“ညီမလေးရယ် ….. အိမ်မှာပဲနေပါ”
မကြာသေးမီက သတင်းတစ်ပုဒ် ဖတ်လိုက်ရသည်။ မလေးရှားနိုင်ငံ ဝန်ကြီးချုပ် Datuk Seri Najib Tun Razak မှ မြန်မာ အမျိုးသမီးလေးများကို အိမ်ဖော်အဖြစ် မလေးရှားနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်ရန် ခေါ်ယူလိုသည်ဟု ဆိုသည်။
ပြောင်းလဲတိုးတက်နေသော ခေတ်နှင့်အညီ အိမ်ထောင်စုတစ်ခုတွင် ခင်ပွန်းနှင့်တန်းတူ ရင်ဘောင်တန်းကာ အလုပ်လုပ်ရသော ဇနီးသည်များထဲတွင် မလေးရှားအိမ်ထောင်ရှင်မများလည်း အပါအဝင်ဖြစ်သည်။ အနှီ အိမ်ထောင်ရှင် အမျိုးသမီးများအတွက် အိမ်မှုကိစ္စများကို ဆောင်ရွက်ရန် Domestic Worker ဟူသော အိမ်ဖော်များသည် မရှိမဖြစ် လိုအပ်လှပေသည်။
မလေးရှားနိုင်ငံသို့ အင်ဒိုနီးရှား၊ ကမ်ဘောဒီးယား၊ လော၊ ဖိလစ်ပိုင်၊ ဗီယက်နမ်အစရှိသော အာရှနိုင်ငံများမှမိန်းကလေးများ အိမ်ဖော်အဖြစ် လာရောက် အလုပ်လုပ်ကိုင်ကြသည်။ ယင်းသို့ လာရောက်သော အိမ်ဖော်ဦးရေမှာ ၃၀၀,၀၀၀ ခန့် ရှိပြီး ၈၀% မှာ အင်ဒိုနီးရှားနိုင်ငံမှ ဖြစ်သည်။ အင်ဒိုနီးရှားအိမ်ဖော် မလေးများသည် မလေးရှားတွင် လူကြိုက်များလှသည်။ အကြောင်းရင်းမှာ အင်ဒိုနီးရှား ဘာသာစကား Bahasa Indonesia သည် မလေးရှားနိုင်ငံ ရုံး သုံးဘာသာစကားဖြစ်သော Bahasa Melayu နှင့် အလွန်နီးစပ်၍ အင်ဒိုနီးရှားအိမ်ဖော်များသည် မလေးရှားနိုင်ငံသား အလုပ်ရှင်များနှင့်ကောင်းမွန် စွာ ပြောဆို ဆက်ဆံနိုင်သောကြောင့် ဖြစ်သည်။
ဤလောကကြီးသည် အကောင်းနှင့်အဆိုးကား ဒွန်တွဲနေတတ်သည်။ လူဆိုသည်ကား သူတော်ကောင်းရှိသလို သူယုတ်မာလည်းရှိပါသည်။ လူကောင်း ရှိသလို လူဆိုးများလည်း ပေါလှချေသည်။ ထိုကဲ့သို့ အိုးပစ်အိမ်ပစ် တနယ်တကျေးတွင် စွန့်စားလာရောက် အလုပ်လုပ်ရရှာသော အိမ်ဖော်မလေးများ၏ ဘဝသည်ကား ကံဇာတ်ဆရာနှင့် လောင်းကြေးထပ်ကြရသည်။ ကံကောင်းပါက ကြင်နာသနားတတ်သော အလုပ်ရှင်နှင့် ကြုံရတတ်ပြီး ကံအကြောင်းမ လှသူ အချို့ သော မိန်းကလေးများမှာမူ ရက်စက်တတ်သော၊ ညှင်းပန်းနှိပ်စက်တတ်သောအလုပ်ရှင်များနှင့်ကြုံကြရကာ အသက်ပင်ဆုံးရှုံးရတတ်သည် ဤစာစုတွင်ကံအကြောင်းမလှ၍ ကြမ္မာ၏ သားကောင်ဖြစ်ရရှာသော ညီမငယ်လေးများအကြောင်းကို အနည်းငယ်တင်ပြလိုပါသည်။
အင်ဒိုနီးရှားမှ Nirmala Bonat သည် ၂၀၀၃ ခုနှစ်၊ စက်တင်ဘာလမှ ၂၀၀၄ ခုနှစ်၊ မေလအထိ Hik Ik Ting နှင့် ဇနီးဖြစ်သူ Yim Pek Ha တို့ နေ ထိုင်သော Kuala Lumpur, Jalan Tun Ismail ရှိ Villa Putera သို့  ရောက်ရှိ ခဲ့သည်။ သူမ နေထိုင်စဉ်ကာလအတွင်း အိမ်ရှင်ဖြစ်သူ Madam Yim Peh Ha ၏ ညှင်းပန်းနှိပ်စက်မှုဒဏ် ကြောင့် ရုပ်ပျက်ဆင်းပျက် ဖြစ်ရရှာကာ သေမတတ်ခံစားခဲ့ရရှာသည်။ သူမ၏ ပြောကြားချက်အရ-………
‘ကျွန်မရဲ့ သူငယ်ချင်းတွေ မလေးရှားကို သွားအလုပ်လုပ်ပြီး ရွာကို ပိုက်ဆံထုပ်ပိုက်ပြန်လာတာတွေ တွေ့တော့ အားကျမိတယ်။ ဒါကြောင့် လာခဲ့တာပါ။ ဒီရောက်တော့ အနှိပ်စက်ခံရပါတယ်။ Mdm Yim က ကျွန်မကျောပေါ် ကို ရေနွေးပူပူနဲ့ လောင်းချပါတယ်။ သူစိတ်မထင်ရင် မထင်သလို စတီးလ်မတ် ခွက်နဲ့ မျက်နှာကို ရိုက်ပါတယ်။ မီးပူတိုက်တာ မပြန့်လို့ဆိုပြီး ကျွန်မရင်သားကို မီးပူ ပူပူနဲ့ ကပ်ပါတယ်။’
Nirmala Bonat ၏ တိုင်ကြားချက်အရ ညှင်းပန်းသူအလုပ်ရှင် လေယာဉ်မယ်ဟောင်း အသက် (၄၂)နှစ်ရှိ Yim Pek Ha ခမျာ တည်ဆဲဥပဒေများအရ အရေးယူခြင်းခံရကာ ၂၀၀၈ ခုနှစ်တွင် ထောင်ဒဏ် (၁၈)နှစ် ချမှတ်ခြင်း ခံရသည်။
အလားတူ ကြမ္မာဆိုးနှင့် ရင်ဆိုင်ရသူ နောက်ထပ် အိမ်ဖော်မလေးတစ်ဦးမှာလည်း အင်ဒိုနီးရှားမှပင် ဖြစ်သည်။ အသက် (၂၆)နှစ်အရွယ် Win Faidah သည် ၂၀၀၉ခုနှစ်ကုန်ပိုင်းတွင် မလေးရှားနိုင်ငံ၊ Jelutong သို့ လာရောက်ခဲ့သည်။ သူမ၏အဖြစ်အပျက်မှာ ရင်နာစရာ ကောင်းလှပေသည်။ Win Faidah ၏ ပြောပြချက်အရ သူမ၏ အလုပ်ရှင် အသက် (၄၂)နှစ်ခန့် ခင်ပွန်းသည်က သူမအလုပ်လုပ်ကိုင်ခဲ့သော ၂၀၀၉ ခုနှစ်ကုန်မှစ၍ ၂၀၁၀ ခုနှစ် ၊ မေလအတွင်း သူမအား အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည်ဟု ဆိုပါသည်။ ထိုသို့ အိမ်ရှင်အမျိုးသားမှ ပြုကျင့်စဉ်တွင် ၄င်း၏ အသက် (၃၆)နှစ်ခန့်ရှိသူ ဇနီးသည်ဖြစ်သူမှ အားပေးကူညီခဲ့သည်ဟုဆိုပါသည်။ Win FaiDah မှ ရုန်းကန်ဟစ်အော် အကူအညီတောင်းခံခြင်းမပြုနိုင်ရန် ယင်းဇနီးသည်ဖြစ်သူမှ သူမအား ကန်ကျောက်ရိုက်နှက်ခြင်း၊ ခြေလက်များကို ချုပ်ကိုင်ပေးခြင်းစသဖြင့် ၄င်း၏ ခင်ပွန်းသည်ဖြစ်သူအား ကူညီပေးသည်ဟု ဆိုပါသည်။ ထိုသို့ ညှင်းပန်း၍ အားရသောအခါ လူမဆန်သော ဇနီးမောင်နှံသည် Win Faidah အား မလေးငွေ ရင်းဂစ် ၃၀ ပါသော စာအိတ်တလုံးဖြင့် ၄င်းတို့အိမ်မှ ကီလိုမီတာ ၈၀ ကွာဝေးသော Nibong Tebal အရပ်ရှိ လူမနေသော အိမ်ဟောင်းတစ်လုံးတွင် တကိုယ်လုံး ဒဏ်ရာများနှင့် ပြည့်နှက်နေသော Win Faidah အား ကြိုးတုပ်ကာ စွန့်ပစ်ခဲ့သည်။ တာဝန်သိပြည်သူ လမ်းသွားလမ်းလာတစ်ဦးမှ သူမအားရှာဖွေတွေ့ရှိခဲ့ပြီးနောက် သက်ဆိုင်ရာသို့အကြောင်း ခဲ့ပြီး သူမအား ကယ်တင်နိုင်ခဲ့သည်။
ထိုစဉ်က Win FaiDah သည် ဦးခေါင်းမှ သွေးတသွင်သွင် ယိုစီးလျက်ရှိသည်။ သူမ၏ ရင်သားနှင့်ကျောတွင် ရေနွေးပူလောင်သောကြောင့် ဒဏ်ရာ အကြီးအကျယ်ရခဲ့သည်။ ခြေလက်များလည်း ရက်ရက်စက်စက် ကျိုးလုနီးနီး ရိုက်နှက်ခံ ထားရရှာသည်။ သေကံမရောက် သက်မပျောက်ဟူသော စကားအတိုင်း သူမ သေတွင်းမှ လွတ်မြောက်ခဲ့ရရှာသည်။
၂၀၀၉ ခုနှစ်တွင် အလားတူ ဖြစ်ရပ်တစ်ခုမှာ အသက် ၃၅ နှစ်အရွယ် အင်ဒိုနီးရှားအိမ်ဖော် Siti Hajar အား အလုပ်ရှင်ဖြစ်သူ Madam Hau Yuan Tyng, အသက် ၄၅ နှစ်မှ တူဖြင့်ထုခြင်း၊ ကတ်ကြေးဖြင့်ထိုးခြင်း၊ ရေနွေးပူဖြင့်လောင်းခြင်း စသဖြင့် ညှင်းပန်းနှိပ်စက်မှုကြောင့် သူမခမျာ ကိုယ်လွတ် ရုန်းထွက်ပြေးကာ အင်ဒိုနီးရှားသံရုံးသို့ အကူအညီတောင်းခံခဲ့ရသည်။ အနှီ လူမဆန်သော အလုပ်ရှင်မှာလည်း ဥပဒေအရအရေးယူခြင်း ခံရပြီး ထောင် ဒဏ် ၁၁ နှစ် ကျခံခဲ့ရလေသည်။
ဤကဲ့သို့ မလေးရှားနိုင်ငံမှ အလုပ်ရှင်များ၏ လူမဆန်သောအပြုအမူများကြောင့် အင်ဒိုနီးရှားအစိုးရသည် ၂၀၀၉ ခုနှစ်၊ ဇွန်လတွင် မလေးရှားသို့  ယင်းနိုင်ငံသူများအား အိမ်ဖော်အဖြစ် စေလွှတ်ခြင်းကို ရပ်ဆိုင်းခဲ့ပြီး မလေးရှားအစိုးရထံ အင်ဒိုအိမ်ဖော်များ အား လူ့အခွင့်အရေးဆိုင်ရာ ကာကွယ်ပေး ရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့သည်။ မလေးရှားနိုင်ငံ၏ လူနေမှုပုံစံအရ အိမ်ဖော်များမှ မိသားစုတိုင်းလိုလိုအတွက် မရှိမဖြစ် လိုအပ်သောကြောင့် မလေး ရှားအစိုးရမှ အင်ဒိုနီးရှားအစိုးရနှင့် ထပ်မံညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။ ၂၀၁၁ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင်မူ အင်ဒိုနီးရှားအစိုးရမှ ယင်းတို့ သဘောထားကို အတိအလင်း ဤသို့ကြေငြာခဲ့သည်။
‘တစ်လကို လစာ ရင်းဂစ် ၄၀၀, ၅၀၀ လောက်နဲ့တနေ့ကို ၁၈နာရီမှ နာရီ၂၀ ထိ ကျွဲလိုနွားလို လုပ်ရတဲ့အဖြစ်မျိုးတွေ မရှိစေချင်တော့ပါဘူး။ တစ်လကို လစာအနည်းဆုံးရင်းဂစ် ၇၀၀ ပေးစေချင်ပါတယ်။ ဒါ့အပြင် ယင်းလစာမှာလည်း အလုပ်တာဝန်တစ်ခုတည်းအတွက် ဖြစ်ပါတယ်။ ဥပမာ ကလေးထိန်းဖို့ အတွက် လစာ ရင်းဂစ် ၇၀၀ ပေးပြီး ခေါ်ထားတဲ့ အိမ်ဖော်တစ်ဦးကို အိမ်မှုကိစ္စတွေလုပ်စေချင်ရင် နောက်ထပ်လစာ အပိုဆောင်းပေးရမှာ ဖြစ်ပါတယ်။’
ထိုကြေငြာချက်ကြောင့် အိမ်ဖော်ခေါ်ယူလိုသော မလေးရှားမိသားစုများအကြား အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့သည်။ အများစုမှာ ဤမျှလစာကိုဈေး ကြီးသည်ဟု ထင်ကြသည်။ လက်ရှိအိမ်ဖော်တစ်ဦး၏လစာမှာ ရင်းဂစ် ၅၀၀ မျှသာရှိသည်။ ထို့ကြောင့်လည်း မလေးရှားဝန်ကြီးချုပ် Datuk Seri Najib Tun Razak မှ ယခုနှစ် မတ်လတွင်း မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးစဉ်အဖြစ်လာရောက်စဉ် မြန်မာအမျိုးသမီးများအိမ်ဖော်အဖြစ်ခေါ်ယူလိုကြောင်း ပြောကြားခဲ့သည်။
မလေးရှားအလုပ်ရှင်များသည် အိမ်ဖော်မလေးများအားညှင်းပန်းနှိပ်စက်တတ်ကြောင်း မကြာခဏဆိုသလိုပင် သတင်းစာများမှလည်းကောင်း၊ တဆင့် စကားဖြင့်လည်းကောင်း ကြားရတတ်သည်။ ကိုယ်တွေ့အဖြစ်အပျက် တစ်ခုအား ရေးပြချင်ပါသည်။ လွန်ခဲ့သော လေးနှစ်ခန့်ကဖြစ်ပါသည်။ ထိုစဉ်က ကျွန်မသည် မလေးရှားတွင် အလုပ်လုပ်ဆဲ ဖြစ်ပါသည်။ ကျွန်မ၏ ဘေးအိမ်တွင် သားသမီးမရှိသော ဇနီးမောင်နှံမှ Wati ဆိုသူ ၁၉နှစ်အရွယ် အိမ်ဖော် မလေးတယောက်အား ငှားထားပါသည်။ အတိုချုပ်ဆိုရပါလျှင် အိမ်ရှင်အမျိုးသား၏ မကြာခဏမတရားပြုကျင့်မှုကိုခံရရှာသော Wati တယောက် လပိုင်းအတွင်း ကိုယ်လေးလက်ဝန် ရှိလာပါသည်။ ကလေးမျက်နှာမြင်သောအခါ မိန်းကလေးဖြစ်သောကြောင့် အနှီလင်မယားမှ မမွေးလိုဟု ဆိုပါ သည်။ ထိုကလေး ဘာဖြစ်လေသနည်း။ ဆက်ပါမည်။ အနှီ လူ့တိရစ္ဆာန်ဇနီးမောင်နှံသည် လပိုင်းသာရှိသော ကလေးငယ်အား အင်ဒိုနီးရှား၊ Batam မှ နာမည်ကြီး လူကုန်ကူးဂိုဏ်းမှတဆင့် ပြည့်တန်ဆာအိမ်သို့ ရင်းဂစ် ၇၀၀၀ ဖြင့် ရောင်းချလိုက်လေသည်။ နောက်ထပ်ဖြစ်ရပ်တစ်ခုကို ထပ်၍ ပြောပြ ချင်ပါသေးသည်။ မယုံလျှင် ပုံပြင်ဟုသာမှတ်ပါ။ သို့သော် ပုံပြင်မဟုတ်ပါ။ ငွေကြေးချမ်းသာသော မိသားစုတစ်ခုတွင် သားတစ်ယောက် ရှိပါသည်။ အဆို ပါသားသည် ထိုစဉ်က ၁၅နှစ်အရွယ် ဖြစ်ပါသည်။ သူတို့အိမ်တွင်အသက် ၂၂နှစ်အရွယ် အိမ်ဖော်မလေး ရှိပါသည်။ Ahmar ဟုခေါ်ပါသည်။
အင်ဒိုမလေးပင် ဖြစ်ပါသည်။ သားဖြစ်သူသည် မူးယစ်ဆေးဝါးသုံးစွဲခြင်းကို မလိုလားသော မိဘများမှ အိမ်ဖော်မလေး Ahmar အား သားဖြစ်သူ၏ တနေ့တာ လှုပ်ရှားမှုမှန်သမျှကို စောင့်ကြည့်နေစေပြီး ဆေးလိပ်ခိုးသောက်ပါက ၄င်းတို့အား အသိပေးရန် မှာကြားထားခဲ့သည်။ Ahmar တယောက် တာဝန်ကျေရှာပါသည်။ ထို့ကြောင့်လည်း ထိုသူငယ်လေးမှ အာဃာတထားကာ မိဘများ နယ်ဝေးသို့ ခရီးထွက်နေစဉ်တွင် အပေါင်းအပါတစုအား အိမ် သို့ခေါ်ကာ လက်စားချေလေတော့သည်။ မည်သို့လက်စားချေလေသနည်း။ နားနှင့်မနာ ဖဝါးနှင့်နားတော်မူကြပါရှင့်။ ဆင်းရဲနွမ်းပါးရှာသော သနားစရာ Ahmar လေးအား သူတို့တတွေမှ ဝိုင်းဝန်းချုပ်နှောင်ထားကြကာ အိမ်တွင် မွေးထားသော ခွေးထီးကြီးနှင့် အတင်းအကြပ် အဝှာဟိုဒင်း သံဝါသမှုကို ဇွတ်အတင်း သွတ်သွင်းခဲ့ကြပါသတဲ့။ ကလေးမခမျာမှာ သူတို့တတွေ၏ ဝိုင်းဝန်းရိုက်နှက်မှုကြောင့် ဆေးရုံရောက်ပြီး မကြာခင်မှာပင် အသက်ပျောက်ခဲ့ သည်။ ငွေကြေးပြည့်စုံသော မိဘများ၏ ဝိုင်းဝန်ဖုံးဖိမှုကြောင့် တိုင်းသိပြည်သိ မဖြစ်ခဲ့သော်ငြား ထိုသတင်းသည် နီးစပ်ရာအသိုင်းအဝိုင်းတွင်မှာတော့ ဟိုးဟိုးကျော်ခဲ့လေသည်။
မလေးရှားနိုင်ငံတွင် အိမ်ဖော်အဖြစ် လာရောက်နေထိုင်သူ အာရှနိုင်ငံများမှ ညီမလေးများ သိန်းနှင့်ချီ၍ ရှိနေပါသည်။ မိသားစုအတွက် အိုးပစ်အိမ်ပစ် စွန့်စားရုန်းကုန်ရှာသော အနှီမိန်းကလေးများထဲတွင် Wati တို့လို၊ Siti တို့လို ကံဆိုးရှာသူ ညီမလေးများ မည်ရွေ့မည်မျှ ရှိပေမည်နည်း။
အကယ်၍များ….အကယ်၍များပေါ့လေ မိမိနှင့် နီးစပ်ရာ မြန်မာမလေးများမှ ‘မမရေ၊ မလေးရှားမှာ အိမ်ဖော်လုပ်ရင်ကောင်းမလား’မေးလာပါက ကျွန်မ တွင် အဖြေတစ်ခု အဆင်သင့်ရှိနေပါသည်။
‘ညီမလေးရယ်၊ ကိုယ့်အိမ်ကိုယ့်ရာနဲ့တူတဲ့ အမိမြန်မာပြည်မှာပဲ နေပါ’ ဟူ၏။
အပိုင်း(၂)
တိုးတက်ပြောင်းလဲလာသော စီးပွားရေး၊ လူမှုရေးနှင့်အညီ မလေးရှားနိုင်ငံ၏ လူနေမှုစနစ်သည်လည်း တဆစ်ချိုး ပြောင်းလဲလာခဲ့ရသည်။ ယခင်က အိမ်ထောင်တစ်ခုတွင် အဝတ်လျှော်၊ ကလေးထိန်းစသော အိမ်မှုကိစ္စများကို တာဝန်ယူခဲ့သော မလေးရှားအိမ်ရှင်မများသည် ၁၉၉၀ ပြည့်နှစ်နောက်ပိုင်း မှ စ၍ ခင်ပွန်းဖြစ်သူနှင့် တန်းတူရည်တူ တက်ညီလက်ညီ မိသားစုအတွက် ရုန်းကန်လာကြသည်။ ထိုသို့သော အိမ်ရှင်မများအတွက် အိမ်ထောင့်တာဝန် ကို ကူညီထိန်းသိမ်းပေးရန် ကူဖော်လောင်ဖက် အိမ်ဖော်များကို လိုအပ်လာခဲ့သည်။ အချို့ ငွေကြေးပြည့်စုံသော မိသားစုများတွင်မူကား အိမ်ထောင်ရှင်မ များသည် ပင်ပန်းသည်ဟူသော အကြောင်းပြချက်ဖြင့် မိသားစု၏ ဝိစိကိစ္စအဝဝကို ဆောင်ရွက်ရန် အိမ်ဖော်များကို အားထားကြသည်။
မည်သို့ပင် ဖြစ်စေကာမူ သိန်းနှင့်ချီနေသော အာရှနိုင်ငံကလေးများမှ အိမ်ဖော်မလေးများသည် မလေးရှားမိသားစုများအကြားဝယ် မိဝေးဖဝေး ဝမ်းရေး အတွက် ရုန်းကန်ရရှာသည်။
မလေးရှားနိုင်ငံသား အလုပ်ရှင်များသည် အိမ်ဖော်မလေးများကို မြေနိမ့်ရာလှံစိုက် နိုင်ထက်စီးနင်း ပြုမူသည်ဟူသော နာမည်ဆိုးဖြင့် ကျော်ကြားသည်။ ၂၀၀၉ ခုနှစ် နှစ်လည်ပိုင်းတွင် ထိုသို့သော ညှင်းပန်းနှိပ်စက်မှုဖြစ်ရပ်များကြောင့် အင်ဒိုနီးရှားနိုင်ငံများမှ မလေးရှားသို့ အိမ်ဖော်မိန်းကလေးများစေ လွှတ်ခြင်းကို ဆိုင်းငံ့ခဲ့သည်။ ထိုအခါ မလေးရှားအစိုးရမှ အခြားအာရှနိုင်ငံဖြစ်သော ကမ်ဘောဒီးယားနိုင်ငံမှ အိမ်ဖော်မလေးများကို တင်သွင်းခဲ့ရသည်။ ၂၀၀၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်ကုန်အထိ မလေးရှားနိုင်ငံတွင် အလုပ်လုပ်သော ကမ်ဘောဒီးယားအိမ်ဖော်မလေးများ ဦးရေမှာ ၅၀,၀၀၀ ကျော်ခန့် ရှိသည်။
ဘာသာစကားအခက်အခဲရှိသော အနှီ ကမ်ဘောဒီးယား အိမ်ဖော်မလေးများ၏ဘဝမှာ အင်ဒိုမလေးများကဲ့သို့ပင် ကံအကြောင်းမလှ၍ ရက်စက် တတ်သော အလုပ်ရှင်မျိုးနှင့် ကြုံရသည်ကများသည်။ နှစ်နိုင်ငံအစိုးရအကြား သဘောတူညီမှုများရှိပါသည်ဟု ဆိုသော်ငြား အနှီ ကလေးမများကို ကာကွယ်ပေးနိုင်သော ဥပဒေ သတ်သတ်မှတ်မှတ်မရှိခြင်းကြောင့် ကမ်ဘောဒီးယားမှ အိမ်ဖော်မလေးများသည်လည်း ညှင်းပန်းမှုဒဏ်နှင့် မလွတ် ကင်းရှာပေ။
Human Rights Watch ၏ မှတ်တမ်းများအရ ကမ်ဘောဒီယားအိမ်ဖော်မလေးများ၏ လစာငွေသည် ရင်းဂစ် ၄၀၀ မှ ၆၅၀အတွင်း ဖြစ်သည်။
အိမ်ဖော် မလေးများ အများစုသည် လစာကို ပုံမှန်မရကြဟု ဆိုသည်။ တရက်လျှင် နာရီ ၂၀မျှ အလုပ် လုပ်ကြရပြီး ထမင်းဝအောင် မစားရဟု ဆိုသည်။ Human Rights Watch မှ ကမ်ဘောဒီးယား အိမ်ဖော်မလေး ၈၀ ဦးခန့်နှင့်တွေ့ဆုံမေးမြန်းခဲ့ရာ ထက်ဝက်ခန့်သည် နေ့စဉ်လိုပင် အလုပ်ရှင်၏ ကိုယ် ထိလက်ရောက် ရိုက်နှက်မှုကို ခံကြရပြီး (၃) ဦးမှာမူ အဓမ္မ ပြုကျင့်ခံရသည်ဟု ဆိုသည်။
မလေးရှားနိုင်ငံရှိ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး အဖွဲ့အစည်းတစ်ခုဖြစ်သော Tenaganita သည် သက်ဆိုင်ရာနှင့် ပူးပေါင်းဆောင်ရွက်၍ ညှင်းပန်းနှိပ်စက်ခံရသော ခိုကိုးရာမဲ့ အိမ်ဖော်မလေးများကို အကူအညီများစွာ ပေးနေသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ထိုသို့ Tenaganita မှ အကူ အညီကို ရယူခဲ့သော ကမ်ဘောဒီးယား အိမ်ဖော်မလေးများထဲတွင် အသက် ၃၁နှစ်အရွယ် Hok Pov လည်းပါဝင်သည်။ သူမသည် ၂၀၁၀ ခုနှစ်၊ ဧပြီလ တွင် မလေးရှားသို့ လာရောက်ခဲ့သူ ဖြစ်သည်။ Hok Pov က သူမ၏ အဖြစ်ကို ဤသို့ ပြောပြခဲ့သည်။
“မလေးရှားကို ရောက်ပြီး ၆ ပတ်အတွင်းမှာ ကျွန်မကိုယ်အလေးချိန် ၁၀ ကီလိုကျခဲ့ပါတယ်။ တနေ့ကို နာရီ၂၀ မနားတမ်းအလုပ်လုပ်ရတဲ့အပြင် ထမင်း ကို ဝအောင် မကျွေးပါဘူး။ အလုပ်ရှင်လင်မယားက မကြာခဏဆိုသလို ကျွန်မကို ပါးရိုက်၊ လက်သီးနဲ့ထိုး၊ ကန်ကျောက်ရိုက်နှက်တတ်ပါတယ်။ တခါ ကလည်း သွားကျွတ်တဲ့အထိ ပါးရိုက်ပါတယ်။ ကျွေးတော့ သူတို့အကျန် ကြက်ရိုးတို့ဘာတို့ အရိုးအရင်းကို ကျွေးတာပါ။
ဆာလွန်းတော့လည်း ဘာကျွေးကျွေးစားရပါတယ်။ ဒါအပြင် ကျွန်မကို ကတုံးတုံးပစ်ပါတယ်။ လစာလည်း မပေးပါဘူး” ဟုဆိုသည်။
Tenaganita မှ တာဝန်ရှိသူများက Hok Pov ကိုယ်စား သက်ဆိုင်ရာထံ တိုင်ကြားခဲ့သော်လည်း အထောက်အထားခိုင်လုံခြင်းမရှိဟု ဆိုကာ အရေး ယူခြင်း မရှိခဲ့ချေ။ Hok Pov ၏ လစာငွေကိုလည်း Tenaganita မှပင် သူမကိုယ်စား အလုပ်ရှင်ထံ အကြိမ်ကြိမ် တောင်းခံခဲ့သော်လည်း ယနေ့ထက် တိုင် ပေးချေခြင်း မရှိချေ။
Men Chaveasna သည်လည်း Hok Pov ကဲ့သို့ပင် Tenaganita မှ ကူညီစောင့်ရှောက်ထားရသူ ဖြစ်သည်။ သူမသည် မလေးရှားနိုင်ငံတွင် အိမ်ဖော် အဖြစ် နှစ်နှစ်ကြာလုပ်ခဲ့ပြီး ထိုကာလအတွင်း လစာငွေ တပြားမျှ ရရှိခြင်း မရှိသည့်အပြင် အလုပ်ရှင်ဖြစ်သူမှ သူမအား လေဆိပ်တွင် စွန့်ပစ်ခဲ့သည်။ Tenaganita ၏ အကူအညီဖြင့် သူမ၏ အလုပ်ရှင်ကို တရားစွဲဆိုခဲ့ပါသော်လည်း သူမ၏ အမှုမှာ အကြောင်းမဲ့ ဆိုင်းငံ့ခြင်းခံခဲ့ရပြီး သူမ၏ လစာငွေ စုစုပေါင်း ရင်းဂစ် ၇၀၀၀ ကျော်ကို ယနေ့ထိတိုင် လက်ခံရရှိခြင်း မရှိချေ။
အလားတူ အဖြစ်မျိုးနဲ့ ကြုံတွေ့ရသူ နောက်တစ်ဦးမှာ အသက် ၃၀ ကျော် Orn Eak ဖြစ်သည်။ သူမသည်လည်း ကမ်ဘောဒီးယားမှပင်ဖြစ်သည်။ Orn Eak သည် ၂၀၁၀ ခုနှစ် နှစ်ဆန်းပိုင်းတွင် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ သို့ လာရောက်ခဲ့သည်။ သူမသည် နားရက်မရှိ၊ နားချိန်မရှိ အလုပ်ရှင်၏ မိခင် လူမမာကို ပြုစုရရှာသည်။
မကြာခဏ ဆိုသလို လူမမာ အမယ်အို၏ ကုတ်ဖဲ့ခြင်း၊ ကန်ကျောက်ရိုက်နှက်ခြင်းကို ခံရရှာပြီး တနေ့လျှင် ခေါက်ဆွဲပြုတ် တစ်ထုပ်သာ စားရသည်ဟု ဆိုသည်။ သက်တမ်းစေ့၍ နေရပ်သို့ ပြန်လိုသောအခါ အလုပ်ရှင်မှ လစာ တပြားမျှမပေးပဲ လေယာဉ်ပေါ် တင်လွှတ်ခဲ့သည်။ နေရပ်ဖြစ်သော ဖနွမ်းပင် သို့ ရောက်သောအခါ Orn Eak ခမျာ သူမကို စေလွှတ် ခဲ့သော အိမ်ဖော်အေးဂျင့်ထံ အားကိုးတကြီး သွားရှာပါသည်။ သို့သော် ခမျာမှာ အေးဂျင့်၏ ရုံးခန်းတွင် ယောင်္ကျားကြီး လေး ငါးယောက်၏ ဝိုင်းဝန်းထိုးကြိတ်မှုကိုခံရရှာပြန်သည်။ နောက်ဆုံးတွင် Orn Eak ၏ အကြောင်းကြားမှုကြောင့် မိခင်ဖြစ် သူပါ လိုက်လာခဲ့ပြီး အဆုံးတွင် သူမရသင့်သော လစာငွေ၏ ထက်ဝက်ကိုသာ လက်ခံရရှိခဲ့သည်။
အချို့သော ကမ်ဘောဒီးယားအိမ်ဖော်မလေးများမှာ ညှင်းပန်းမှုဒဏ်ကိုမခံနိုင်လေသောကြောင့် ကိုယ်လွတ်ရုန်းကာ ထွက်ပြေးကြသည်။ သို့ရာတွင်ဆွေ မရှိ မျိုးမရှိ ဘာသာစကား မတတ်ကျွမ်းသော ရေခြားမြေခြားတွင် မည်သို့ရှင်သန်နိုင်ပါမည်နည်း။ အသက် ၁၉နှစ်အရွယ် Thong သည် အလုပ်ရှင်၏ ရိုက်နှက်မှုကို မခံနိုင်လွန်းသောကြောင့် နိုင်ငံကူးလက်မှတ်ပင်မယူနိုင်ပဲ ကိုယ်လွတ်ရုန်းထွက်ပြေးခဲ့သည်။ ခိုကိုးရာမဲ့ Thong သည် လမ်းတွင်တွေ့သော သူစိမ်းအမျိုးသားတစ်ဦးအား သံရုံးသို့လိုက်ပို့ပေးပါရန် အားကိုးတကြီးအကူအညီ တောင်းခံရှာသည်။ Thong ကံဆိုးရှာပါသည်။ အနှီ အမျိုးသားသည် ကား ဥပဒေ အပြင်ဘက်မှလူ ဖြစ်နေချေတော့သည်။ သကောင့်သားသည် Thong အား သံရုံးအစား သူ၏နေအိမ်သို့ ခေါ်ဆောင်သွားခဲ့သည်။
၎င်း၏ နေအိမ်၌ Thong အား လနှင့်ချီ၍ ချုပ်နှောင်ထားခဲ့ပြီး ညှင်းပန်းနှိပ်စက်ရုံမျှမက လိင်ကျေးကျွန်အဖြစ် သွတ်သွင်းခဲ့သည်။ ထိုသကောင့်သား အား ရဲမှ အခြားသော ပြစ်မှုများအတွက် ဝင်ရောက်ဖမ်းဆီးသောအခါ ၄င်းချုပ်နှောင်ထားသော Thong ကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုစဉ်က Thong တွင် နိုင်ငံ ကူးလက်မှတ် မရှိလေသောကြောင့် သူမအား မလေးရှား လူဝင်မှုကြီးကြပ်ရေးမှ ထောင်ဒဏ် ၇ လ ချမှတ်ခဲ့သည်။ သနားစရာ သူမသည် လူယုတ်မာ၏ အဓမ္မပြုကျင့်မှုကြောင့် ရရှိလာသော ကိုယ်ဝန်ကို ထောင်ထဲတွင်ပင် ကလေးမျက်နှာမြင်ခဲ့ရသည်။
ယင်းသို့ ကမ်ဘောဒီးယား အိမ်ဖော်မလေးများအား မလေးရှားအလုပ်ရှင်များမှ ညှင်းပန်း၍ တိုင်ကြားမှုများသည် ၂၀၀၉ မှ ၂၀၁၁ နှစ်ကုန်အထိ အမှုပေါင်း ၂၀၀၀ ကျော်ခဲ့သည်။ ၂၀၁၁ခုနှစ်၊ အောက်တိုဘာလတွင် ကမ်ဘောဒီးယား အစိုးရမှ ၄င်းနိုင်ငံသား မိန်းကလေးများကို မလေးရှားနိုင်ငံသို့ အိမ်ဖော်အဖြစ် ထပ်မံစေလွှတ်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်။ မလေးရှားနိုင်ငံဆိုင်ရာ ကမ်ဘောဒီးယား သံအမတ် Norodom Arunrasmy မှ ၄င်း၏ သဘောထားကို ဤသို့ပြောကြား ခဲ့သည်။
“မလေးရှားနိုင်ငံဟာ ကျွန်မတို့ ကမ်ဘောဒီယား အမျိုးသမီး အိမ်ဖော်မလေးတွေကို အဆိုးရွားဆုံး ဆက်ဆံတဲ့ နိုင်ငံ ဖြစ်ပါတယ်။
ကျွန်မတို့ မိန်းကလေးတွေ ညှင်းပန်းနှိပ်စက်ခံရလေတိုင်း သက်ဆိုင်ရာကိုတိုင်ကြားသော်ငြား မည်သည့်ဌာန၊ အဖွဲ့အစည်းကမှ အရေးတယူပြုခြင်း မရှိ ခဲ့ပါဘူး။ ဒါ့အပြင် မလေးရှား လူဝင်မှုကြီးကြပ်ရေးမှလည်း ဒီလိုကိစ္စတွေကို ဖြေရှင်းပေးခြင်း မရှိပါဘူး” ဟု ဆိုသည်။
ဘာသာစကား နားလည်တတ်ကျွမ်းခြင်းမရှိသော တပြည်ရပ်ခြားတွင် မိဘမောင်ဖွားမပါ၊ မိမိဘဝအား အလုပ်ရှင်၏ လက်သို့ ဝကွက်အပ်လိုက်ရမည့် အဖြစ်မျိုးသည် လမိုက်ညဝယ် ချောက်ကမ်းပါးစပ်၌ လမ်းထွက်လျှောက်ခြင်းနှင့်တူ၏။
အေးဂျင့်ဟူသည်ကား ရွှန်းရွှန်းဝေအောင် ပြော၍ ဆွယ်တရားဟောမည် ဖြစ်၏။ မည်သို့ပင် နှစ်နိုင်ငံ အစိုးရချင်း သဘောတူညီချက်များ ရှိစေကာမူ အမိမြေ၏ ပြင်ပတွင် ကျားသနားမှ နွားချမ်းသာရသော ဘဝမျိုးကိုသာ ရင်ဆိုင်ရပေမည်။
မိမိတို့ မြန်မာအမျိုးသမီးများအား အင်ဒိုနီးရှားနှင့် ကမ်ဘောဒီးယားမှ အိမ်ဖော်မလေးများကဲ့သို့ နစ်နာသွားမှာ စိုးလှသည်။
အန္တရာယ် အပြည့်နှင့် ဤခယောင်းလမ်းကို မလျှောက်လှမ်းစေချင်ပါ။ ထပ်ပြီး ပြောပါရစေ။
“ညီမလေးရယ် ….. အိမ်မှာပဲနေပါ။”
မှီညွှန်းကိုးကား-
http://khmerization.blogspot.com/2012/01/cambodian-maids-need-legal-protection.html
Qing Minya (Facebook-မှကူးယူဖေါ်ပြပါသည်။)