အရှေ့အလယ်ပိုင်းတွင် အုံ့မှိုင်းနေသော တိမ်မည်းများ


လွန်ခဲ့သော သုံးနှစ်အတွင်းမှာ သမ္မတအိုဘားမားနဲ့ ဝန်ကြီးချုပ် နေတန်ယာဟုတို့ သုံးကြိမ်တိုင်တွေ့ဆုံ   ဆွေးနွေးခဲ့ကြပေမယ့် သဘော ထားမတိုက် ဆိုင်ခဲ့ကြပါဘူး။ ၂ဝဝ၉ ခု မေလမှာ ပထမဆုံး တွေ့ဆုံခဲ့ကြ ရစဉ်က အိုဘားမားရဲ့ ပါလက်စတိုင်းနိုင်ငံ ထူထောင်ခွင့်ပြုရေး အဆိုပြုချက်ကို နေတန်ယာဟုက ပယ်ချ ခဲ့ပါတယ်။ ၂ဝ၁ဝ ခုနှစ်ထဲမှာ ထပ်မံတွေ့ဆုံညှိနှိုင်းကြပြန်တော့ လည်း မပြေလည်ခဲ့ကြဘူး။

၂ဝ၁၁ခုနှစ် မေလမှာတော့၊ နေတန်ယာဟုက အမေရိကန် ကွန်ဂရက်လွှတ်တော် ရှေ့မှောက်မှာ သမ္မတ အိုဘားမားရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို မဖြစ်နိုင်ကြောင်း ဝေဖန်အပြစ်တင်ခဲ့ပါတယ်။ ဒါကြောင့် အိုဘား မားနဲ့ နေတန်ယာဟုတို့ရဲ့ ဆက်ဆံရေးဟာ မပြေလည်ခဲ့တဲ့အပြင် တစ်စုံ တစ်ရာ တင်းမာမှုတွေရှိ နေခဲ့ တယ်လို့ ဆိုရပါလိမ့်မယ်။

ဒါပေမဲ့ ဒီနှစ် မတ်လဆန်းကတွေ့ဆုံကြရာမှာတော့ အီရန်နိုင်ငံရဲ့အဏုမြူအစီအစဉ်ဟာ အရေးပါလာပြန်တဲ့အတွက် လေသံနဲ့သဘောထားတွေပြောင်း လဲသွား ကြပါပြီ။ ဒီအမေရိကန် ခရီးစဉ်အတွင်းမှာ အီရန်အဏုမြူ အစီအစဉ်ကို စစ်အင်အားသုံးပြီး ဖြေရှင်းဖို့သဘောထားကို နေတန်ယာဟုက သတင်း စာရှင်းလင်းပွဲတွေမှာ ဗြောင်အတိ အလင်းထုတ်ဖော်ကြေညာခဲ့တယ်။ ဒါကြောင့်လည်း သမ္မတ အိုဘားမားက စစ်သွေးကြွနေတဲ့ နေတန်ယာဟုကို အိမ်ဖြူတော်မှာ ခေါ်ပြီး ဖျောင်းဖျနားချနေခဲ့ရပါတယ်။ အမေရိကန်နိုင်ငံနဲ့ အစ္စရေး နိုင်ငံတို့မှာ တူညီတဲ့အကျိုးစီးပွားတွေ ထပ်တူထပ်မျှရှိနေကြတယ်။ စစ်ရေးအရ အရေးယူရမယ့် အခြေအနေမျိုး ဆိုက်လာရင်လည်း အစ္စရေးနဲ့ အတူရပ်တည်မယ်ဆိုတဲ့ စကားတွေ အိုဘားမားကိုယ်တိုင် ထုတ်ပြောလာခဲ့ ရတယ်။ နေတန်ယာဟုကလည်း ဒီနွေထဲမှာကို အီရန် အဏုမြူအစီအစဉ်တွေကို လေကြောင်းအင်အားသုံး ချေမှုန်းဖို့ စဉ်းစားနေကြောင်း ဖွင့်ပြောလာခဲ့ တယ်။ အီရန်နဲ့ အစ္စရေးအကြား စစ်ဖြစ်ပွားနိုင်တဲ့ အလားအလာ နေ့စဉ်နဲ့အမျှ ကြီးထွားအရှိန်မြင့် လာနေပါပြီ။ စစ်ဖြစ်ဖို့ အလွန် လွယ်ကူတဲ့အနေ အထားရောက် နေပေမယ့် စစ်မဖြစ်အောင်တားဆီးဖို့ကတော့ အတော်ခက်နေပါတယ်။

ဒီနေရာမှာ ထည့်သွင်းစဉ်းစားဖို့လိုတဲ့ အရှေ့အလယ်ပိုင်း စစ်ပွဲသမိုင်းရဲ့ အတွေ့အကြုံဟောင်းနဲ့ သင်ခန်းစာ ကောင်းတွေကို ပြန်ပြောင်းသတိရ ကြဖို့ လို ပါလိမ့်မယ်။ ဦးစွာအားဖြင့် လူအများသေ ကျေစေနိုင်တဲ့ လက်နက် (WMD) တွေရှိနေပြီဆိုတဲ့ သံသယနဲ့ အီရတ်စစ်ပွဲဆင်နွှဲခဲ့မိကြတဲ့အပြစ်ကို ပြန်လည် သတိရသင့်ပါတယ်။ တကယ်တော့ အီရန်နိုင်ငံမှာ အခုအချိန်အထိ အဏုမြူလက်နက်ပိုင်ဆိုင်ထားတာရယ်လို့ ဘာအထောက်အထားမှ မရှိသေးပါဘူး။ အမေရိကန် ထောက်လှမ်းရေးဌာနကတောင် အီရန်နိုင်ငံဟာ အဏုမြူလက်နက် ထုတ်လုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့ အထောက်အထား မရှိသေးကြောင်း ကွန်ဂရက်ကို နှစ်ကြိမ်တိုင်တင်ပြ ပြီးပါပြီ။

လန်ဒန်အခြေစိုက် မဟာဗျူဟာ လေ့လာရေး ဌာနကြီးကလည်း ဒီသဘောထားအတိုင်းပဲ ထောက်ခံပြောကြားထားဆဲ ဖြစ်တယ်။

အလားတူ နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ကလည်း အီရန်နိုင်ငံမှာ အဏုမြူစွမ်းအင်ကို တခြားစစ်ရေး နည်းလမ်းတွေမှာသုံးဖို့ အစီအ စဉ်ရှိကောင်း ရှိနိုင်တယ်။ ဒါပေမဲ့ အဏုမြူလက်နက်ထုတ်လုပ်ဖို့ အစီအစဉ်နဲ့ လှုပ်ရှားမှုမျိုး မတွေ့ရသေးဘူးလို့ တင်ပြခဲ့ပြီးဖြစ်တယ်။ အီရတ်မှာလို အာဃာတနဲ့ သံသယကြောင့် စစ်ထဖြစ်ရတာမျိုးထပ်မဖြစ်စေချင်ဘူး။ နောင်နှစ်အတန်ကြာပြီးချိန်မှာ အီရန်နိုင်ငံက အဏုမြူလက်နက်ပိုင်ဆိုင်သွား   တော့ရော ဘာဖြစ်လာနိုင်မှာလဲ။

မြောက်ကိုရီးယားနိုင်ငံက အဏုမြူလက်နက်ပိုင်ဆိုင်သွားပြီဆိုတာနဲ့တောင် ကိုရီးယားတို့၊ ဂျပန်တို့က အဏုမြူလက်နက်တွေ အပြိုင်အဆိုင်လိုက်ပြီး ထုတ်လုပ်ခဲ့ကြ ပါသလား။ ဖူကူရှီးမားဓာတ်ပေါင်းဖို ပေါက်ကွဲပြီးနောက်ပိုင်းမှာ ဂျပန်နိုင်ငံက အဏုမြူစွမ်းအင် ထုတ်လုပ်မှုကိုတောင် စိတ်ပျက်လာနေ ကြပြီ။ နောက်ပြီး အရှေ့ အလယ်ပိုင်းဒေသတစ်ခုလုံးမှာ အဏုမြူလက်နက်တွေ ထုတ်လုပ်စုဆောင်းထားတဲ့ နိုင်ငံဆိုလို့ အစ္စရေးနိုင်ငံတစ်နိုင်ငံပဲ ရှိတာ ပါ။ အစ္စရေးနိုင်ငံမှာ အဏုမြူဗုံး ရှိနေလို့ဆိုပြီး ဆော်ဒီအာရေဗျတို့ လစ်ဗျားတို့လို နိုင်ငံတွေက အပြိုင်အဆိုင်လိုက်ပြီး မထုတ်လုပ်ကြပါဘူး။ အရှေ့အ လယ်ပိုင်းမှာ တစ်ခုတည်းသော အဏုမြူ လက်နက်ပိုင်ရှင် နိုင်ငံကြီးဖြစ်တဲ့ အစ္စရေးက ဘာကြောင့်များ အာရပ်နိုင်ငံ တစ်နိုင်ငံ အဏုမြူလက်နက်ပိုင် ဆိုင် သွားမှာကို အကြီးအကျယ်သွေးလန့် ချောက်ချားနေရတာလဲ။ တကယ်တော့ အရှေ့အလယ်ပိုင်းမှာ အီဂျစ်နိုင်ငံဟာ အစ္စရေးနိုင်ငံနဲ့ စစ်ပွဲ သုံးပွဲတိုင် ဆင်နွှဲခဲ့တဲ့ နိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ အစ္စရေးနဲ့အပြိုင် အဏုမြူလက်နက်တွေ ထုတ်လုပ်ဖို့ မကြိုးစားခဲ့ပါဘူး။

နောက်ပြီး အီရန် နိုင်ငံဟာ အစ္စရေးနဲ့တစ်ကြိမ်မှ စစ်ဖြစ်ခဲ့ဖူးတဲ့ နိုင်ငံလည်းမဟုတ်ပါဘူး။ ဒါပေမဲ့ သမ္မတအိုဘားမားကလည်း တကယ်လို့ အီရန်နိုင်ငံ သာ အဏုမြူလက်နက်ပိုင်ဆိုင်သွားရင် အီရန်နဲ့ အစ္စရေးဟာ အိန္ဒိယနဲ့ ပါကစ္စတန်လို စစ်ဖြစ်ရမယ့် အနေအထားရောက်သွားနိုင်တယ်လို့ ဟောကိန်း ထုတ်ခဲ့ဖူးပါတယ်။ တကယ်တော့ အိုဘားမားဟာ သမိုင်းကြောင်းကို ကောင်းစွာမသိလို့ ပြောမိတာ ဖြစ်ပါလိမ့်မယ်။

အိန္ဒိယနဲ့ ပါကစ္စတန်တို့ စစ်ပွဲသုံးပွဲ ဖြစ်ခဲ့တာ အဏုမြူလက်နက် မပိုင်ဆိုင်သေးခင် နှစ်ပေါင်း ၃ဝ အတွင်း ဖြစ်ခဲ့ကြတာပါ။ နှစ်နိုင်ငံလုံး အဏုမြူလက် နက်ပိုင်ဆိုင်ပြီးချိန်မှာတော့ အားလုံး ဘယ်သူမှ စစ်ပွဲမဖြစ်ရဲကြ တော့တာ နှစ်ပေါင်း ၄ဝ ကြာခဲ့ပါပြီ။ ဒါကြောင့် အီရန် အဏုမြူလက်နက် အစီအစဉ် ဆို တာ ထုတ်လုပ်မှု၊ ပိုင်ဆိုင်မှု ပြဿနာမဟုတ်ပါဘူး။ တရားမမျှတမှု ပြဿနာ ဖြစ်ပါတယ်။ အစ္စရေးနိုင်ငံက အဏုမြူလက်နက် ထုတ်လုပ်စုဆောင်းထား ရှိပြီး၊ အီရန် နိုင်ငံရဲ့ အဏုမြူအစီအစဉ်ကို ဘာကြောင့် တားဆီးချင်တာလဲ။ ဘာကြောင့် တားဆီးခွင့်ရှိရမှာလဲ။

သမ္မတအိုဘားမားကတော့ တကယ်လို့ အီရန်သာ အဏုမြူ လက်နက်တွေ ပိုင်ဆိုင်သွားရင်၊ ဒီလက်နက်တွေ အကြမ်းဖက်သမား တွေလက်ထဲ ရောက် သွားနိုင်တယ်လို့ ခြိမ်းခြောက်သတိပေးခဲ့ဖူး ပါတယ်။ တကယ်တော့ အီရန်နိုင်ငံက တာလီဘန်တွေ၊ အယ်လ်ကေ ဒါတွေရဲ့ ဌာနချုပ် ခြေကုပ်စခန်း မဟုတ် ပါဘူး။ ဒီတာလီဘန်တွေ၊ အယ်လ်ကေဒါတွေစတဲ့ အကြမ်းဖက်အင်အားစုတွေရဲ့ တကယ့် ခြေကုပ်စခန်းဟာ ပါကစ္စတန်နိုင်ငံ ဖြစ်ပါတယ်။

ပါကစ္စတန်နိုင်ငံမှာ အမေရိကန်နိုင်ငံနဲ့ နားလည်မှုရယူပြီး ထုတ်လုပ်ထားတဲ့ အဏုမြူဗုံးတွေ ရှိနေပါတယ်။ ဒါပေမဲ့ ဒီအဏုမြူတွေထဲက တစ်လုံးမှ အယ်လ်ကေဒါတွေ၊ တာလီဘန်တွေ လက်ထဲကို ပါကစ္စတန်နိုင်ငံက လွှဲပြောင်းမပေးခဲ့ဘူး။ အဏုမြူဗုံးရဲ့ အဖျက်စွမ်းအား ဘယ်လောက်ကြီးမား ဆိုးဝါး တယ်ဆိုတာကို ဆင်ခြင်တုံတရားရှိတဲ့ အစိုးရတိုင်းက သိရှိနားလည်ထား ကြတယ်။ ဒါကြောင့်လည်း အဏုမြူလက်နက်လုံခြုံရေးဆိုတာ အစိုးရတိုင်းရဲ့ ထိပ်တန်း လျှို့ဝှက်ရေးလုပ်ငန်းအဖြစ် တာဝန်ယူကြမြဲဖြစ်ပါတယ်။

ဒါကြောင့်လည်း CNN  သတင်း ဌာနရဲ့ တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ဗိုလ်ချုပ်ကြီး ဒမ်ဆေး(M.Dampsay) က”အီရန်နိုင်ငံက ခေါင်းဆောင်တွေက တကယ်တော့ ဘာသာရေးအရ အရူးအမူးဖြစ်နေကြတဲ့ လူတွေမဟုတ်ကြပါဘူး။ ဆင်ခြင်တုံတရားရှိတဲ့ ဘာသာရေး ခေါင်းဆောင်တွေသာ ဖြစ်ကြပါ တယ်”လို့ မှတ်ချက်ချခဲ့ခြင်း ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အနောက်တိုင်းနှုန်း၊ စံတန်ဖိုးတွေနဲ့ တူညီတဲ့ ဆင်ခြင်တုံတရားမျိုးတော့ ဟုတ်ချင်မှ ဟုတ်ပါလိမ့် မယ်။

သူတို့ သက်ဝင်ယုံကြည်တဲ့ ဘာသာရေးဆိုင်ရာနူန်း၊ စံတန်ဖိုးတွေ ဆက်လက်ရှင်သန်အောင် ထိန်းသိမ်းရာမှာတော့ အနောက်တိုင်းက နိုင်ငံရေးခေါင်း   ဆောင်တွေလိုပဲ အမြော်အမြင်ရှိပြီး ဆင်ခြင်တုံတရား ကြီးမားတဲ့ ပုဂ္ဂိုလ်ကြီးများ ဖြစ်ကြပါတယ်။

တချို့သော အနောက်တိုင်းက ပုဂ္ဂိုလ်တွေ ပုတ်ခတ်ပြောဆို နေကြသလို၊ ရူးသွပ်နေတဲ့ ဘာသာရေး သမားတွေ မဟုတ်ကြပါဘူး။

ယဉ်ကျေးမှု တော်လှန်ရေးကာလအတွင်းက ”ကွန်မြူနစ်ဝါဒ အောင်ပွဲခံရေးအတွက် တရုတ်ပြည်သူတစ် ဝက်လောက် စတေးချင် စတေးရပါစေ။ အဏုမြူစစ်ပွဲကို ရင်ဆိုင်ရဲတယ်”ဆိုတဲ့ မော်စီတုံးရဲ့ သဘောထားလောက် အီရန်ဘာသာရေးခေါင်းဆောင်တွေရဲ့ သဘောထားက တင်းမာပြင်းထန်ခြင်း မရှိသေးပါဘူး။

ဒါကြောင့်လည်း အမေရိကန်ထောက် လှမ်းရေးမှူးဟောင်း ပေါလ်ပီလာ (P.Pillar) က”တကယ်တော့ အီရန် ဘာသာရေးခေါင်းဆောင်တွေလည်း တခြားနိုင်ငံက ခေါင်းဆောင်တွေလိုပါပဲ။ သူတို့အစိုးရနဲ့ သူတို့အာဏာ အဓွန့်ရှည်တည်တံ့ရေးအတွက် စိုးရိမ်စိတ်ကြီးစွာ ကာကွယ်ထိန်း သိမ်းနိုင်ဖို့ ကြိုး စားနေကြတယ်ဆိုတာကို ပြီးခဲ့တဲ့ နှစ်ပေါင်း ၃ဝ သမိုင်းက သက်သေပြခဲ့ပါပြီ”ဟူ၍ ဝါရှင်တန် လစဉ်ထုတ် မဂ္ဂဇင်းမှာ ရေးသားခဲ့ခြင်း ဖြစ်ပါလိမ့်မယ်။

တကယ်တော့ ဒီနေ့ပြဿနာ၊ ဒီနေ့မေးရမယ့် မေးခွန်းက အီရန် ခေါင်းဆောင်တွေ ဆင်ခြင်တုံတရား ရှိသလား မရှိဘူးလားဆိုတာ မဟုတ်ပါဘူး။ ဒီနေ့ နိုင်ငံတကာ အရေးအခင်းတွေကို ဦးဆောင်ဖြေရှင်းနေတဲ့ အမေရိကန်နိုင်ငံရေး ခေါင်းဆောင်တွေမှာ ဆင်ခြင်တုံတရား လက်ကိုင်ထားနိုင်ရဲ့လားဆို တာ မေးရမှာပါ။

လာမယ့် သမ္မတ ရွေးကောက်ပွဲမှာ အမေရိကန်ဂျူးတွေရဲ့ ထောက်ခံမဲရရှိရေးအတွက် နေတန်ယာဟု အစိုးရရဲ့ မိုက်ရူးရဲဆန်ဆန် စစ်ရေးအရ လက်ဦးမှု ရယူတိုက်ခိုက်ရေး သဘောထားကို သဘောတူလက်ခံမှာလား၊ ဒါမှမဟုတ် အီရန် အဏုမြူလက်နက် ထုတ်လုပ်ရေးအစီအစဉ်ကို အမြော်အမြင်ကြီးစွာ၊ ဆင်ခြင်တုံတရားကြီးစွာ ငြိမ်းချမ်းစေ့စပ်ဖြေရှင်းနိုင်ဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ အတူပူးပေါင်းဆောင်ရွက်မှာလား ဆိုတာ မေးရပါလိမ့်မယ်။

နောက် ဆုံး အမေရိကန်အစိုးရကို သတိပေးချင်တာက အီရန်အပေါ် စစ်ရေးအရ လက်ဦးမှု အရယူတိုက်ခိုက်ရေး စီမံကိန်းမှာ အစ္စရေးနဲ့အတူ အမေရိ ကန်တို့ ပူးပေါင်းပါဝင်မယ်ဆိုရင်တော့ နောက်ဆက်တွဲအကျိုးဆက်တွေဟာ အီရတ်၊ အာဖဂန်စစ်ပွဲထက် ပိုမိုဆိုးဝါးကြီးကျယ်လာနိုင်စရာရှိတယ်ဆိုတာ သတိထားဖို့ပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် အရှေ့အလယ် ပိုင်းရဲ့ ကောင်းကင်တစ်ခိုမှာတော့ စစ်ပွဲသစ်တစ်ရပ်အတွက် လှုပ်ရှားနေတဲ့ တိမ်မည်းတွေနဲ့ အုံ့ဆိုင်းမှိုင်းမှုန်နေပါပြီ။

သန်းစိုးနိုင်

REF:ANOTHER WAR IN
MIDDLE EAST
F.ZAKARIA :19/MARCH 12: NW

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: