲ့မျက်လုံးနဲ့ ရိုက်လိုက်တော့ ကိုယ်လည်း သက်ပြင်းတွေ အကြိမ်ကြိမ်ချ ဖြစ်မိရတော့တာပေါ့။

နိုင်ငံရေးမှာ စေတနာနဲ့ မှားတာကို ပြည်သူက ခွင့်လွှတ်ကြမှာဖြစ်ပေမယ့် မရိုးသားတာကိုတော့ ဘယ်သူမှ လက်သင့်ခံကြမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် လူဟာရိုးသားဖို့ အရင်လိုပါတယ်။ ဘယ်တော့မဆို စိတ်ထဲမှာလည်း အမြဲသန့် နေဖို့လိုပါတယ်။ ရိုးသားသူဟာ ဘယ်တော့မှ မကျဆုံးနိုင်ပါဘူး။

အကြောင်းနဲ့ အကျိုးဆိုတာ လှည်းနဲ့ လှည်းဘီးလို သီခြားစီခွဲထုတ်ထားလို့ မရနိုင်ပါဘူး။ ကောင်းတာလုပ်ရင် ကောင်းတာဖြစ်ပြီး မကောင်းတာ လုပ်ရင် မကောင်းတာဖြစ်မယ်ဆိုတာ ထာဝရအမှန်တရားပါ။ မဟုတ်တာ လုပ်ထားတာကို ဖုံးဖိထားချင်ရင် ခဏတော့ ရနိုင်ပါလိမ့်မယ်။ ထာဝရတော့ မဖြစ်နိုင်ပါ ဘူး။ ဘာ့ကြောင့်လဲဆိုတော့ အချိန်ဟာ တစ်ချိန်ရောက်ရင် အရာအားလုံးကို တာဝန်ယူသွားမှာမို့ပါပဲ။

နီမင်းဆွေ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: