လျှပ်စစ်မီးအဆင်ပြေအောင် ဆောင်ရွက်မပေးနိုင်လျှင် ရာထူးမှနှုတ်ထွက်သွားမည်ဟု ဒေါက်တာမြင့်ကြူပြောကြား


မန္တလေးမြို့တွင် လျှပ်စစ်မီးပြန်လည်ရရှိလိုမှုကြောင့် ဆန္ဒပြပွဲများဖြစ်ပေါ်ခဲ့သဖြင့် ညတွင်းခြင်း အရေးပေါ်သတင်းစာရှင်းလင်းပွဲအား မန္တလေးတိုင်း လျှပ်စစ်ရုံးဝင်းအတွင်း ချက်ချင်းကျင်းပပေးခဲ့သည်။

သတင်းစာရှင်းလင်းပွဲတွင် မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဒေါက်တာမြင့်ကြူ မှ လျှပ်စစ်မီးများ အဆင်ပြေအောင် မလုပ်ပေးနိုင်လျှင် ရာထူးမှ နှုတ်ထွက်သွားမည်ဖြစ်ကြောင်း မြစ်မခသို့ ပြောကြားသွားသည်။

“ ကျွန်တော့်တာဝန်ကတော့ ရလာတဲ့လျှပ်စစ်မီးကို ညီတူညီမျှရအောင် လုပ်ပေးရမယ့်တာဝန်ရှိပါတယ်။ အဲဒီတာဝန်ကို မကျေရင် ကျွန်တော် ထွက်မှာ ပါ ´´ ဟု ဒေါက်တာမြင့်ကြူက ပြောကြားသည်။ မုတ်သုန်ရာသီဝင်ရောက်လာပြီဖြစ်၍ ယခုထက်စာလျှင် ပိုမိုပေးနိုင်မည်ဖြစ်ကြောင်း ကိုလည်း ပြော ကြားခဲ့သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲသို့ မန္တလေးတိုင်းဒေသကြီး လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဒေါက်တာ မြင့်ကြူ ၊ မန္တလေးတိုင်း လျှပ်စစ်ရုံးမှ တိုင်း အင်ဂျင်နီယာဖြစ်သူ ဒေါ်အေးအေးမင်းနှင့် အခြားတာဝန်ရှိ သူများတက်ရောက်ခဲ့သည်။

ယခုကဲ့သို့ လျှပ်စစ်မီးများမပေးနိုင်ခြင်းသည် ကေအိုင်အေ မှ ရွှေလီမှလာသော လျှပ်စစ်မီးတန်းများသွယ်တန်းရာ တာဝါတိုင်များကို ဖျက်ဆီး ခဲ့ခြင်းကြောင့်ဖြစ်သည်ဟုလည်း ၎င်းတို့က ဖြေရှင်းချက် ပေးခဲ့သည်။

မန္တလေးမြို့လျှပ်စစ်မီးများ ယခုထက် ပိုမိုပေးဆောင်နိုင်ရန်အတွက် မီးစက်(၁၀)လုံး ရောက်ရှိလာမည်ဖြစ်ပြီး အရေးကြီးသည့်နေရာများတွင်သာ  တပ်ဆင်သွားမည်ဖြစ်ကြောင်းကိုလည်း ဒေါ်အေးအေးမင်းက ပြောကြားခဲ့သည်။

ရုံးချုပ်က ကျမတို့ဆီကိုပို့ပေးပါတယ်၊ ရပ်ကွက်တွေက ထရန်စဖာမာတွေရဲ့ခြေရင်းမှာ ချပေးထားမယ် ၊ ကျမတို့လဲ ပေးချင်ပါတယ်၊ အခြေအနေရက တစ်နိုင်ငံလုံးမှာဖြစ်နေတာပါ၊ လုပ်ငန်းပဲသုံးသုံး ဘာပဲသုံးသုံး အပြည့်ပေးချင်ပါတယ်။

ကြိုးစားပြီးမျှတအောင်   ဆောင်ရွက်သွားပါမယ် ဟု ဒေါ်အေးအေး မင်းက ပြောသည်။

၂၀၁၂ခုနှစ် မေလ(၂၀)ရက်နေ့ ည(၇)နာရီအချိန်တွင် မန္တလေးမြို့၌ လျှပ်စစ်မီး(၂၄)နာရီပြန်လည်ရရှိလိုမှုဖြင့် ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်ပွဲကို မြို့နေ လူထုက စုပေါင်းဆန္ဒထုတ်ဖေါ်ပြသခဲ့ကြသည်။ အဆိုပါ ဆန္ဒပြပွဲကို (၂၆)လမ်းနှင့် (၇၈)လမ်းထောင့်ရှိ မန္တလေးတိုင်းလျှပ်စစ်ရုံးရှေ့တွင် စတင်ကျင်း ခဲ့ပြီး ထိုမှတဆင့် ကျုံးဘေးတစ်လျှောက် လမ်းလျှောက်ကာ ဆန္ဒထုတ်ဖေါ်ပြသခဲ့သည်။

ထိုဆန္ဒပြပွဲတွင် လူဦးရေ(၃၀၀၀)ကျော်ပါဝင်ခဲ့ပြီး အလွှာပေါင်းစုံ အရွယ်ပေါင်းစုံပါဝင်ပူးပေါင်းကာ ဖယောင်း တိုင်များကိုင်ဆောင်ပြီး   ကြွေးကြော်သံ  အချို့ကို ကြွေးကြော်ခဲ့ကြသည်။

မန္တလေးမြို့ကြီးကို နှစ်ဆယ့်လေးနာရီ မီးရချင်လို့ ခုလိုလာရောက်ပါဝင်တာပါ ဟု မန္တလေးမြို့ ဒေ၀န်း အရှေ့တွင်နေထိုင်သူ အသက်နှစ်ဆယ်ကျော် အမျိုးသမီးတစ်ဦးက ပြောသည်။

မန္တလေးမြို့တွင် ပြီးခဲ့သည့်သင်္ကြန်နောက်ပိုင်းမှစတင်ကာ မီးပျက်မှုပိုမိုဆိုးရွားလျှက်ရှိပြီး ထိုကဲ့သို့ မီးပျက်မှုကြောင့် လူအများ ရာသီဥတုဒဏ် ပိုမို ခံစား ရခြင်း ရေလုံလောက်စွာမရရှိခြင်းများကို ကြုံတွေ့နေရခြင်းများကြောင့် ယခုကဲ့သို့  ဆန္ဒပြပွဲများ   ပေါ်ပေါက်လာခြင်းဖြစ်သည်။

“ အမှောင်ထဲမှာ နေနေရတာပါ ၊ မီးမလာလို့ ရေလဲမလာဘူး ၊ ရေမလာတဲ့အတွက် အဲဒီရေကို ညနက်သန်းခေါင်ထိ ထိုင်စောင့်ရတယ် ၊ ကျနော်တို့ တိုင်းပြည်မှာရှိတဲ့ သဘာဝသယံဇာတတွေ အရင်းအမြစ်တွေကို နိုင်ငံခြားရောင်းစားနေပြီး ကျနော်တို့မြန်မာနိုင်ငံသားတွေကြတော့ ကိုယ့်ရဲ့ လူ့ မှု စွမ်းအား အရင်းအမြစ်တွေက အလကားနေအလကား ဆုံးရှုံးနေရတယ် ဟု ရွှေလှံရပ်ကွက်တွင်   နေထိုင်သော အမျိုးသားတစ်ဦးက ကျုံးဘေးဆန္ဒပြပွဲ တွင် ပြောပြသွားသည်။

မန္တလေးမြို့တွင် ခြောက်နာရီလာ ဆယ့်နှစ်နာရီပျက်စံနစ်ဖြင့် မီးများပေးလျှက်ရှိပြီး တောင်ကြီး ၊ နေပြည်တော်တို့တွင် မီးလုံးဝပျက်ခြင်းမရှိကြောင်း သိရသည်။

ဆန္ဒပြသူများသည် မန္တလေးတိုင်းလျှပ်စစ်ရုံးရှေ့ ၊ ကျုံးဒေါင့်ဆီဒိုးနားဟိုတယ်ရှေ့နှင့် တရုတ်ကောင်စစ်ဝန် ရုံးများရှေ့သို့ သွားရောက်ဆန္ဒပြခဲ့ကြပြီး ယခုလိုဆန္ဒပြမှုကို တစ်စုံတရာ အရေးယူခြင်း မရှိကြောင်းကိုလည်း တွေ့ရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: