အစိမ်းရောင်ယူနီဖောင်း ဒီမိုကရေစီမှ အ၀ါရောင်စကတ် ဒီမိုကရေစီသို့


အစိမ်းရောင်ယူနီဖောင်း ဒီမိုကရေစီမှ အ၀ါရောင်စကတ် ဒီမိုကရေစီသို့
ဓါတ်ပုံ (Narinjara)

တစ်ခေတ်တော့ ဆန်းလာတော့မည်ထင်သည်။ ဂျာနယ်ကြီးများမှာတော့ ဇာတ်လမ်းတွေ တတိယပိုင်းလို့တောင် တင်စားနေကြပါသတဲ့။ ကျွန်တော်တို့ မှာတော့ ကျည်ပွေ့ကို ထရံရက်သည်မျိုး ဆွဲမရ စေ့မရ၊ ဦးကနင်း ပဲ့ကပေါ်၊ ပဲ့ကနင်း ဦးကပေါ်။ ဘယ်သူမှ မသုံးသည့် လှေဆိုးတစ်စီးနှင့် ဘယ်သူမှ မကူးသည့် ကမ်းမမြင်လမ်းမြင် သမုဒ္ဒရာကြီးကို တက်ဘဲ ကျိုးကျိုး လှေဘဲမှာက်မှောက် ကူးခတ်ရမည့်တာဝန်ကို ကိုယ့်ဘာသာ ကိုယ်ယူလိုက်ကြသည်။

ဒီကြားထဲ ဆဲသူကဆဲ၊ သြဘာပေးသူကပေးနှင့် ခရီးကြမ်းနှင်ရတာက ပွက်လုံးညံနေတဲ့ကြားထဲမှာ ပျော်စရာကောင်းသည်ဟု ယူဆမိသည်။

ရှေ့ကိုဘဲ အားပြုနေတော့ နောက်မှာ ဘာတွေဖြစ်ခဲ့သလဲဆိုတာကို တချက်ပြန်ကြည့်လိုက်တော့ ဟောလွန်ခဲ့တဲ့နှစ်ပေါင်း ၆၃-နှစ်လောက်ကစပြီးသူများ
တင်စားကြသလိုမျိုး တစ်လုံး တစ်ပါဒနှင့် အသုံးကျအောင်တော့ ပြောလိုက် ချင်သေးသည်။ မပြောမသိ၊ မတီးမမြည်ဆိုသလိုမျိုး လက်သည်းဆိတ် လက်မ မခံနိုင်၊ စိတ်ထဲမှာက သမိုင်းဆရာကြီးတွေ ရေးပြ၊ ပြောပြလို့ တစ်စွန်းတစ်စသိထားတာလေးကို အရိုးစွဲအောင် သူများကိုလည်း ကြွားလိုက် ချင်သည်။

၁၉၄၇ ခုနှစ် ပတ်ဝန်းကျင်လောက်က ဒို့တိုင်းရင်းသားတွေ၊ စည်တော်ပိုင်တဲ့လူမျိးတွေက စည်တော်ယွန်း၊ အိုးစည်ရှိသူတွေက အိုးစည်တီးကြ၊ ဖားစည် ရှိသူတွေကလည်း အားကျမခံကြိုဆိုလိုက်ကြတာ၊ လွတ်လပ်ရေးအတွက် စည်းရုံးရန်လာသူများကလည်း ဇာတ်မင်းသမီးဝတ်သလိုမျိုး ဟိုဒေသရောက် ဟိုဝတ်စုံ၊ ဒီဒေသရောက် ဒီဝတ်စုံ၊ ဟန်အမူအရာကောင်းကောင်းနှင့် သရုပ်ဆောင်ပြလိုက်တော့ လက်ညှိုးဖြတ်မည့်သူကလည်း ဒူးထောက်၊ အရက် ကိုးမောင်းသောက်ထားသည့် အမျိုးသားဝါဒီဆင်ပြောင်ကြီးများလည်း အားလျားမှောက်၊ ဒို့အမျိုးသားရေးဝါဒကို ဘယ်သူမှရိုက်ချိုးနိုင်မှာမဟုတ်ဘူး၊ ဒို့က အမျိုးသားရေးမှ အမျိုးသားရေး၊ လုံးဝရေမရောဘူး။ အမျိုးသားစစ်စစ် သစ္စကပုရပိုဒ်လို အတွေး အခေါ်ပေါင်း တစ်ထောင်ကို လေ့လာထားသူများ ကလည်း ရွှေပြည်အေး တရားမှာ အသာလေး ပျော့ခွေသွားကြလေသတည်း။

“ခင်ဗျားတို့ပဲ အုပ်ချုပ်ရမှာပါ။ ပညာတတ်တွေဆိုလို့ ခင်ဗျားတို့ ရခိုင်တွေပဲရှိတယ်။ ခင်ဗျားတို့ ကျွန်တော်တို့တွေ ဘာတွေများ ကွာခြားနေလို့လဲ။ အား လုံး အတူတူပဲမဟုတ်လား။ ဗိုလ်ချုပ်က လုပ်ပြောတာကို အဟုတ်ကြီးထင်ပြီး ရှိတာကိုပုံအပ်လေတော့ ပြန်တောင်းတဲ့အခါ ဓါးဆွဲတုတ်ဆွဲဖြစ်ကုန်ပြီ။ ဘယ်လိုလဲ၊ ၀ါးနုက ၀ါးရင့်ကိုပတ်လို့ မရဘူးဆို၊ အပတ်ခံလိုက်ရတာက ဘိလပ်ပြန်၊ ဆံဖြူသွားကျိုး၊ ကြာအိုကျ။ လာပတ်သူက နုနုရွရွကလေး။ ဒီလိုနဲ့ ပဲ မြန်မာနိုင်ငံရေးဇာတ်ခုံ စတိတ်ချိုးပိုင်း၊ ဘာမသိညာမသိ ဟီးလီးဟားလားနှင့် တစ်ခန်းရပ်သွားသည်။

တောင်ရှည်ပုဆိုးနှင့် မြန်မာ့ဒီမိုကရေစီခေတ်

၁၉၄၈-ခုမှာ မျက်နှာဖြူတွေထွက်သွားတော့ အဖြူမဟုတ်၊ အနက်မဟုတ်၊ အ၀ါရောင်တောင်ရှည်ပုဆိုးတွေနဲ့ မြန်မာ့နိုင်ငံရေး ဇာတ်ခုံပေါ်မှာ ဆက်လက်
ကပြရန် ပွဲထွက်လာခဲ့ကြသည်။ တောင်ရှည်ပုဆိုးက အ၀ါရောင်ခေါင်းပေါင်းက ညာချ၊ တိုင်းရင်းသားများက လူရွှင်တော်နေရာကနေပြီး လိမ်သမျှခံ၊ ညာသမျှကျ မင်းသားပါးချသမျှ ကြိတ်မှိတ်ခံခဲ့ရသည်က ၄၈-မှသည် ၆၂-သို့ထိ။ ဒီကာလ အတောအတွင်းမှာ အားလျားမှောက်ခဲ့ကြသူတွေ ထထိုင်၊ ဒူးထောက်သူတွေက မတ်တပ်ရပ်လေတော့မကြုံစဖူး၊ အဖြစ်ထူးလာသည့် ရောင်စုံသူပုန်နှင့် ဗမာပြည် ပွက်ပွက်ဆူလေတော့သည်။ဖဆပလ အကွဲအပြဲ ကြားထဲမှာ အကွက်ချောင်းနေကြသည့် တိုင်းရင်းသားပါတီများကလည်း ပြည်နယ်တောင်း။ ခေါင်းရှုပ်မခံ၊ သမိုင်းတရားခံမဖြစ်လိုသည့် ၀န်ကြီးချုပ်ဦးနု က ဒီလောက်ပူအိုက်သည့် ရာသီမှာ တောင်ရှည်ပုဆိုးနှင့် မလျှောက်ကန်တော့ဘူး။ ယူနီဖောင်းနှင့်ပဲ သင့်တော်တော့မည်။ “မင်းပုဆိုးချွတ်တော့”ဟု ပုရောဟိတ်ကြီးက ဟောကိန်းထုတ်လိုက်လေသည်။

စစ်ယူနီဖောင်းနှင့် မြန်မာ့ဆိုရှယ်လစ်ခေတ်

လက်နက်ပုန်းများကိုင်ဆောင်ထားသည့် ဘုရားတကာကြီး၊ကျောင်းတကာကြီး အနားယူသွားတော့ စားမည်ဝါးမည် တကဲကဲနှင့် စစ်ဘီလူးကြီး ဗိုလ်နေ၀င်းက ၁၉၆၂ ခု၊ မတ်လ ၂ ရက်နေ့မှာ ဇာတ်ကြမ်းပြဇာတ် တစ်ခန်းကို နိဒါန်းပျိုးလာလေသည်။ ဗမာပြည်သူတွေက ဇာတ်ကြမ်းကို ကပြချင်ကြ သည်။ မကြမ်းလို့မဖြစ်ပါတော့။ ခ၀ဲခြံ တိုက်ပွဲများမှ ရရှိလာသည့် သင်ခန်းစာတပုံကြီး။ “ဓါးဓါးချင်း၊ လှံလှံချင်း” ကြိမ်းလိုက်ကြပြန်သေးသည်။ “လိုချင် လျှင်တိုက်ယူ”ဆိုတာလည်း ပါလိုက်ပြန်သေးသည်။ ဒီအချိန်မှာတော့ ပုရောဟိတ်ကြီးက ဗန္ဓုကမ္ဗလာ မြကျောက်ဖျာတင်းလာ၍ တိုင်းရေးပြည်ရေး အင် ပါယာအရေးကို လှည့်ကြည့်လိုက်ချိန်မှာ အပြောမဖြစ် ပြောရတော့သည်။ “ဟေ့ မောင်မင်း၊ မြန်မာ့ဦးခေါင်း အနောက်သို့ ညွှတ်ရတာ ဘယ်သူ့ ကြောင့် ထင်လဲ”။  ပြည်နယ်လိုချင်သူတွေများကို ဆိုင်းဘုတ်ပြည်နယ်ကြီး ပေးလိုက်ပါသည်။ ထိုဆိုင်းဘုတ်ကြီးကို ရုံကာပြီး ပြရလေတော့သည်။

အောက်ခြေတိုင်များက တစ်တိုင်ပြီးတစ်တိုင် လဲသွားသော်လည်း ခေါင်မိုးကြီးကမပြိုနိုင်။ တိုင်းပြည်တွင် စားစရာမရှိ။ ဥက္ကဋ္ဌကြီးက ငွေမရှားရွှေမရှား၊ ကားများထားစရာမရှိသည့် စနစ်ဆိုးခေတ်ဆိုး တစ်ခုက ၂၆ နှစ် ကြာလာသည့်အခါ ပျက်ခြင်းမလှ ပျက်စီးရသည်မှာဓမ္မတာပင်ဖြစ်သည်။ လူလှိုင်းကြီး ထဲမှာ သမဂ္ဂပေါင်းများပေါ်လာသည်။ အရေးတော်ပုံကြီးကား ကြောက်ခမန်းလိလိဖြစ်လာသည်။ မဖြစ်သင့်။ မသိသူများကတော့ ဒီမိုကရေစီလိုချင်ကြ သည်။ သိသူများက ဒီမိုကရေစီ အသံမကြားချင်။ တင်နေသည့် သမိုင်းကြွေး ဆပ်ကုန်မှာမဟုတ်။ ငယ်ငယ်တုန်းက ကြားဖူးသည့် ဗျာဗျာဆန်သီခြင်း တွင် ဖြစ်သည်။ “နောက်တစ်ခေါက်လာပြန်ပြီဟေ့”။

ဒို့ဗမာအရေးသုံးပါးဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးခေတ်

ပြည်သူကို အာဏာစဥ့်အိုးထဲဖိထည့်ပြီး အုပ်ချုပ်သည့် တစ်ခေတ်ဆန်းပါတော့သည်။ “ငြိမ်၊ ၀ပ်၊ ပိ၊ ပြား” ဘယ်ကရှာထားသည့် စကားလုံးများလဲမသိ။ နာမည်ကြီးကိုက ကြောက်ခမန်း၊ လန့်ခမန်း။ ခေတ်တစ်ခေတ်ပြောင်းတိုင်း ပြည်သူသည် အသာစံခဲ့ရသည်မရှိ။ တစ်ခေတ်တစ်ခေတ် ဆိုးသထက်ဆိုး သည်ကို ခါးသီးစွာခံစားခဲ့ရသည်။ ၁၉၆၄-ခုနှစ် နိုင်ငံတော်ပိုင်သိမ်းစဉ်ကလည်း အမှိုက်ပုံးသာ ကျန်လိုက်သည်။ ဤသည်ကားစနစ်ကြောင့်ဟုပြော၍ ရသည်။ ထိုအချိန်အခါကကမ္ဘာ့ရေစီးကြောင်း ကိုယ်တိုင်က ပြည်သူပိုင်၊ နိုင်ငံတော်ပိုင် ခေတ်စားခဲ့သည်။ ယခုတော့ ဤသို့မဟုတ်ပါ။ ထင်ရာကြဲသည့်   ခေတ်ကြီး။ မာရှယ်လောဆိုတာ စစ်မြေပြင်မှာ ထုတ်တဲ့အမိန့်လို့သာ ကြားဖူးသော်လည်း ပြုသမျှခံကြရသည့် အရပ်သားကြားထဲမှာ ချခင်းလိုက်သည့် အခါ လိုင်စင်ရ ဓားပြခေတ်ကြီးတစ်ခတ်ကား မဆလ လက်ထက်မှ ကျန်လိုက်သည့်အမှိုက်ပုံကို ပြဲပြဲကုန်အောင် ရှာဖွေယူကြပြန်တော့သည်။ ၁၉၈၈ -ခု မှ သည် ၂၀၁၀-ခုနှစ်သို့ထိ နယ်စား၊ ပယ်စား၊ ဌာနစားများကို ပြန်မပြောလေနဲ့။ ငြိမ်ငြိမ်နေ၊ ပိပိရိရိထိုင်၊ ပြားပြားဝပ်ထား၊ ဒို့တာဝန်အရေးသုံးပါးဖြင့် ဒီမိုကရေစီအသွင်ကူးပြောင်းလာသည်။

ပန်းနုရောင်စကတ်နှင့် မြန်မာ့ဒီမိုကရေစီရေး

အပြောင်းအလဲများ မြန်ဆန်လွန်းသည်မို့ မျက်စေ့နှစ်လုံးတည်းဖြင့် ကြည့်၍မနေနိုင်။ ခြေသွက်လက်သွက်နှင့် မျက်စိ စပါးမွှေး စူးရလောက်အောင် အပြေးအလွှား ကစားနေကြသည်။ ဘယ်သူ့လက်ထဲရောက်မှာလဲ။ ဘယ်သူတွေသယ်လာမလဲ။ မေးခွန်းတွေအများကြီး၊ အဖြေကတော့ ရှင်းနေပြီးသား ပါ။ အ၀တ်အစားပြောင်း၊ လူပြောင်း၊ ကကွက်ပြောင်းသော်လည်း ဇာတ်ဆရာအလိုကျ ကပြရမှာပါ။ မင်းသားထွက်ရမည့်နေရာမှာ မင်းသားထွက်။ လူရွှင်တော်ထွက်ရမည့် အချိန်ရောက်လျှင် လူရွှင်တော်အလှည့်ပါ။ လူကြမ်းအလှည့်ကျပြန်တော့လည်း အမြင်ကတ်အောင် ကြမ်းပြရမှာက ဒို့ဇာတ် သမား တာဝန်ပါ။ ယခုခေတ်မှာက နီလို့မရသည့်ခေတ်၊ စိမ်း၍မဖြစ်သည့်ခေတ်၊ တောတောင်များမှာတောင် အစိမ်းရောင်တွေ ပျောက်ကုန်ပါပြီ။ ပန်းနု   ရောင်စကတ်ကို ၀တ်ဆင်ပြီး ဇာတ်ဆရာခိုင်းတာကို သရုပ်ဖော်ရတော့မည်။ စောစောပိုင်းက ပ၇ိသတ်နည်းတော့ ဒီပွဲမှာ မကတော့ပါဘူးတဲ့။ ဆိုင်း ဘုတ်ကြီးဆွဲပြီး ဇာတ်ရုံရှေ့ချိန်ထားတယ်။ ဒါပေမယ့် အချိန်တန်တော့ တီးလုံးသံလေးက နားထဲစူးချဝင်လာတော့ ဘယ်လိုမှ နေမထိထိုင်မရ။ စားမ၀င် အိပ်မပျော် ဖြစ်ရလေသလား။ “ကြေး၊ရေ၊လေ၊ တပ်မတော်အတွင်းက သူငယ်ချင်းတို့ရယ်” တီးလုံးမှာ ဇာတ်မျှောပါတော့သည်။

ဇာတ်ခုံရှေ့ချိတ်ထားသည့် ဆိုင်းဘုတ်ကြီး ဘေးနားမှာ တဟားဟားတ၀ါးဝါးနှင့် လက်ခုပ်သံ၊ သြဘာသံမစဲ တဖွေးဖွေးဖြစ်နေသည့် လူအုပ်ကြီးခများ ဆိုင်းဘုတ်ရှေ့မှာနေရမှာလား၊ သူများထိုင်သလို ရောထိုင်ရမှာလား၊ နောက်ဆုံးတော့ မထူးတော့ပါဘူးဟယ် ကုလားလည်း လူပါပဲဆိုသလို ရှက်ကိုး ရှက်ကန်းနှင့် နေရာမရမှာစိုးလို့ ပွဲခင်းထဲအတင်းတိုးဝင်ရချေရဲ။ ဒီတော့ ပွဲခင်းကြီးတစ်ခုလုံး ဆူညံလာသည်။ နဂိုကြည့်နေတဲ့ ပရိသတ်တွေက ငြိမ်ငြိမ် ကလေးနှင့် စိတ်ဝင်စားစွာကြည့်နေကြသည်။ တသောသောဝင်လာသည့် ပရိသတ်ကြီးကတော့ “ကြေး၊ရေ၊လေ တပ်မတော်တွင်းက သူငယ်ချင်းတို့ ရယ်” သီချင်းစာပိုဒ်ကိုသံပြိုင်ဆိုရင်း လက်ခုပ်သြဘာသံတွေကြားထဲမှာ မြူးပျော်နေကြတာကြည့်ရင်း ဒို့ဇာတ်ပွဲကြီး ဘယ်လိုဖြစ်ကုန်တာလဲ ရင်တသ သနှင့် အံ့သြမဆုံး၊ မယုံကြည်နိုင်လောက်အောင် ဖြစ်ကြရရှာသည်။

ဖွတ်ထွက်မှတောင်ပို့မှန်းမသိစေချင်

ပြောင်းတော့ပြောင်းတယ်။ ဘာတွေများပြောင်းလာမလဲလို့ စောင့်ကြည့်နေလိုက်ကြတာ အ၀တ်အစားပြောင်းလိုက်တော့မှ အံ့သြသွားရသည်။ မျက်စေ့ အမြင်မှာ တစ်ခုခု အဆန်းတကြယ် ဖြစ်သွားတာတော့ ၀မ်းသာပါရဲ့။ ခုကတော့ စစ်ယူနီဖောင်းကနေ ယောပုဆိုး၊ ပင်နီတိုက်ပုံပဲပြောင်းသေးတာ။ နောက် ဆို လွှတ်တော်ထဲမှာ ပန်းနုရောင်စကတ်နှင့် ရင်ဖုံးအင်္ကျီနဲ့ပဲမြင်ရမှာလား။ ဒါမှမဟုတ် ထိုင်မသိမ်းထဘီနှင့် မော်ဒယ်ဂဲလ်များ ၀တ်ဆင်နေကြတဲ့ ဖက်ရှင် အင်္ကျီတွေနဲ့ပဲ မြင်ကြရမှာလား။ အဖြေမသိ ပဟေဠိတော့မဟုတ်၊ ပြေးကြည့်တာထက် တွေးကြည့်တာနဲ့ မြင်တယ်ဆိုပဲ။ “အလကားရတဲ့နွား သွားဖြဲ မကြည့်နဲ့”ဆိုပါလား။ ဖြဲလို့တော့ကြည့်ရမှာ။ သွားတစ်ချောင်းမှ မပါရင် ထမင်းရည်ရှာကျွေးဖို့ အချိန်မရှိ။ ဘာပဲဖြစ်ဖြစ် အ၀တ်အစားပဲပြောင်းပြောင်း၊ လူပဲပြောင်းပြောင်း၊ အဟောင်းကတော့ အဟောင်းပါပဲ။ ဒီလို ဟောင်းနွမ်းနေတဲ့ ပစ္စည်းထဲမှာ နိုင်ငံခြားကလာတဲ့ ဘယ်လိုပစ္စည်းအသစ် အဆန်းများနှင့် အစားထိုးပါစေ၊ အသစ်ဖြစ်လာမှာ မဟုတ်ပါဘူး။ နဂိုရှိနေတဲ့ ပစ္စည်းမှမကောင်းတော့တာ။ ဒါပေမယ့် ဒို့လူတွေက ကုမ္ပဏီ နာမည်ကိုတန်ဖိုးထားတယ်၊ ချစ်မြတ်နိုးတယ်။ တစ်ချိန်က ဒိတ်ဒိတ်ကြဲ ကုမ္ပဏီဖြစ်လေတော့ ဒီနာမည်လေးနဲ့ပဲ၊ ဒီတံဆိပ်ကလေးနဲ့ပဲ အသုံးတည့်နိုင်တယ်။ ပိုစတာတွေ၊  ကြော်ငြာ   တွေ၊ ဆိုင်းဘုတ်ကြီးတွေကလည်း လမ်းဆုံလမ်းကြား၊ အိမ်သာနားမကျန် စိုက်ထူလေတော့ ကုမ္ပဏီသေးသေးလေး ဆိုင်းဘုတ်ကို စိုက်ထူထားသူ
တစ်ချို့တောင် သူရဲဘောကြောင်နေလားမသိ။ ပြဇာတ်ထဲက ဗိုလ်အောင်ဒင် ပြောသလို “မကြောက်ပါနဲ့ မမြအေးရယ်၊ မိုးပေါ်ထောင်ဖောက်တာပါ”လို့ပဲ
ပြောလိုက်ပါရစေ။ သနားစရာကောင်းတာက ဒို့ပြည်သူတွေပါ။ ဘုရားမှတ်လို့ ကိုးကွယ်လိုက်ကြတာ၊ ဖွတ်ကြီးထွက်သွားမှ “အမေလေး တောင်ပို့ကြီးပါ လား” အဖြစ်မျိုး တစ်ခါလည်းမဟုတ်၊ အကြိမ်ပေါင်းကမနည်းတော့ပါ။ တစ်ခါလာလည်းခံ၊ နောက်တစ်ခါလာလည်းခံ၊ အမြဲတမ်းခံနေရတော့ နောင်တ မရကြသည့်အပြင် ထုသားပေသားကျလာ၍လားမသိ။ သိပ်ဂရုမစိုက်ကြတော့ပါဘူး။ စိတ်ကသာအရေးကြီးပါတယ် ဆိုပါလား။ ကြည့်နေ၊ စောင့်ကြည့်   နေ၊ ဖြစ် လာ မှာပါ၊ ဒီလိုနဲ့ပဲ ၆၄ နှစ်မြောက်လွတ်လုပ်ရေးနေ့၊ ပြည်ထောင်စုနေ့ကြီးက စည်ကားစွာနဲ့ ပြီးဆုံးသွားပါလေတော့သည်။

မပူကြပါနဲ့၊ ခေတ်စနစ်နှင့်အညီ မြန်မာ့ဒီမိုကရေစီသည်လည်း ဆန်းသစ်လာတော့မှာသေချာပါသည်။ ဒီဆန်းသစ်မှုကတော့ ဟိုတုန်းကလို အစိမ်းရောင် အ၀ါရောင် မဟုတ်တော့ပါဘူး။ “ပန်းနုရောင်စကတ်နှင့် မြန်မာ့ဒီမိုကရေစီ” ဇာတ်လမ်းကို စောင့်ကြည့်ရင်း ကြမ်းတမ်းတဲ့ဘ၀ကို ရင်ကော့မခံဘဲ တွန်း လှန်ပစ်နိုင်အောင် ကြိုးစားကြပါစို့။

တိုးတက်ခိုင်
တိုးတက်ရေးသတင်းလွှာ အတွဲ(၂)၊အမှတ်(၄)မှ-

အထက်ပါ “အစိမ်းရောင်ယူနီဖောင်း ဒီမိုကရေစီမှ အ၀ါရောင်စကတ် ဒီမိုကရေစီသို့ ” ဆောင်းပါးနှင့်ပတ်သက်ပြီး စာပေစိစစ်ရေးမှ ထုတ်ဝေသူ အား ခေါ်ယူ သတိပေးမူ ပြုလုပ်ခဲ့သည်။

ကိုမျိုးရိုးမဟာကိုလည်း အထူးကျေးဇူးတင်ရှိပါသည်

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: