ကုလားတန်မြစ်ကြောင်း စီမံကိန်းနှင့်စက်ပစ်ပြင် ခရီးသည်


မိမိတို့၏ခရီးစဉ်မှာ စစ်တွေမြို့မှနေ၍ ကျောက်တော်-ပလက်ဝ- စက်ပစ်ပြင်အထိ အရောက်သွားမည့် ခရီး စဉ်ဖြစ်သည်။ ပလက်ဝနှင့် စက်ပစ်ပြင်မှာ ကုလားတန်မြစ်ဖျားပိုင်း ဒေသ၌တည်ရှိပါသည်။ မိမိမှာ စစ်တွေ -မြောက်ဦးကားလမ်းပေါ်တွင်တည်ရှိသည့် ကျောက်တော်မြို့ကိုသာ ရောက်ဖူးပါသည်။

ကျောက်တော်မြို့၏အထက်ပိုင်း ပလက်ဝဒေသဘက်သို့ရောက်ဖူးခဲ့ခြင်းမရှိပါ။ ထို့ကြောင့် တစ်ခါမျှ မရောက်ဖူးသည့် ခရီးစဉ် ဖြစ်နေ၍ စိတ်လှုပ် ရှားနေမိသည်မှာ အမှန်ဖြစ်ပါသည်။ သည်ခရီးစဉ်အတွက် မိမိ၏ မိတ်ဆွေတစ်ဦးနှင့်အတူ လေ့လာရေးခရီးစဉ်အဖြစ်သွားရောက်ရန် ကြိုတင်စီစဉ်နေခဲ့ သည်မှာ တစ်လခန့်ရှိခဲ့ပြီဖြစ်ပါသည်။ မိမိတို့မှာ ပွင့်လင်းရာသီ ရောက်တိုင်း မိမိတို့မရောက် ဖူးသေး သော နေရာ တစ်ခုခုသို့ နှစ်စဉ်လေ့လာ ရေးခရီး ထွက်နေကျဖြစ်ပါသည်။ သည်နှစ်တော့ အိန္ဒိယ-မြန်မာ ဆက်သွယ်မည့် ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးရေး စီမံကိန်းတွင်ပါဝင်သော ဒေသများသို့ သွားရောက်ကြည့်ချင်သည်ကတစ်ကြောင်း၊ ကုလားတန်မြစ်ဖျားပိုင်းဒေသတွေကို လေ့လာလိုသည်က တကြောင်းတို့ကြောင့် သည်ခရီးစဉ်ကို ရွေး ချယ်ခဲ့ကြခြင်း ဖြစ်ပါသည်။

ကုလားတန်မြစ်ကြောင်း စီမံကိန်းတွင်ပါဝင်သော စစ်တွေဆိပ်ကမ်းတည်ဆောက်ခြင်းလုပ်ငန်းများအား ယခုအခါ အားတိုက်အင်တိုက် ဆောင်ရွက် လျက် ရှိသည်။

စစ်တွေဆိပ်ကမ်းတည်ဆောက်ခြင်းလုပ်ငန်းများအား ၂ဝ၁ဝ နှစ်ကုန်ပိုင်းတွင် အိန္ဒိယ နိုင်ငံမှ Eassar Project India Ltd နှင့် မြန်မာနိုင်ငံမှ Energy Zone Co.,Ltd. တို့ပူးပေါင်းကာ စတင် တည်ဆောက်ခဲ့ကြခြင်းဖြစ်ပြီး ယခု အချိန်တွင် တစ်နှစ်ပြည့်မြောက်ခဲ့ပြီး လည်းဖြစ်ပါသည်။

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်၊ အာသံ၊ မဏိပူရ၊ နာဂနှင့် အရူနာချတ်ပရာ ဒတ်ရှ် Arunachal Pradesh ပြည် နယ်များမှာ မြန်မာနိုင်ငံနှင့် နယ်စပ်ချင်း ထိ စပ်နေသော ပြည်နယ်များဖြစ် ကြသည်။ ဤပြည်နယ်များမှာ တောတောင်ထူထပ်များပြားသည့်အတွက် အခြားသော ပြည်နယ်များနှင့် ကုန်းလမ်း ဆက် သွယ်ရေး၌ အခက်အခဲ များရှိသည်။ အိန္ဒိယနိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကလကတ္တားမှ ကုန်ပစ္စည်းများအား အဆိုပါဒေသတွင်း ပြည်နယ်များသို့ အိန္ဒိယမြောက် ပိုင်းမှတစ်ဆင့် မီးရထားလမ်း၊ ကားလမ်းများဖြင့် သယ်ယူရာ၌ ရေကြီးခြင်း၊ တောင်ပြိုခြင်းများကို အမြဲကြုံ တွေ့ရသည့်အတွက် အဆိုပါ အခက် အခဲများကို ဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံ စစ်တွေဆိပ်ကမ်းမှတစ်ဆင့် ကုလားတန်မြစ်ကိုအသုံးချပြီး ကုန်ပစ္စည်းများ သယ်ယူရန် စီစဉ်ခြင်းဖြစ် သည်။ ကာလကတ္တားမှ ကုန်ပစ္စည်းများကို မီဇိုရမ်နှင့် မဏိပူရပြည်နယ်များသို့ ကုန်လမ်းတစ်ခုတည်းဖြင့် ဆက်သွယ် ခြင်းနှင့် နှိုင်းယှဉ်လျှင် စစ်တွေ-ကုလားတန်မြစ်ကြောင်းမှတစ်ဆင့် သယ်ယူခြင်းက ခရီးတိုပြီး မြန်ဆန်မည်ဟု  တွက်သည်။

 ကာလကတ္တားနှင့် မီဇိုရမ်ပြည် နယ်မှာ ၁၉၆၇ ကီလိုမီတာ ကွာဝေး ပြီး ကုလားတန်မြစ်ကြောင်း အတိုင်း ဆိုလျှင် မီဇိုရမ်ပြည်နယ်သို့ ၁၂၉၄ ကီလိုမီတာ သာကွာဝေးတော့မည်ဖြစ် ကာ ခရီးအကွာအဝေး ၆၇၃ ကီလို မီတာကိုလည်း လျှော့ချသွားနိုင်မည် ဖြစ်သည်။

ထို့ကြောင့် ကုလားတန်မြစ်ကို အသုံးချဆက်သွယ်ရေးအတွက် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် စစ်တွေဆိပ်ကမ်းနှင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်သို့ ဆက် သွယ်မည့် ကုလားတန်မြစ် ကြောင်းစီမံကိန်း နှစ်နိုင်ငံ သဘောတူစာချုပ် Frame Work Agreement Between The Government of the Union of Myanmar and the Government of Republic of India for the Construction and Operation of A Multi-model Trusit Tranport Faciality on Kaladan River Conmeeting The Sittwe Port in Myanmar with the State of Mizoram in India ကို ယခင်ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးဥာဏ်ဝင်းနှင့် အိန္ဒိယသမ္မတနိုင်ငံ ပြည်ပရေး ရာဝန်ကြီးဌာန အစိုးရ ဝန်ကြီး မစ္စတာ ပရာနာဗ့်မူခါဂျီးတို့က ၂ဝဝ၈ ခုနှစ် ဧပြီလ ၂ ရက်နေ့တွင် နယူးဒေလီမြို့ ရှိ Hydrabad House ရှိ The De-ccan Suiteတွင် နှစ်နိုင်ငံ သဘောတူ လက်မှတ်ရေးထိုးချုပ်ဆိုခဲ့ကြသည်။

အဆိုပါ ကုလားတန်မြစ်ကြောင်း စီမံကိန်းအား အဆင့် သုံးဆင့်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည် ဖြစ်သည်။

  • ပထမအဆင့်တွင် စစ်တွေ ဆိပ်ကမ်း၌ တန် ၆ဝဝဝ သင်္ဘောကြီး များ အဆင်ပြေစွာ သွားလာနိုင်ရေး အတွက် ချဉ်းကပ်ရေလက်ကြားနှင့် ဧရိယာ ၅၆၂ဝဝဝ ကုဗမီတာ အကျယ်ရှိသည့် ဆိပ်ကမ်းရေအနက် တူးဖော်ရေး၊ တန်ချိန် ၂ဝဝဝဝ ခန့် အတွက် ၂၁၉ x ၁၅ မီတာအကျယ် ရှိသည့် ကုန်း တွင်းပိုင်းဆိပ်ခံငယ်တစ် ခု တည်ဆောက်ရေးတို့ပါဝင်သည်။ ထို့အပြင် ယခု စစ်တွေဆိပ်ကမ်းတည်ဆောက်ရေးစီမံကိန်း၌ စစ်တွေမြို့၌ ယခင် ရှိပြီးသော ဆိပ်ခံတံတား လည်းပါဝင်ပြီး ယင်းမှာ တန်ချိန် ၂ဝဝဝ၊ ၃ဝဝဝ သင်္ဘောများဆိပ်ကပ် နိုင်မည်ဖြစ်သည်။ စစ်တွေဆိပ်ကမ်း၌ ပစ္စည်း များ သိုလှောင်ရန် ဂိုဒေါင် ၂၉ လုံးကိုလည်း ဆောက်လုပ်မည်ဖြစ်သည်။
  • စီမံကိန်း ဒုတိယအဆင့်၌မူ စစ် တွေနှင့် ချင်းပြည်နယ် ပလက်ဝမြို့ အကြား ၁၅၈ ကီလိုမီတာ အကွာ အဝေးရှိသော ကုလားတန်မြစ်ကြောင်း တလျှောက် ရေတိမ်သောင်များအား တူးဖော်ခြင်း၊အချို့နေရာများ၌ မြစ် ကြောင်းအကျယ်ချဲ့ခြင်း၊ ကျောက်ရေကြောင်းများအား ဖောက်ခွဲရှင်း လင်း ခြင်းတို့ပါဝင်ကာ ပလက်ဝမှတစ် ဆင့် မီဇိုရမ်ပြည်နယ်သို့ ကုန်းလမ်း ဖြင့် ဆက်သွယ်ရန်အတွက် ပလက်ဝ ၌ ပစ္စည်းထိန်းသိမ်းမည့် ဂိုဒေါင်များ တည်ဆောက်ခြင်းတို့ပါဝင်သည်။
  • တတိယအဆင့်၌မူ ပလက်ဝနှင့် မီဇိုရမ်ပြည်နယ်အကြား ၁၂၉ ကီလိုမီတာအကွာအဝေးရှိသော အဝေးပြေးလမ်းမကြီးတစ်ခု တည်ဆောက်ရေး တို့ဖြစ်သည်။ ထို့ကြောင့် အဆိုပါ လမ်းမကြီးအား ဆက်သွယ်မည့် တီးတိန်-ရိဒ်-ချန်ပိုင်-အိုင်ဇော-စက်ပစ် ပြင်-ပလက်ဝ-ကျောက်တော်-စစ်တွေ ကားလမ်းမကြီးမှာလည်း အိန္ဒိယ-မြန်မာအကြား ကုန်သွယ်ရေး လမ်းကြောင်းအသစ်တစ်ခုဖြစ်လာမည် ဖြစ်ပါသည်။

ခရီးစဉ်အစနှင့် မြို့ကျောက်တော်သို့

မိမိတို့နှစ်ဦးမှာ စစ်တွေမြို့တွင် တစ်ယောက်တစ်နေရာစီ နေထိုင်ကြ သည်ဖြစ်၍ ကုန်တန်းရပ်ကွက်မှ ဆရာမဒေါ်အေးနုစိန်(တရားလွှတ် တော်ရှေ့နေ ) အိမ်တွင် ဆုံပြီး ခရီးစဉ် ကို စတင်ခဲ့ကြပါသည်။

စစ်တွေမြို့ကထွက်လာတော့ ကျောက်တော်မြို့သို့ Express စီးရသည်။ ဆောင်းရာသီကာလဖြစ်သည့်အတွက် ပတ်ဝန်းကျင်တစ်ခုလုံး အေးစိမ့်လျက် ရှိသည်။ မိမိတို့မှာ နေ့လယ် ၁ နာရီကားကိုစီးလာသည်ဖြစ်၍ အေးအေးသက်သာရှိလှသည်။ ကျောက် တော်မြို့သို့ထွက်ခွာသည့်ကားများမှာ နံနက် ၆ နာရီခွဲတစ်ချိန်နှင့် နေ့လယ် ၁ နာရီတစ်ချိန်ရှိပါသည်။ အကယ်၍ မိမိတို့မှာ နံနက် ၆ နာရီခွဲကားနှင့် လိုက်မည်ဆိုလျှင် နံနက်အစောကြီး အိပ်ရာကထရ မည်ဖြစ်ပြီး ကားဂိတ်ရှိရာသို့လည်း အချိန်မီဒရောသောပါး ထွက်လာရပေမည်။ ကားလမ်းခရီးက နည်းနည်းတော့ကြမ်းပါသည်။ ကားလမ်းမှာ ကတ္တရာ လမ်းဖြစ်သော်လည်း ကတ္တရာများမရှိတော့၍ လမ်းပေါ်တွင် ပြန့်ကျဲနေသော ကျောက်တုံး ကျောက်ခဲများကြောင့် ဆီးဖြူသီးကို ဆန်ကောတွင်ထည့် ပြီး မွှေ သကဲ့သို့ လိုက်ပါလာရပါသည်။ ကားလမ်းဝဲ ယာတစ်လျှောက်တွင် စပါးရိတ်သိမ်း နေသော လယ်သမားများ၊ နွားများဖြင့် စပါးခြွေလှေ့နေသော လယ်တဲများကို တွေ့ရသည်။ ထို့အပြင် လမ်းတိုးချဲ့ ခြင်းလုပ်ငန်းများဆောင်ရွက်နေသော ပြည်တွင်းပုဂ္ဂလိက ဆောက်လုပ်ရေး ကုမ္ပဏီများကိုလည်း ရံဖန်ရံခါတွေ့ရ သည်။    အဆိုပါလမ်းတိုးချဲ့ခြင်းမှာ စစ် တွေ-အမ်းလမ်းပိုင်းအထိ ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီ ၃၂ ခုတို့မှ လွန်ခဲ့ သည့်နှစ်မှစတင်၍ တိုးချဲ့ဆောက် လုပ်နေကြခြင်းဖြစ်သည်။

အဆိုပါလမ်းမှာ ကျောက်တော်မြို့နယ် မဟာမြတ်မုနိ ဘုရားကြီးနေရာမှခွဲထွက်၍ ကျောက်တော်-ပလက်ဝ မော်တော်ကားလမ်းတစ်ခုကိုလည်း ဖောက် လုပ်လျက်ရှိသည်။ သို့သော် ယခု အခါ အဆိုပါလမ်းမှာ ၂၅ ရာခိုင် နှုန်းခန့်သာပြီးစီးသေးသည်ဟု သိရ ပါသည်။

ကျောက်တော်မြို့အဝင်တွင် ကားဂိတ်အသစ်တစ်ခုကိုလည်း ဖောက်လုပ်လျက်ရှိသည်ကိုတွေ့ရပါသည်။

ကားဂိတ်မှာ မိုးရာသီကုန်ပိုင်းမှ စတင်ကာ ဆောက်လုပ်ခဲ့ကြခြင်း ဖြစ်ပြီး ယခုအခါ အချို့သော ဆိုင် ခန်းများပင် ဆောက်လုပ်ပြီးစီးသွားခဲ့ ပြီဖြစ်သည်။

ကျောက်တော်မြို့ အဝေးပြေးကားဂိတ်မှာ မြို့ထဲ၌ နေရာကျဉ်းခြင်း၊ မြို့အဝင်လမ်းများ ကျဉ်းမြောင်းခြင်းတို့ကြောင့် ကစ္ဆပနဒီတံတားအနီး မြို့ပြင် သို့  ပြောင်းရွှေ့ဆောက်လုပ်နေ ကြခြင်းဖြစ်ပါသည်။

မိမိတို့မှာ ကျောက်တော်သို့ ညနေ ၅ နာရီခန့်တွင်ရောက်သည်။ ပထမဆုံး ဘုတ်ဆိပ်နှင့်နီးသည့် တည်းခိုခန်းတစ်ခုကိုရှာပြီး နေရာချရသည်။ မနက်ဖန် မနက်ပိုင်း ပလက် ဝမြို့သို့ စက်လှေဖြင့် ခရီးဆက်ရမည် ဖြစ်၍ ဘုတ်ဆိပ်နှင့်နီးသည့်နေရာတွင်  တည်းခိုကြရခြင်းဖြစ်ပါသည်။

တည်းခိုခန်းတွင် နေရာချပြီး ရေမိုးချိုးပြီးသည်နှင့် မြို့ထဲမှ မိတ်ဆွေ တစ်ဦးဖြစ်သူ ဆရာဗျာလာခိုင်ထံဝင် ဖြစ်သည်။ ဘာရယ်မဟုတ် ခရီးကြုံ သဖြင့် သတင်းဝင်မေးခြင်းဖြစ်ပါ သည်။ သို့သော် ကျောက်တော်မှ ပလက်ဝသို့ မည်သို့ခရီးဆက်ရမည် ကိုလည်း သူ့ကိုအသေးစိတ်မေးစမ်း ချင်တာလဲပါ ပါသည်။

 မိတ်ဆွေဖြစ်သူမှာ ကျောက်တော်မြို့တွင် ၉တန်း၊ ၁ဝ တန်း ဘော်ဒါဆောင်ဖွင့်ထားသူ ဆရာတစ်ဦးဖြစ်ပြီး မိမိတို့ကို မထင်မှတ်ဘဲ ရုတ်တရက်တွေ့ လိုက်ရ ၍ အံ့သြစွာ ဖြင့် ဝမ်းသာအားရ နှုတ်ဆက်သည်။ ထို့နောက် မတွေ့ရတာကြာပြီဆိုပြီး ညနေစာထမင်းကို သူ့အိမ်မှာပင် တည်ခင်းဧည့်ခံတော့ သည်။

မြစ်ကုလားတန် ရေဆန်ခရီးဝယ်

 မနက်လင်းတော့ ပလက်ဝမြို့ သို့ထွက်ခွာမည့် စက်လှေကိုမီရန် ပြင်ဆင်ရသည်။ တည်းခိုခန်းမန်နေဂျာကို ပိုက်ဆံရှင်းပြီး ဘုတ်ဆိပ်သို့ အချိန်မီဆင်းရ ပါသည်။

ပလက်ဝမြို့သို့ သွားသည့်စက် လှေမှာ မနက်ခုနစ်နာရီခွဲတိတိတွင် စတင်ထွက်ခွာပါသည်။ စက်လှေမှာ မဒင်ပဲ့ချိတ်အမျိုးအစားဖြစ်ပြီး ၂၅ ကောင် အင်ဂျင်နှစ်လုံးဖြင့်မောင်းသည်။ ကုလားတန်မြစ်ကြောင်းတစ်လျှောက် တွင် အသုံးပြုသွားလာသော စက်လှေ များမှာ ဤကဲ့သို့ မဒင်ပဲ့ချိတ်အမျိုး အစားတွေချည်းဖြစ်ပါသည်။ ယင်းမှာ ကုလားတန်မြစ်ကြောင်းတစ်လျှောက် ၌ ကျောက်ဆောင်များ၊ ရေတိမ်နေရာ များပေါများခြင်း တို့ကြောင့် ရှောင် တိမ်းသွားလာရ လွယ်ကူစေရန် မဒင် ရှည်အမျိုးအစား စက်လှေတွေကိုသာ အသုံးပြုကြသည်ဟု သိရသည်။

မိမိတို့စီးနင်းလိုက်ပါလာသော စက်လှေတွင် ပလက်ဝသို့သယ်ယူ သည့် အိမ်သုံးပစ္စည်းများနှင့် စားကုန် ပစ္စည်းအများအပြား တင်ဆောင်လာသည် ကို တွေ့ရပါသည်။ ပလက်ဝမြို့ မှာ ကုန်ပစ္စည်းများ သယ်ယူတင်ပို့ ရာ၌ ကျောက်တော်မြို့သို့ ရေလမ်း ခရီးတစ်ခုတည်းဖြင့်သာ ဆက်သွယ်နိုင်ပါ သည်။ ပလက်ဝမြို့မှာ ချင်းပြည် နယ်အတွင်း ကျရောက်သော်လည်း မြင့်မားသော တောင်တန်းကြီးများ ကာဆီးထားခြင်းကြောင့် ကျောက်တော်မြို့ ဘက်သို့ ရေကြောင်းခရီးမှ လွဲလျှင် အခြားမည်သည့်မြို့များနှင့်မျှ ကုန်းလမ်းအဆက်အသွယ်မရှိချေ။

ကျောက်တော်မြို့ ဆိပ်ကမ်းမှထွက်ခွာသည်နှင့် ကျောက်တော်မြို့၏ အနောက်ဘက်တွင် ဧရာမမြင့်မားသော မိုးမျှော်တောင်တန်းကြီးများကို စတင်တွေ့ရသည်။ အဆိုပါ တောင်တန်းကြီးများမှာ အိန္ဒိယနိုင်ငံသို့ထိ သွယ်တန်းလျက်ရှိပြီး ကုလားတန်မြစ်အား ပါးပျဉ်းထောင်ကာ ငေးကြည့်နေသော မြွေကြီး တစ်ကောင်နှင့်ပင်တူနေ တော့သည်။

ကျောက်တော်မြို့၏ အရှေ့ ဘက်ကမ်းတစ်လျှောက်တွင် သကြား ကြံစိုက်ခင်းအများအပြားကို တွေ့ရှိရ သည်။ ခဏနေတော့ မြစ်အရှေ့ဘက်ကမ်းရှိ သကြားစက်ရုံကိုလည်း ထင် ထင်ရှားရှားပင်မြင်တွေ့ရသည်။ အဆို ပါကြံစိုက်ခင်းများမှာ စက်ရုံအတွက် အဓိက ကုန်ကြမ်းစိုက်ခင်းများပင် ဖြစ်ပါသည်။ ထို့အပြင် မိမိတို့စီးနင်း လိုက်ပါလာရာ မြစ်ကမ်းနှင့် မြစ် ကြောင်းတစ်လျှောက်တွင် တံငါလှေ များ၊ မြေပဲနှင့် ဟင်းသီးဟင်းရွက် စိုက်ခင်းအများအပြား ကိုတွေ့ရသည်။  သို့သော် အဆိုပါစိုက်ခင်းနေရာများမှာ မြင့်မားသော တောင်တန်းကြီးများ၏ ခြေရင်းတွင်ရှိသဖြင့် ဧရိယာအကျယ် အဝန်းမှာ များများ စားစားမရှိလှချေ။

မိမိတို့၏ စက်လှေမှာ နေ့လယ် ၁၂ နာရီခွဲတွင် ဗွီဝုန်းဟုခေါ်သည့် ကျောက်တော်မြို့နယ်နှင့် ပလက်ဝမြို့ နယ်အစပ်သို့ ရောက်ရှိကြသည်။ ဤ နေရာ သို့ ရောက်တော့မှ အင်ဂျင်နှစ် လုံးပြိုင်တူခုတ်မောင်းလာသည့် မိမိ တို့၏စက်လှေမှာ အင်ဂျင်တစ်လုံးက တက်မရိုးကျိုးသွားတော့သည်။ သို့သော် ကိစ္စ မရှိပါ။ ခရီးအနည်းငယ် ပိုကြာမည်က လွဲလျှင် အင်ဂျင်တစ်လုံး တည်းဖြင့် မိုးမချုပ်မီ ပလက်ဝမြို့သို့ ရောက်နိုင်ပါသေးသည်။

စက်လှေတွင် လိုက်ပါလာသော ခရီးသည်များမှာ ဗွီဝုန်းမှာပင် နေ့လည်စာ ထမင်းကို စားသောက်ကြပြီး ပလက်ဝသို့ ဆက်လက်ချီတက်ခရီး ဆက်ကြ သည်။ ပလက်ဝမြို့နယ် ဘက်သို့ ရောက်လာသည်နှင့် တပြိုင်နက် မြစ်ကမ်းဘေးရှိတောင်တန်း ကြီးများမှာ ပို၍မြင့်မားစွာတည်ရှိ နေကြသည်ကို သတိ ထားမိပါသည်။ မြစ်ကြောင်းမှာ တဖြည်းဖြည်းကျဉ်း လာပြီး အကွေ့အကောက်တွေက ပို များလာသည်ကို သတိထားမိပါသည်။

မြစ်ကြောင်းအချို့နေရာ များမှာ ဧရာမကြီးမားသော ကျောက်တုံးကြီး များ ကျောက်ဆောင်ကြီးများကိုတွေ့ ရှိလာရသည်။

ကုလားတန်မြစ်ကြောင်း စီမံကိန်းတွင် သင်္ဘောကြီးများ လွတ်လပ်စွာသွားလာနိုင်ရန်အတွက် အဆိုပါ ကျောက်တုံးကျောက်ဆောင်နှင့် ရေတိမ်နေရာ များအား ဖြိုခွဲရှင်းလင်းလိုက် မည်ဆိုပါက ယင်းနေရာများကို မှီခို နေကြသည့် ရေနေသတ္တဝါအချို့၏ ဂေဟစနစ်များမှာလည်း ပြောင်းလဲမှု တော့ရှိလိမ့် မည်ထင်ပါသည်။

မြူနှင်းဝေဝေကြားမှ တောင်ကြားမြို့ကလေး

ပလက်ဝမြို့သို့မရောက်မီ အကွေ့တစ်ခုကို ဖြတ်လိုက်သည်နှင့် အတူစီးလာသောခရီးသည်တစ်ဦးက ဟော၊ ပလက်ဝမြို့ကို ရောက်ပြီကွ ဟုပြောလိုက် သည်နှင့် တစ်ပြိုင်နက် မိမိက ရှေ့ဘက်သို့မျှော်ကြည့်လိုက်မိ ပါသည်။ ပလက်ဝမြို့မှာ ကုလားတန် မြစ်၏ အနောက်ဘက်ကမ်းတွင် တည်ရှိခြင်းဖြစ်ပြီး အဝေးမှလှမ်းကြည့် လျှင် တောင်ထိပ်တစ်ခု၌ စိုက်ထူ ထားသော မိုက်ကရိုဝေ့တိုင်ကို အရင် ဆုံးမြင်တွေ့ရသည်။

ထို့နောက် မြင့်မားသော တောင်တန်းကြီး ၏ ခြေရင်း တွင် မြူနှင်းတွေအုပ်ဆိုင်းနေသည့် မြို့ လေးကိုမြင်တွေ့ရပေမည်။

မိမိက ထိုမြင်ကွင်းကိုတွေ့လိုက် သည်နှင့် မိုးတောင်ခိုးနဲ့တိမ်ရော ယှက်လိမ်၊ တိမ်နှင့် တောင်ခိုး တောင် ကိုမိုးဆိုသည့် ဆရာကြီးမင်းသုဝဏ်၏ ကဗျာ တစ်ပိုင်း တစ်စကို သတိရလိုက်မိပါသည်။ ဆရာကြီးမှာ ထိုကဗျာအား မိုးရာသီ၌ရှိတတ်သော တောင်အခိုးအငွေ့များကို ဖွဲ့ခဲ့ဟန်ရှိသော်လည်း ပလက်ဝ မြို့၏ အဝေးမြင် ကွင်းမှာ တောင်တန်းကြီးများ၊ တိမ် များ၊ နှင်းမြူများအောက်တွင် ရှိနေ သည့်အတွက် ထိုကဗျာစာသားအား သတိရလိုက်မိခြင်းဖြစ်ပါ သည်။

မိမိတို့၏ စက်လှေမှာ ပလက်ဝ မြို့သို့ နေ့လယ် ၃ နာရီခွဲတွင်ရောက် ရှိပါသည်။ ထို့နောက် ကျောက်တော် မြို့မှ မိတ်ဆွေဖြစ်သူ ဆရာဗျာလာခိုင်၏ လမ်းညွှန်ချက်အရ ဆရာလှကျော် သိန်းကိုရှာရပါသည်။

ဆရာလှကျော် သိန်းမှာ ပလက်ဝမြို့ သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ တစ်ဦးဖြစ်၍ ကျောက်တော်မြို့မှ မိမိတို့၏မိတ်ဆွေနှင့် ဆရာတပည့်များ ဖြစ် ကြသည့် အတွက် မိမိတို့အား လမ်းညွှန်စီစဉ် ခဲ့ခြင်းဖြစ်ပါသည်။

မိမိတို့မှာ ဆရာလှကျော်သိန်း အား အလွယ်တကူဖြင့်ပင် ရှာတွေ့ခဲ့ ကြပြီး မြို့အနောက်ဘက်တောင်ထိပ် ပေါ်ရှိ သမဝါယမဦးစီးဌာနရုံးခန်း အလွတ် တစ်ခုတွင် တည်းခိုရပါသည်။ ပလက်ဝမြို့မှာ တည်းခိုခန်း မရှိသည့်အတွက် ဤဆရာနှင့် မတွေ့ ရလျှင် မိမိတို့မှာ ဘုန်းကြီးကျောင်း တစ်ခုခု၌ တည်းခို ရန်သာရှိပါတော့သည်။

ပလက်ဝမြို့တွင် တည်းခိုနေထိုင်ရင်း မိမိတို့မှာ လေးရက်တိတိ အချိန်ကြာသွားခဲ့ပါသည်။ ထိုရက်များတွင် မြို့နှင့် အနီးဝန်းကျင်နေရာများ သို့ လေ့လာ ကြည့်ရှုခွင့်ရခဲ့ပါသည်။

ပလက်ဝမြို့မှာ အင်္ဂလိပ်တို့တည် ထောင်ခဲ့သည့် မြို့တစ်မြို့ဖြစ်ပါသည်။ ၁၈၂၆ ခု တွင် အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီး ရခိုင်ဒေသကို အရှေ့အိန္ဒိယ ကုမ္ပဏီမှ သိမ်းယူခဲ့ရာ ပလက်ဝမြို့နယ်သည် ရခိုင်တိုင်းစစ် တွေခရိုင်၌ ပါဝင်ခဲ့ပါသည်။ သို့ရာ တွင် ပလက်ဝမြို့နယ်တစ်ခုလုံးကိုမူ အုပ်ချုပ်နိုင်ခြင်း မရှိသေးချေ။ ထို့ကြောင့် အုပ်ချုပ်မှုလွယ်ကူစေရန် တရားဥပဒေစိုးမိုးရေးကို ရှေးရှုလျက် ၁၈၆၅ ခုနှစ်တွင် စစ်တွေခရိုင်မှ ခွဲထွက်၍ ရခိုင်မြောက်ပိုင်း နယ်များ ခရိုင်အဖြစ်ဖွဲ့စည်းရာတွင် ပါဝင်ခဲ့ သည်။

ခရိုင်အသစ်ရုံးစိုက်ရာမှာ စစ် တွေမြို့မှ ၈၆ မိုင်ခန့်ကွာဝေးသော မျောက်တောင်ကျေးရွာတွင် ဖြစ်ပါ သည်။ ထိုစဉ်က ဒေသတွင်း၌နေ ထိုင်သော ချင်း လူမျိုးများမှာ အင်္ဂလိပ် အစိုးရအား အကြိမ်ကြိမ်ဆန့်ကျင် သဖြင့် ၁၈၇၆ ခုနှစ်တွင် ခရိုင်ဝန်ရုံးကို မျောက်တောင်ကျေးရွာမှ မြောက် ဘက် ၂၄ မိုင်ခန့် ကွာဝေးသော ပလက်ဝမြို့ဘက်သို့ ပြောင်းရွှေ့ခဲ့ရာ မှ မြို့အဖြစ်ပေါ်ပေါက်လာခြင်းဖြစ်ပါ သည်။ ထိုအချိန်က ပလက်ဝမြို့မှာ ကျေးရွာငယ်လေးတစ်ရွာ အဆင့်သာ ရှိ၍ မြစ်၏တစ်ဘက်ကမ်း ကုလား တန်မြစ်လက်တက်တစ်ခုဖြစ်သော ပလက်ချောင်းအဝတွင် တည်ရှိခြင်းကြောင့် ပလက်ဝမြို့ဟု ခေါ်တွင် လာ ခဲ့ခြင်းဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

ပလက်ဝမြို့သည် ကုလားတန် မြစ်ကမ်းဘေး ကြီးမားသော တောင် တန်းကြီးများအောက်ရှိ တောင်ကုန်းတစ်ခုပေါ်တွင် တည်ရှိသော မြို့ငယ်လေးဖြစ် သည်။ သို့ရာတွင် မြို့ငယ်သလောက်နေထိုင်ကြသည့် လူမျိုးများမှာ အတော်စုံပါသည်။ ရခိုင်၊ ဗမာ၊ ချင်း၊ မြို၊ မရာ၊ ခေါင်စို၊ လူရှိုင်း၊  အနူး၊ သက်၊ ချော်၊ ဘင်္ဂလီ၊ ဟိန္ဒူ နှင့် အခြားတိုင်းရင်းသား လူမျိုးစုငယ် များ ရောနှောနေထိုင်လျက်ရှိသည်ကို တွေ့ရသည်။

မြို့ပေါ်ရှိ နေထိုင်သူအများစုမှာ ဝန်ထမ်းများဖြစ်ကြပြီး ကုန်ရောင်းကုန်ဝယ်လုပ်သူများနှင့် ဆိုင်သည်များမှာ ဒုတိယအများဆုံးဖြစ်သည်။ ကိုင်းလုပ် ငန်းနှင့် ဥယျာဉ်ခြံလုပ်ငန်း လုပ် ကိုင်သူအချို့ကိုလည်းတွေ့ရသည်။ အချို့မှာ အမဲလိုက်ခြင်းဖြင့် ရပ်တည် ကြပြီး မိမိတို့ပစ်ခတ်ရရှိသော ချေ၊ ဆတ်၊ ဝက်၊ မျောက် စသော တော ရိုင်းတိရစ္ဆာန်များ၏ ဦးခေါင်းခွံများ အား အိမ်ရှေ့ဝရန်တာပေါ်၌ လူအများ မြင်သာအောင် အစီအရီဖြင့် ဂုဏ်ယူ ဝင့်ကြွား စွာ ပြသထားသည်ကိုလည်း မြင်တွေ့ရပါသည်။

မင်းသိမ်းသြာင်(အဉ္စန) 

http://www.zaygwet.com/science.php?id=322 မှကူးယူဖေါ်ပြသည်။

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: