ကောင်းသော ပြောင်းလဲခြင်း၏ တည်တံ့နိုင်ရေး


ကောင်းသော ပြောင်းလဲခြင်း၏ တည်တံ့နိုင်ရေး
ဒေါက်တာ ဒေါ်မြင့်မြင့်ခင်

မြန်မာပြည်ဟာ ဒီမိုကရေစီစနစ်ကို ပြောင်းတဲ့ အစိုးရသစ် တက်လာပြီးကတည်းက တနှစ်မပြည့်တပြည့် အချိန်မှာ ကမ္ဘာမှာ ချီးမွမ်းထောပနာပြုခြင်း အခံရဆုံးသော တိုင်းပြည်တပြည် ဖြစ်လာပါတယ်။ ကမ္ဘာနဲ့ နိုင်ငံတကာက တကယ်ချီးကျုးတာပါ။

“ကမ္ဘာရဲ့စီးပွားရေးမျက်နှာစာသစ်”၊ “အာရှကျား”၊ “ခရီးသည် အသွားထိုက်ဆုံးသောတိုင်းပြည်” … အားလုံး အပေါင်း လက္ခဏာ တွေနဲ့ ပြည့်နေတဲ့ အဆိုစကားတွေပါ။ ဘာကြောင့် ဒီလောက် ထူးထူးကဲကဲ ဖြစ်နေတာပါလိမ့်။ ဘာတွေ ကောင်းနေတာ ပါလိမ့်။ ကောင်းကျိုးဂုဏ် အင်္ဂါတွေဟာ အစိုးရ သစ်ရဲ့လုပ်ဆောင်ချက်၊ စွမ်းဆောင်ချက်တွေ ချည်းကြောင့်တော့ မဟုတ်ပါဘူး။ အစိုးရ သစ်က လမ်းကြောင်းပြောင်းပေးတာ မှန်ပါတယ်။ ဒါဟာ အရေးအကြီးဆုံးသော အပြောင်းအလဲဆိုတာ လှိုက်လှဲစွာ ၀န်ခံပါတယ်။ ဒါပေမယ့် ဒါ့ထက်ပိုပြီး အရင်းခံကျတဲ့ အကြောင်းတွေ ရှိပါတယ်။ ဒါတွေက ပိုအရေးကြီးပါတယ်။ ဒီတော့ မြန်မာပြည်ရဲ့လက်ရှိ အခြေအနေကို လက်တွေ့ကျကျ ဓမ္မဓိဌာန်ကျကျဆန်းစစ်ကြည့်မယ်ဆိုရင် သာရည်တွေ ကောင်း ချက်တွေက ဘာတွေလဲ…။

၁။ တိုင်းပြည်က သယံဇာတ ပေါကြွယ်ဝပါတယ်။ နည်းနည်းနောနော မဟုတ်တဲ့ အဖိုးမဖြတ်နိုင်တဲ့ သယံဇာတတွေပါ။

၂။ မြန်မာပြည်သူပြည်သား လူအများရဲ့ အရည်အသွေး (Human capital) – ဒီအချက်မှာတော့ မြန်မာဟာ ကမ္ဘာရှိ တိုင်းပြည်များထဲမှာ ထူးကဲစွာ သာရည်တွေ ရှိနေပါတယ်။ ပထမဦးဆုံး စာတတ်သူပေါများခြင်း (Literacy Rate) – ဒါကလည်း ဟိုးရှေးသမိုင်းစဉ်ဆက်ကစပြီး ရှိခဲ့တာ။ နှစ်ပေါင်း တစ်ထောင်လောက်ကစပြီး စဉ်ဆက်မပြတ်အရှိန်ကောင်းကောင်းနဲ့တည်ရှိနေခဲ့တဲ့ ဘုန်တော်ကြီးကျောင်းပညာရေး(Monastic education ) ကြောင့်ပါ။ ကမ္ဘာနဲ့ ကမ္ဘာ့သမိုင်းမှာ အံ့သြဖွယ်ကောင်းလောက်အောင် ထူးခြားတဲ့အောင်မြင်မှုပါ။

ပြည်သူတွေ စာတတ်တာဟာ ဘယ်လောက် ကောင်းချီးမင်္ဂလာတပါး ဖြစ်တယ်ဆိုတာ ကျွန်မတို့လို ဆေးလောကမှလူတွေ အသိဆုံးပါ။

ကျန်းမာရေး၊ ပညာပေးရေးနဲ့ ကျန်းမာရေးမြှင့်တင်ရေးမှာ ဘယ်လောက် ထိရောက်တယ်ဆိုတာ အခြားအခြားသော စာဖတ်တတ်သူ နည်းလွန်းတဲ့ တိုင်းပြည်မှာလုပ်တဲ့ ကျန်းမာရေးလုပ်သားများကလည်း မြန်မာမှာ Literacy rate ကောင်းတာကြောင့် လုပ်ရကိုင်ရတာ ဘယ်လောက်အောင်မြင် တယ်ဆိုတာ ထောက်ပြသွားကြပါတယ်။ နောက် သာရည်တခုကတော့ မြန်မာအမျိုးသမီးတွေရဲ့ လုပ်ရည် ကိုင်ရည်ဖြစ်ပါတယ်။ မြန်မာအမျိုး သမီးတွေဟာ ကျွန်မတို့နည်းတူ အမျိုးသမီးတွေ လွတ်လပ်မှုများများရထားတဲ့ အခြား ထေရ၀ါရ တိုင်းပြည်နဲ့ နှိုင်းယှဉ်လျှင်တောင် အမျိုးသမီးတွေ လူမှုဘ၀နဲ့ လုပ်ငန်းခွင် အပါအ၀င် ဆင်နွှဲပုံဟာ အင်မတန်မှ ထူးခြားပါတယ်လို့ ဆိုပါ တယ်။ အမျိုးသမီးတွေက လုပ်ရည်ကိုင်ရည်မှာ ပိရိသေသပ်ပြီး အဆင်မြင့်မြင့် လုပ်နိုင်ပါတယ်။ တိုင်းပြည်ကလည်း မြေအောက် သယံ ဇာတ (ဓာတ်ငွေ့၊ သတ္တု၊ ကျောက်သံပတ္တမြား) တွင်သာမက မြေကြီးက လည်း ရွှေသီးအောင် ကောင်းတယ်။ ရာသီဥတု ကလည်း ကောင်းတယ်။ လူတွေက မပျင်းဘူး။ လုပ်ရည်ကိုင်ရည် ကောင်းတယ်။ အခု အစိုးရက အပြောင်းအလဲလုပ်နေပြီဆိုတော့ ဘာလိုသေး တော့သလဲ မေးစရာရှိပါတယ်။ သိထားဖို့ ကောင်းတာတွေကတော့ …

၃။ အခု မြန်မာပြည်ပွင့်ထွက်လာတဲ့အချိန်ဟာ အာရှမှာလည်း စီးပွားရေးအရှိန်ကောင်းနေတဲ့အချိန်ဖြစ်တော့ အံကိုက်ဖြစ်သွားတယ်။ ဒါကြောင့် မြန်မာ့ စီးပွားရေးအလားအလာ သိပ်ကောင်းသွားတယ်။

၎။ တကမ္ဘာလုံးနဲ့ အဆက်ဖြတ်ထားတဲ့ တိုင်းပြည်က ပွင့်ထွက်လာတော့ ပြည်ပက အကူအညီပေးချင်တဲ့ လူတွေ ရှိတယ်။ (Capital) ရင်းနှီးမြှုပ်နှံ မှုတွေ စီးဝင်လာမယ်။ အရင်က ၀ိုင်းပယ်ခြင်း၊ ပခြင်း ခံထားရတဲ့ မျက်နှာငယ်တိုင်းပြည်ဆိုတော့ တရုတ်၊ စင်ကာပူ၊ ထိုင်းကိုပဲ ကုန်သွယ်တိုင်းပြည် အဖြစ် အားကိုးနေရတာ။ သူတို့ကလည်း စီးပွားရေးဆန်ဆန် ရက်စက်ပါတယ်။ ကျားသနားမှ နွားချမ်းသာရမယ် ဆိုတော့ အနိုင်ကျင့်ကြတာ မြန်မာ က ခါးစီးပြီးခံနေရပါတယ်။ သူတို့ပြုသလို နုနေရတာ။ အခု ဒီအခြေအနေဆိုးက လွတ်မြောတ်နိုင်ပါပြီ။

အခုတင်ပြခဲ့တာက အပေါင်းလက္ခဏာ သင်္ကေတတွေပါ။ အနုတ် လက္ခဏာတွေကော မရှိဘူးလား၊ ရှိတာပေါ့။ ဒါတွေကလည်း အရေးတကြီး အမြန် အဆန် ကိုင်တွယ်ဖြေရှင်းရမှာတွေ ဖြစ်နေတယ်။ အခါမလင့်ဘဲ ပြုပြင်ထိုက်တာတွေ။ မဟုတ်လျှင်တော့ တိုင်းပြည်ရဲ့ လမ်းစဉ်ဟာ အံချော်ထွက် သွားပြီး ဆိုးကျိုးတွေက ကောင်းကျိုးတွေကို သာသွားနိုင်ပါတယ်။ ဒီလို အဆိုးရလဒ်တွေဟာ အရင့်အရင် အစိုးရတွေ အနှစ် ၅၀ လုံးလုံး စီးပွားရေးနဲ့ အခြားဖွံ့ဖြိုးရေးတွေကို ချွတ်ခြုံကျအောင် လုပ်သွားခဲ့တဲ့ အမွေဆိုးတွေ ဖြစ်တယ်။ ဒါပေမယ့် အခု အစိုးရသစ်။ ဒီမိုကရေစီစနစ်ကို ပြောင်းသွား ပြီ။ ပြုပြင် ပြောင်းလဲရေးလုပ်ရာမှာ လုံးဝအပြစ်မတင်ဘူး။ အကာအကွယ်ပေးနေသလို ထင်ရတယ်။ ကျွန်မ စောစောပိုင်းတုန်က “ယုံကြည်မှု၊ ကွာ ဟချက်နဲ့ ယုံကြည်မှုတည်ဆောက်ရေး” ဆိုတဲ့ ဆောင်းပါးမှာ အရင်အစိုးရ (စစ်အစိုးရ) ကို ကာကွယ်ပေးသလို လုပ်နေရင် အခုအစိုးရကို ‘ဒီပုတ်ထဲ က ဒီပဲလို့’ ထင်တော့မယ်လို့ ရေးမိတော့ စိစစ်ရေးက ဖြတ် လိုက်တယ်။ စစ်အစိုးရ ဆိုတာလည်းဖြတ်တယ်။

တပ်မတော်အစိုးရလို့ ခေါ်ရမယ်လို့ နောင် ကျွန်မ သိရတယ်။ ကျွန်မကတော့ (military regime = stratocracy) ကို ဘာသာပြန်လိုက်တာပါ။ စိစစ်ရေးက ဒီကိစ္စမှာ ဘာကြောင့် အထိမခံ ကြွေပန်းကန် ဖြစ်နေပါလိမ့်။

ဒီလိုဆိုရင်တော့ လူတွေ စိတ်ထဲမှာ ပြောမထွက်ပေမယ့် စနိုးစနောင့်တော့ ဖြစ်နေဦးတော့မှာပဲ။ ယုံကြည်မှု အားနည်းသွားတော့မှာပဲ။

အထက်က ဆိုခဲ့တဲ့ အမွေဆိုးတွေက မြန်မာပြည်သူပြည်သားအတွက် ဘာချန်ထားခဲ့သလဲဆိုတော့ လူတွေ ဆင်းရဲနွမ်းပါးမှုပဲ။ ဒီလိုဆင်းရဲမှုဟာ အရင် ၃၀ ရာခိုင်နှုန်းကျော်ရာမှ အခု ၂၆ ရာခိုင်နှုန်း ကျလာတာကို ဂုဏ်ယူစွာနဲ့ ကြေညာနေတယ်။ ၂၆ ရာခိုင်နှုန်း ဆိုတာက လူ ၄ ယောက်မှာ တယောက်က ဆင်းရဲတယ် (Below Poverty Line) လို့ ဆိုတာ …။ ဒါ ကျေနပ်စရာလား၊ ဒီလောက် သယံဇာတ ကြွယ်ဝတဲ့ တိုင်းပြည်ကို ဒီလို အခြေအနေဆိုးရောက်အောင် လုပ်နိုင်ခဲ့ကြတာပါ။

ဒါတွင် မကသေးပါဘူး။ ဒီအစိုးရတွေ ချန်ခဲ့တဲ့ ကြွေးမြီတွေကလည်း ကြောက်စရာပါလား (Foreign debt > 11 billion)။ နောက်လူတွေ နာလန် ထဖို့ တော်တော် ခဲယဉ်းအောင် လုပ်သွားခဲ့တာပဲ။ ဘာတွေများ သုံးခဲ့တာပါလိမ့်။ ရှေးက ဘတ်ဂျတ်က ဘယ်သူမှမသိရတဲ့ ထင်သာ မြင်သာ မရှိခဲ့ တာဆိုတော့ မသိနိုင်တော့ပါဘူး။

ပညာရေးမှာလည်း (Literacy rate) စာရေး စာဖတ်တတ်မှုဆိုတဲ့ သာရည်ကို အစိုးရအဆက်ဆက် အခွင့်ကောင်းယူ အသုံးချ (exploit) ပြီး တိုး တက်ဖို့အတွက် လုပ်မပေးခဲ့ဘူး။ လူတန်းစားအသီးသီး အောက်ခြေသမားကစပြီး စက်ရုံအလုပ်သမားတွေကို တက်ကျွမ်းပညာ (technical knowledge) ဖြစ်ဖြစ် တိုးတက်အောင်မလုပ်ခဲ့ဘူး။ ပညာရေးစနစ်ကလည်း ခေတ်နောက် ပညာရေးစနစ် ဖြစ်သွားတယ်။ အနှစ် ၅၀ နောက်ကျနေ တာ မီအောင်လိုက်ဖို့ မလွယ်ဖြစ်သွားတယ်။ မြန်မာတွေက တော်ကြပါတယ်။ သင်ရတာ လွယ်တယ်။ တက် လွယ်လို့ တော်ပါသေးရဲ့၊ မျှော်လင့်ချက် ထားနိုင်တယ်။ ဒါပေမယ့် ပညာရေးစနစ်ကို ပြုပြင်ဖို့ ကောင်းပါပြီ။

ဒီလိုအကောင်းအဆိုး နှစ်ဘက်ကို ကြည်လင်ပြတ်သားစွာ မြင်ပြီးနောက် အကောင်းဆုံးဖြစ်အောင် plan (နည်းဗျုဟာ) ဆွဲရမယ်ဆိုရင် အလွန်တရာ အရေးကြီးတဲ့ ဦးတည်ချက် ရည်မှန်းချက်တွေ ထွက်ပေါ်လာတယ်။

၁။ ကတော့ ‘မျှတခြင်း’ (equity) ။   ။အဓိကအားဖြင့် ငွေကြေး (economic) မျှတရေးဖြစ်တယ်။ အခြား လူမှုဘ၀သာယာရေးအတွက် အခွင့်အရေး များဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ အခြားရပိုင်ခွင့်များမှာ လူတွေအားလုံး သာတူညီမျှဖြစ်ရန် လိုပါမယ်။

တနည်း ပြောရလျှင်တော့ အရေးကြီးဆုံးက ဆင်းရဲနွမ်းပါးမှုကို မဖြစ်အောင်တားဖို့၊ ကာကွယ်ဖို့ ရှိလာပြီမို့ ဒါကို ပယ်ဖျက်ဖို့ ပိုပြီး အရေးကြီးတယ်လို့ ဆိုရမယ်။ ဆင်းရဲချမ်းသာ ကွာဟမှု မပေါ်အောင်၊ ရှိနေလျှင်လည်း သည်လို ကျဉ်းမြောင်းအောင် လုပ်ရပါမယ်။ ဒီကွာဟမှု မရှိသေးတောင် မငြိမ်အောင် သို့မဟုတ် ကျဉ်းမြောင်းသွားအောင် လုပ်ဆောင်ရေးကတော့ အရေးအကြီးဆုံးအချက် ဖြစ်ပါ တယ်။ ဘယ်နည်းနဲ့ဖြစ်ဖြစ် ကာကွယ်ရန် လိုပါတယ်။ ကမ္ဘာ့ဘယ်နေရာမှာပဲ ကြည့်ကြည့် ဒီလိုကွာဟမှုရှိနေတဲ့ တိုင်းပြည်ဟာ မအေး ချမ်းပါ။ ဒီ ဘေးအန္တရာယ်ကတော့ အစိုးရနဲ့ ပြည်သူတွေ ရဲ့ အကြီးဆုံးသော ရန်သူဖြစ်လိမ့်မယ်။

၂။ Sustainability ။    ရရှိထားတဲ့ တိုးတက်မှုတွေ၊ ကောင်းကျိုးကောင်းချက်တွေ သာရည်တွေကို ဆက်လက်ရှင်သန်ဖွံ့ဖြိုးရန် ထိန်းသိမ်းထားရေး ၊ တပွဲတိုး ပေါ်တင်ဖြစ်ပြီး ကောက်ရိုးမီးလို အရှိန်သတ် ဖြစ်မသွားအောင် လုပ်ဖို့လိုပါတယ်။

တိုင်းပြည်ရဲ့တိုးတက်မှု အဘက်ဘက်ကို ရည်ညွှန်းတာပါ။ ဒါကြောင့် ဘာကိုစစ အကောင်အထည်ဖော်ဖို့ (POA = Plan of action) လုပ်ငန်း အစီအစဉ်မှာ ဒီဆက်လက်ရှင်သန်ရေးကို ကနဦးကတည်းက ထည့်သွင်း စဉ်းစားပြီး ‘ဘယ်လိုလုပ်မယ်’ ဆိုတာ သတ်သတ် မှတ်မှတ် အစီအစဉ် ရှိရပါမယ်။

၃။ ဥပဒေများ ။    ။ ဘယ်လို ဥပဒေဖြစ်ဖြစ်၊ ပြည်သူပြည်သားအားလုံးအပေါ် မျှတစွာ သက်ရောက်မှုရှိရေး။ အခုခေတ်အခါက နိုင်ငံရေး စနစ်ကြီးကို အမြစ်ကလှန်ပြီး ပြောင်းလဲလိုက်တာဆိုတော့ ဥပဒေအသစ်တွေ အများအပြား ထွက်ပေါ်လာမယ်။ မရှိသေးပြီး လိုအပ် နေသော အသစ်တွေ ထုတ် မယ်။ ပယ်ဖျက်သင့်လျှင် ပယ်ဖျက်မယ်။ ပြုပြင်စရာရှိရင် ပြုပြင်ပြောင်းလဲညှိပေးပြီး အသုံးဝင်အောင် လုပ်ပေး ကြရမယ်။ ဒီလို ဥပဒေတွေဟာ ဒီ မဏ္ဍိုင် ၃ ခုစလုံးဖြစ်တဲ့ အစိုးရဥပဒေပြုရေး၊ တရားစီရင်ရေးအပြင် စတုတ္ထမဏ္ဍိုင်လို့ ခေါ်တဲ့ မီဒီယာ (Media) မှာ အကျုံးဝင်မယ်။ ဒီမှာ အရေးကြီး တာက အသိပေးစရာက အားလုံးအတွက် ဖြစ်ရပါမယ်။ အကြောင်းအကျိုးကြောင့် ‘သာ’ နေတဲ့ လူတန်းစားက ဒီဥပဒေတွေရဲ့ ကောင်းကျိုးသာ ရည်တွေကို အသုံးပြု အကျိုးပြုတဲ့ လူတွေရှိသလို ဒီလိုသာရည်မျိုးမရှိတဲ့ လူတန်းစားက မသုံးလိုက်ရ မဖြစ်စေရပါ။ သိသူဖော်စား မသိသူကျော် သွား မဖြစ်စေရပါ။ ဒီလိုပဲ ဒီလိုပဲ ဒီဥပဒေတွေကို ရှောင်တတ် ကွင်းတတ်သူတွေက ရှောင်ကြပြီး မသိ နားမလည်သူတွေကတော့ ‘ခံလိုက်ဦး’ ဆိုတာ မျိုးလည်း မဖြစ်စေရပါ။ ကျွန်မက တဖက်သတ် အဆိုးမြင်ပြီး အစိုးရရဲ့လုပ်ဆောင်ချက်တွေကို ကပျက်ယပျက် ပြောနေတာမဟုတ်ပါဘူး။

ကျွန်မအသက်အရွယ်နဲ့ ကျော်ဖြတ်လာရတဲ့ နိုင်ငံရေးခေတ် ပေါင်းများစွာကို လက်တွေ့အတွေ့အကြုံရှိပါတယ်။ တကယ့် နဖူးတွေ့ ဒူးတွေ့တွေပါ။ စိစစ်ဝေဖန်လည်း လုပ်ကြည့်ပါ တယ်။ ဒီတော့ ပျဉ်ဖိုးတော့ နားလည်တယ်။ ကတိက၀တ်တွေနဲ့ အဲ့ဒါတွေက ပေးတဲ့ မျှော်လင့်ချက်တွေလည်း အများကြီး သိခဲ့ရပြီးပါပြီ။ ဖဆပ ခေတ်က ‘ပြည်တော်သာစီမံကိန်း’ ‘အိမ်တလုံး၊ ကားတစီး၊ လခ ၈၀၀ိ/-’၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မ.ဆ.လ)ခေတ်က အနှစ်၂၀ စီမံကိန်းအပြီး ‘စက်မှုထွန်းကား၊ ဆိုရှယ်လစ်တိုင်းပြည်ကြီး’ ဖြစ်စေရမယ်။ ဒါတွေ ဘယ်လိုဖြစ်သွားသလဲဆိုတာ အား လုံးအသိမို့ ပြောနေဖို့ မလိုတော့ပါလို့ ထင်ပါတယ်။ ဒီတော့ ကျွန်မကို ဒီအသက် ဒီအရွယ်ကျမှ မျှော်လင့်စရာမရှိတော့ဘူးလို့ ထင်ရတဲ့ အခါကာလမှာ ပီတိလွှမ်းလောက်တဲ့ မျှော်လင့်ချက်ရောင်ခြည်ကို သမ္မတကြီး ၃၁-၃-၂၀၁၁ မိန့်ခွန်းမှာ ပေးခဲ့တော့ ဒီမျှော်လင့် ချက်ရဲ့ အလင်းတန်းလေးကို ဘယ် လိုမှ ပျောက်ကွယ်ဆိတ်သုဉ်း အဖြစ်မခံနိုင်ပါဘူး။

သမ္မတကြီးရဲ့ ဒီမိုကရေစီအပေါ်ထားရှိတဲ့ ယုံကြည်မှု၊ ဒီမိုကရေစီအစိုးရအတွက် လုပ်ပေးနေတဲ့ ပြုပြင်ပြောင်းလဲရေးတွေအပေါ် လုံးဝယုံကြည် ပါတယ်။ ဒါပေမယ့် တခါတလေတော့ သမ္မတကြီးအပြင် အခြားသူတွေကကော ဒီလို ပြင်းပြတည်ကြည် မယိမ်းမယိုင်ဖြစ်တဲ့ ယုံကြည်မှုရှိရဲ့လားလို့ စိတ်ထဲဖြစ်လာမိတယ်။ ယုံကြည်မှု ခံယူချက်သဘောဆိုတာက ဘာသာရေးယုံကြည်မှုလိုပဲ အဇ္ဈတ္တ အတွင်းကနေ ခံစားပြီး ထွက်လာတဲ့ အပြင်းစား သဘောခံယူချက်ဖြစ်ရပါမယ်။ တချို့တွေက လောကမှာ နေသွားတာ ကြုံသလို နေသွားကြတာ။ ရေလိုက်ငါးလိုက်၊ အများမိုးခါးရေသောက်ဆိုသ လို နေတဲ့လူက များပါတယ်။ အခုပြောင်းလဲခံယူလာတဲ့ ဒီမိုကရေစီစနစ်ကို ‘မချစ်သော်လည်း ပင့်သက်ရှူနေကြတဲ့သူတွေ ရှိနေမလား။ “ဒီမိုကရေစီ ကျင့်ဝတ် ၀တ္တရားတွေကို တကယ်ပဲ နှစ်နှစ်ကာကာ” ယုံပြီး ဦးလည်မသုံ လုပ်သွားကြမှာလား။ ပါဝင်နေသူအားလုံး ဒီမိုကရေစီက လိုအပ်တဲ့ လုပ်ဆောင်ချက် (Democratic Practices) တွေကို ခရေစေ့တွင်းကျ နားလည်ကြရဲ့လား။ ဒီကိစ္စက ဖြစ်နိုင်ခြေရှိတယ်လို့ ကျွန်မထင်ပါတယ်။ ဘာမဆို မဖြစ်နိုင်တဲ့ဘက် ထည့်စဉ်းစားပြီး မယုံကြည်မှုရှိထားမှသာ အောင်မြင်မှုနဲ့ နီးမှာ။ ကျွန်မတို့ ဒီလို (Skepticism) ရှိတာ ကိုယ့်အတွက် ကာကွယ်မှုပေးနိုင် တယ် ဆိုတာလည်း သတိရှိရပါမယ်။

ကျွန်မ အကြောက်ဆုံးကတော့ ဒီအခြေ ဒီအဆင့်ရောက်ပြီးခါမှ တခန်းရပ် (သို့) ပွဲမပြီးခင် ဖျာသိမ်း၊ ပွဲကို အပြီးသတ်သလို (Game Over) ဖြစ်သွား မှာကိုပါ။

(ပြည်သူ့ခေတ်ဂျာနယ် ၂၉၊ မတ်၊ ၂၀၁၂၊ ကြာသပတေးနေ့၊ အတွဲ ၂၊ အမှတ် ၈၈)

ကောင်းသော ပြောင်းလဲခြင်း၏ တည်တံ့နိုင်ရေး (ဒုတိယပိုင်း)

ဒေါက်တာ ဒေါ်မြင့်မြင့်ခင်

နောက် တိုင်းပြည်ရဲ့ အခြေအနေကိုပြတဲ့ ညွှန်းကိန်းပြကိန်း တခုကတော့ (GNP) ဂျီအင်န်ပီလို့ ခေါ်တဲ့ ကမ္ဘာသုံးသင်္ကေတ ဖြစ်တယ်။ တချို့က ဂျီဒီပီ (GDP) ကိုလည်း သုံးတတ်တယ်။ မြန်မာကတော့ ဂျီအင်န်ပီကို သုံးတယ်ထင်ပါတယ်။ ဒါကတော့ တိုင်းပြည် တပြည်လုံးရဲ့၊ အမျိုးသားတရပ် လုံးရဲ့ ထုတ်လုပ်မှုပမာဏကို ဖော်ညွှန်းတာဆိုတော့ တတိုင်းပြည်လုံးရဲ့ ဌေးကြွယ်သမျှကို ပေါင်းချုပ် လုပ်ပြီးပြတာပါ။ နိုင်ငံသူနိုင်ငံသား တိုင်း သူပြည်သား လူအများကို ကိုယ်စားမပြုဘူး။

ဂျီအင်န်ပီ ဘယ်လောက်ရှိနေပါစေ၊ တိုင်းပြည်ထဲက လူအပေါင်းက ဆင်းရဲနေလျှင်တော့ ချမ်းသာကြွယ်ဝတဲ့ တိုင်းပြည်လို့ ခေါ်နိုင်ပါဦးမလား။

တိုင်းပြည်ဆိုတာကကော ဘာလဲ။ တိုင်းသူပြည်သား နိုင်ငံသားတွေကို ကိုယ်စားပြုရမှာမဟုတ်လား။ ဂျီအင်န်ပီက မြင့်ပြီး နိုင်ငံသားအများစုက ဆင်း ရဲနေ လျှင် ချမ်းသာတဲ့ တိုင်းပြည်လို့ ခေါ်နိုင်ပါဦးတော့မလား။ ဒါကို အထူးဂရုပြုရမှာ ဖြစ်ပါတယ်။ တနည်းပြောရလျှင်တော့ ဂျီအင်န်ပီကို တိုင်း သူပြည်သား အားလုံး မျှတစွာ ခံစားခွင့်ရှိရပါမယ်။ ကမ္ဘာမှာ ဒီလို ပုံစံမကျဖြစ်နေတဲ့ တိုင်းပြည်တွေ ရှိနေပါတယ်။

ဒါကြောင့် ကမ္ဘာရဲ့ အကြီးမားဆုံး သော ပြဿနာက ကမ္ဘာသူ ကမ္ဘာသား အများပြည်သူ ဆင်းရဲနွမ်းပါးမှုပဲ မဟုတ်လား။ ဆင်းရဲချမ်းသာ ကွာဟမှုက လည်း လက်ရှိကမ္ဘာရဲ့ ခပ်မြန်မြန်နဲ့ အလောတကြီး ဖြေရှင်းရမယ့် ဘေးအန္တရာယ်ကြီးအဖြစ် ရပ်တည်နေတာပါ။ တကမ္ဘာလုံးရဲ့ ၃၀ ရာခိုင်နှုန်းသော ချမ်းသာသမျှဟာ သူဌေးကြီး ၁၀၀ ကျော်ရဲ့ လက်ထဲမှာပဲရှိနေတဲ့ အဖြစ်ဆိုတော့ ငွေကြေးကိုသုံးစွဲနေရတဲ့ လူတွေအတွင်း ခွဲဝေမှုဟာဘယ်လောက် တစ်ဖက်သတ် ဖြစ်နေတာလဲဆိုတာ သိပ်ဝေးဝေး စဉ်းစားဖို့ လိုမယ်မထင်ပါဘူး။ ဒါကြောင့် ကျွန်မတို့လို ပွင့်သစ်စ မြန်မာပြည်မှာလည်း ဒီအချင်းအ ရာကို အမြဲသတိချပ်ပြီး ကာကွယ်တားဆီးမှုလုပ်ဖို့ အလွန်အရေးကြီးပါတယ်။ အခု လောလောဆယ် တက်လာတဲ့ ပြဿနာပေါင်းစုံထဲက ကာကွယ်ရ မယ့် ထိပ်သီးအကြောင်းဖြစ်တယ်။ ဘယ်လိုမှ ခေါင်းရှောင်လို့ မရပါဘူး။

ဘရာဇီးကို ဥပမာပြလို့ ရပါတယ်။ ဒီတောင်အမေရိကမှာရှိတဲ့ တိုင်းပြည်အကြီးစားကြီးဟာ လူဦးရေများတယ်။ သယံဇာတ ပေါကြွယ်ဝတယ်။ တိုင်းပြည်က ချမ်းသာတယ်။ ဖွံ့ဖြိုးမှု အဆင့်မြင့်တယ်။ လူကုံထံ လူတန်းစား ကြီးထွားများပြားတယ်။ ဂျီအင်န်ပီ ကောင်းတယ်။ ဒါကြောင့် ဖွံ့ဖြိုးဆဲ တိုင်းပြည်တွေကို လှေကားထစ်နဲ့ စီလျှင် ထိပ်ဆုံးမှာ ရှိတယ်။

ဘရာဇီးနဲ့ အိန္ဒိယဟာ မကြာခင် ဖွံ့ဖြိုးပြီးနိုင်ငံစာရင်း ၀င်တော့မယ်လို့ အများက တွက်ထား တာ။ တိုင်းသူပြည်သားတွေကို ကြည့်လိုက်လျှင်တော့ ကျိကျိတက် ချမ်းသာသူတွေရှိတယ်။ ခမ်းနားကြီးကျယ် အဆင့်မြင့် ဇိမ်ခံဟိုတယ်ကြီးတွေ ရှိတယ်။ မြန်မာက နေပြည်တော်လိုပဲ မြေရိုင်းစစ်ကနေ တည်ဆောက် ဖော်ဆောင် ထားတဲ့ အံ့သြဖွယ်ကောင်းလောက်တဲ့ ဗိသုကာ ဒီဇိုင်းတီထွင်မှု အသစ်အဆန်းတွေနဲ့ တည်ဆောက်ထားတဲ့ အဆောက် အအုံတွေရှိတဲ့ ‘ဘရာဇီးလီးယား’ မြို့တော်ကြီး ရှိတယ်။ နိုင်ငံရဲ့ မြို့တွေမှာတော့ ဖြူခါပြာခါကျလွန်းလို့ ကုန်းကောက်စရာတောင်မရှိတဲ့ ဆင်းရဲနွမ်း ပါး သူတွေ ရှိနေတယ်။ ဆင်းရဲချမ်းသာမှု ကွာဟချက် မျဉ်းကြောင်းကြီးက ထင်သာမြင်သာ ကွင်းကွင်းကွက်ကွက် ရှိနေတဲ့ တိုင်းပြည်လို့ ဆိုနိုင် တယ်။ ဖွံ့ဖြိုးတဲ့ တိုင်းပြည်တွေရဲ့ ပုံမှန်ဂုဏ်အင်လက္ခဏာလို့ ဆိုလောက်တဲ့ အခြားသင်္ကေတတွေလည်း တွေ့နိုင်တယ်။

ဥပမာ – ရာဇ၀တ်မှု မှုခင်းများခြင်း၊ ရှိရင်းစွဲ သယံဇာတတွေကို ဖြန်းတီးတဲ့ နေရာမှာလည်း လူဆိုးစာရင်းဝင် ဖြစ်နေတယ်။ သစ်တောတွေ ပျက်ပြုန်းစေတဲ့ တိုင်းပြည်တွေထဲမှာ ဘရာဇီး၊ အင်ဒိုနီးရှားနဲ့ မြန်မာဟာ ထိပ်ဆုံးက ဖြစ်နေတယ်။

ကျွန်မတို့တိုင်းပြည်မှာ ဒီလိုအခြေအနေဆိုးကို သိပ်ပြီး နောက်မကျသွားခင် ကာကွယ်တားဆီးဖို့က အခုအခါမှာ ထိပ်တန်းဦးစားပေးရမယ့် ရည်မှန်း ချက်ဖြစ်ရမယ်ဆိုတာ သိပ်ပြီး ပေါ်လွင်လာပါတယ်။ အခါမလင့်ပါစေနဲ့။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းတယ်ဆိုတာ လူတိုင်းအသိပဲ မဟုတ်လား။ ခက်ခဲပေမယ့်လည်း အပြောချည်းမဟုတ်ဘဲ တကယ်လုပ်ပြရပါလိမ့်မယ်။

နောက် ဥပမာပြနိုင်တဲ့ တိုင်းပြည်ကတော့ တရုတ်ပြည်ပဲ။ တရုတ်ပြည်ကတော့ သိကြတဲ့အတိုင်း ကွန်မြူနစ်အစိုးရ အုပ်ချုပ်တဲ့ တိုင်းပြည်ပါ။ ကျွန်မတို့ အရင်တခါက ဘုံဝါဒလို့ ခေါ်တဲ့ အစိုးရစနစ်အောက်မှာ ရှိနေသေးတဲ့ တိုင်းပြည်ဟာ အခု ဆယ်စုနှစ် ၂ စု ၃ စု မှာ ပြောင်းလဲ သွားပုံများ ကတော့ မှတ်မိစရာ မကောင်းတော့ပါဘူး။ ကွန်မြူနစ်ဝါဒရဲ့ ဖခင်ကြီးတွေရဲ့ ခံယူချက် သဘောထား ဒဿန အမြင်က လူတဦးစီရဲ့ လိုအပ်ချက် အတိုင်း တိုင်းပြည်ရဲ့ချမ်းသာသမျှကို ဝေပေးရမယ်တဲ့။ အဲဒီလိုတိုင်းပြည်မှာ အခု ဘာဖြစ်နေသလဲ။

ဘီလျံနာ (သန်းထောင်ကြွယ်) သူဌေးယောက်ျား မိန်းမ ရှိသတဲ့။ ဒါတင်မကသေးဘူး။ ချမ်းသာတဲ့သူတွေက ဟော့ရမ်းစွာ မျက်နှာ ပြောင်တိုက်ပြီး ကြက်သီး မွေးညင်း ထလောက်အောင် လူ့သိက္ခာနဲ့ ငွေကြေးဆိုင်ရာ မျှတမှု ရှိခြင်းတရားကို ချိုးဖောက်နေကြတယ်။ လူလူချင်း စာနာမှုတရားတွေ ကလည်း လုံးပါးပါးပြီး လာလိုက်တာ တကယ်ပဲ အံ့သြလောက်ပါတယ်။ ယုံနိုင်စရာ မရှိတော့ဘူး။ ဒါတွေ ဖြစ်လာတာ ဘာကြောင့်လဲ။

အသေးစိတ်တွေကို တပ်အပ်မပြောနိုင်ပေမယ့် ဖွံ့ဖြိုးမှုအစဉ်နဲ့ ဂလိုဘယ်လိုက်ဇေးရှင်းရဲ့ စုပေါင်းရလဒ်လို့ ဆိုနေကြတယ်။

တမျိုးပြောရလျှင်တော့ လူတွေဟာ ပိုက်ဆံရဲ့တန်ခိုးအာဏာ စက်ကွင်းထဲမိပြီး ပိုက်ဆံကိုပဲ တန်ဖိုးထားတဲ့ ဦးထိပ်ပန်တဲ့ ခံယူချက်တွေ လွန်ကဲစွာ လွှမ်းမိုးလာတယ်။ ပိုက်ဆံရှိလျှင် ဘာဖြစ်ဖြစ် လုပ်လို့ရမယ်။ လုပ်မှာပဲ ။ ဒါ ငါ့ပိုက်ဆံပဲ ဆိုတဲ့ တကိုယ်ကောင်းဆန်မှုတွေ ငယ်ထိပ်အထိ တက်နေ လို့ပဲ။

ကမ္ဘာကြီးရဲ့ ကြွယ်ဝသမျှအားလုံးရဲ့ ၃၀ ရာခိုင်နှုန်းဟာ သူဌေးကြီးတွေ ၁၀၀ ကျော်လောက်လက်ထဲမှာ ရှိတယ်ဆိုကတည်းက ဆင်းရဲ ချမ်းသာ ကွာဟမှုဟာ ဘယ်လောက်အတိုင်းအတာနဲ့ ရှိနေတယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ ချမ်းသာတဲ့သူတွေဆီကနေ ကြွယ်ဝချမ်းသာ မှုဟာ အောက်ခြေ ဆင်းရဲသားတွေဆီကို အပေါ်ကနေ လျှံကျ ယိုစီးကျဆင်းလာမယ် (Trickle Down Theory) လို့များ မထင်လိုက်ပါနဲ့။ ဒီလို မဖြစ်လာပါဘူး။

နောက် ဒီလို ဝေခွဲမျှတမှု မရှိခြင်းနဲ့ ကိုယ်ကျိုးရှာတာလောက်ကိုပဲ တသတ်မတ်တည်း ကျင့်သုံးနေတာက တရား လွန် ထုထည်ကြီးမားပြီး ခိုင်မြဲ လာတော့တယ်။ ဒါကတော့ ဘယ်လိုမှ မဖြစ်ထိုက်ဘူးဆိုပြီး မခံချင်သူတွေ ရှိလာတယ်။ Corporate Social Responsibility (CSR) ဆိုပြီး ကုမ္ပဏီကြီးတွေ ကော်ပိုရေးရှင်းတွေ ပိုင်ဆိုင်သူ တရားလွန်ဌေးသူတွေက လူအများအစားဖြစ်တဲ့ ပြည်သူတွေရဲ့ ဘ၀နေရေးကို အထိုက်အလျေက် တာဝန်ယူသင့်တယ်လို့ မြင်လာတယ်။ သူဌေးကြီးတွေကလည်း သူတို့လောဘကို အတော မသတ် နယ်ချဲ့ပြီး ဘယ်သူ့ကိုမှ ဘာမျှ မလုပ်ပေးဘူး ဆိုတာလည်း အမြင်အားဖြင့် သိပ်ကောင်းတာ မဟုတ်ဘူး။ လှူလိုက်လျှင် နာမည်ကောင်းရမယ့် အခွင့်အရေးရှိမယ်လို့ ယုံကြည်လာကြတယ် ထင်ပါ ရဲ့။

ဒီလောက် သုံးမကုန်နေအောင် ချမ်းသာနေသူတွေကတော့ ဆင်းရဲချို့တဲ့နေတဲ့သူတွေကို ကူညီဖို့ ကောင်းပါတယ်။ အလိုအလျောက် ဒီလို အလှူ ဒါနစိတ် မရှိလည်း ဘေးပတ်လည် အသိုင်းအ၀ိုင်းက ဖိအားပေးပြီး မျှတရေးအတွက် တာဝန်ယူခိုင်းရတော့မယ်လို့ ယူဆလာပြီး ဒီကိစ္စကို အကောင် အထည် ဖော်လိုက်ကြတယ်။ မြန်မာပြည်မှာ ထွက်ပေါ်လာစပြုတဲ့ သူဌေးသူကြွယ် ပေါက်စနဖြစ်ဖြစ် ခပ်ကြီးကြီးဖြစ်ဖြစ်ကို ဒီအတွေးအမြင် ဘောင် ထဲဝင်လာအောင် သိမ်းသွင်းအားပေးပြီး လမ်းကြောင်းခင်းပေးဖို့ လိုမယ်ထင်ပါတယ်။

ချမ်းသာသူတွေရဲ့လက်ဟာ ပိုကျစ်တယ် (မဖွာဘူး) ဆိုတာ မှန်သင့်သလောက် မှန်ပေမယ့် မြန်မာလူမျိုးအများစုကတော့ အလှူဒါန ရေစက်ရှိကြပါ တယ်။ ဒီကောင်းတဲ့ စိတ်ကိုသာ မြေတောင်မြှောက်ပေးဖို့ လိုတာပါ။ လုံးဝ လွှတ်ထားလိုက်လို့တော့ မဖြစ်ပါဘူး။

လောဘကြီးနေသူတွေက တကိုယ်ကောင်းဆန်နေဦးမှာပဲ။ မသိတတ်လွန်းသူတွေကိုတော့ ကောင်းသောအုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး မဏ္ဍိုင်တွေက ထိန်းကျောင်းပေးရတော့မယ်။

တိုင်းပြည်တပြည်ရဲ့ စီးပွားတိုးတက်ကောင်းမွန်ရေး၊အဆင်မြင့်မှာရှိပြီး ခိုင်မာစွာရှင်သန်ပြီး ဆက်လက်ရပ်တည်ဖို့အတွက် အထူးအရေး ပါလှတဲ့ ဖြစ်ကြောင်းတခုကိုလည်း မပြောဘဲ မပြီးတော့ဘူးထင်ပါတယ်။ ဒါကတော့ တိုင်းပြည်တပြည်ဟာ ရှိနေတဲ့ လက်ငုတ်လက်ရင်း သယံဇာ တတွေကို ရင်းနှီးရောင်းချပြီးသွားခဲ့လျှင် ဒီစီးပွားရေးဟာ တာရှည်ရေရှည်အတွက် မခိုင်မြဲတဲ့အပြင် ဆက်လက် ထိန်းထားဖို့ တောင် မလွယ်ဘူးဆို တာပါပဲ။

ယခု သိရှိလာတဲ့ အခြေအနေမှာတော့ ၂၀၀၆ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ မြန်မာက တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၃ ထောင်ကျော်နှင့် တရုတ်ယန်းငွေ သန်းပေါင်း ၂ ထောင်နီးပါး ချေးငွေ ရှိခဲ့ပြီး လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍအတွက် ချေးငွေပမာဏမှာ အများဆုံးဖြစ် တယ်။ (Bi Weekly Eleven သောကြာ မတ်လ ၃၀/ ၂၀၁၂၊ စာ – ၅ )။ ဒီတော့ တိုင်းပြည်ရဲ့အမွေအနှစ် သယံဇာတကို လည်း ရောင်းစားပစ်သေး ရဲ့၊ ပြီးတော့ အဲ့ဒီစီမံကိန်းတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းဖို့ ငွေကိုလည်း ၀ယ်သူထံက ချေးရသေး သတဲ့။ ဒီတော့ ၂ ခါနာ ဖြစ်မသွားပေဘူး လား။ စီးပွားရေးသမားဆိုတာ ဘယ်အရောင်အသွေးမျိုး ဖြစ်ဖြစ်၊ ဘယ်လိုလူပဲ ဖြစ်ဖြစ် ငွေမက်သူ တွေပဲ။ သူတို့အလုပ်ကိုက ငွေမက်မှ ဖြစ်တာ။ ဒါ့အပြင် မြန်မာဘက်က အခြေအနေကလည်း ကျားသနားမှ နွားချမ်းသာ ဆိုတော့ စဉ်းစားသာ ကြည့်ပါတော့။ စီးပွားရေးသမားပီပီ အသာစီး ရနေတဲ့ အခွင့်အရေးကို ရက်ရက်စက်စက် သုံးချလိုက်မှာပဲ။

အခု ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ သဘာဝဓာတ်ငွေ့ အမြောက်အမြား ထုတ်ဦးမယ်လို့ ရည်မှန်းထားသတဲ့။ (Bi Weekly Eleven သောကြာ မတ်လ ၃၀/ ၂၀၁၂၊ စာ-၅)

သံလွင်မြစ်ပေါ်မှာတည်ဆောက်မယ့် ကရင်ပြည်နယ်အတွင်းက ဟတ်ကြီးရေအားလျှပ်စစ်စီမံကိန်းမှထွက်ရှိလာမယ့် ရေအားလျှပ်စစ် ၉၀ ရာခိုင်နှုန်း ကို ထိုင်းနိုင်ငံကို ရောင်းချမှာတဲ့။ ၂၀၀၉ ခု၊ သြဂုတ်လထဲက အမှတ် ၁ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနဲ့ ပြည်ပကုမ္ပဏီများ သဘောတူစာချုပ်ခဲ့တာ ရှိပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော်ကဆို သိထားကြတဲ့အတိုင်း သံလွင်မြစ်ဟာ သဘာဝအတိုင်းရှိနေတဲ့ လူတွေနဲ့ ဖွံ့ဖြိုးမှုဆိုတာတွေရဲ့ လက်ပေ လက် ညစ် မထိ၊ မစွန်းအထင်းမရှိတဲ့ သဘာဝရဲ့ ဖြူစင်မှု ပြယုဂ်လို့ ဆိုလောက်တဲ့ မြစ်ပါ။ ဟိမ၀န္တာတောင်ခြေကနေ မြစ်အဖြစ် စီးဆင်းသွားတာ တရုတ်၊ လာအို၊ ထိုင်း ပြီးမှ မြန်မာကို ၀င်လာတာ။ လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က စပြီး သံလွင်မြစ်ပေါ်ရှိ စီမံကိန်းတွေ စလုပ်ခဲ့ကြတယ်။ သဘောတူစာချုပ် စတာတွေ ရေးထိုးခဲ့တာ။ ထိုင်းနိုင်ငံထဲက သံလွင်မှာ ဆည် ၂ ခုနဲ့ မြန်မာက သံလွင်ပေါ်မှာ ဆည် ၅ ခု ဆောက်မှာပါ။ ပေါင်း ၇ ခု ရှိမယ်။ ဒါ့ကြောင့် သံလွင်မြစ်ကိုတော့ ဆည်မြစ်လို့ အမည်ပေးဖို့ ကောင်းနေပါပြီ။ မြန်မာပြည်ရဲ့ လျှပ်စစ်ဓာတ်အားသုံးမှုဟာ အခြားဖွံ့ဖြိုးမှုတွေ အင်တိုက်အားတိုက် လုပ်နေပြီး လူနေမှုအဆင့် မြန်မာထက်မြင့်တဲ့ တိုင်းပြည်တွေလောက် မရှိဘူး။ အိမ်နီးချင်း ထိုင်းနဲ့စာလျှင် အလွန်နည်းပါသေး တယ်။ ဒီတော့ အထက်က ဆိုခဲ့တဲ့ ၂၀၁၂- ၂၀၁၃ မှာ ထုတ်မယ်လို့ လျာထားတဲ့ သဘာဝဓာတ်ငွေ့ကိုတော့ ပြည်ပ ရောင်းပစ်ဖို့ လုံးဝမထိုက်ပါဘူး။ ပြည်တွင်း ဖူလုံဖို့ အတွက်သာ လျာထား ရမယ် ထင်ပါတယ်။ နောက် ထပ် ဒီလို လျှပ်စစ်ဓာတ်အားရရှိရေး စီမံကိန်းတွေကိုလည်း ခေတ္တဖြစ်ဖြစ် ရပ်နားသင့်ပါတယ်။ တိုင်းပြည်ရဲ့ အခြားအဘက်ဘက်ကို ပြုစုပျိုးထောင် စီးပွားရေး တိုးတက်လာအောင် လုပ်နေတာကို အားထားရပါ လိမ့်မယ်။

(ပြည်သူ့ခေတ်ဂျာနယ် ၂၆၊ ဧပြီ၊ ၂၀၁၂၊ ကြာသပတေးနေ့၊ အတွဲ ၂၊ အမှတ် ၉၁)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: