သန္ဓေဆောင်ကာလာ ၀မ်းကြာတိုက်အလွန်


ကျွန်ုပ်တို့ဘဝကို ဤသို့ဖြစ်လာစေရန် မည်သည့် အရာက စေစားပါသနည်း။ အချို့သူတို့သည် ဘာကြောင့် စိုးရိမ်သောက များကြပါသနည်း။ အဝလွန်ကြပါသနည်း။ ပန်းနာရင်ကျပ်ဖြစ်ကြပါသနည်း။ အချို့သူတို့သည် ဘာကြောင့် နှလုံးရောဂါ၊ ဆီးချိုရောဂါဖြစ်လွယ်ကြပါ သနည်း။

သန္ဓေတည်စဉ်က ဆက်ခံရရှိသော မျိုးဗီဇအရ၊ ကလေးငယ်ဘဝတွင် ဖြတ်သန်းတွေ့ထိခဲ့ရသော ပတ်ဝန်း ကျင်အရ၊ အတွေ့အကြုံအရ၊ အထူးသဖြင့် ပထမ သုံးနှစ်အရွယ် ဘဝအခြေအနေများအရ လူကြီးဘဝတွင် စားသောက်မှု၊ ကျန်းမာရေးလေ့ ကျင့်ခန်းပြုလုပ်မှုစသော ကျွန်ုပ်တို့ ရွေးချယ်သော ကျင့်သုံးသော လူမှုဘဝ ပုံစံအရ ကျွန်ုပ်တို့ဘဝ သည် ဖြစ်ပေါ်လာရပေသည်။

ဤအချက်များအပြင် ကျွန်ုပ်တို့ဘဝကို ထုဆစ်ပုံ ဖော်ပေးသော၊ သင် မထင်မှတ်ထားသော အခြား အကြောင်းတရား များရှိနေသေးပေသည်။ သန္ဓေ သား ဘဝပင်ဖြစ်ပါသည်။ အမိဝမ်းတွင်းရှိနေစဉ် ရရှိသော အစားအစာ၊ ညစ်ညမ်း အဆိပ်သင့် မှု၊ ဆေးဝါးစားသုံးမှုနှင့် ရောဂါကပ်ငြိမှုများ၊ မိခင်၏ ကိုယ်ဝန်ဆောင်ထားစဉ် ကျန်းမာမှု၊ ရောဂါစွဲကပ်မှု၊ စိတ်ဖိအားနှင့် စိတ်ဓာတ် အခြေအနေ၊ ဤအချက်များအားလုံးသည် မွေးဖွားလာ မည့် ကလေး ဘဝကို လူငယ်ဘဝကို ယနေ့အထိ ဘဝကို ပုံဖော်ပေးပေသည်။

သုတေသီတို့က ကိုယ်ဝန်ဆောင်နေစဉ် ကိုးလ တည်းဟူသော ပဋိသန္ဓေကာလသည် ကျွန်ုပ်တို့၏ဘဝကို ပုံဖော်ပေးသောကာလ၊ ဦးနှောက် ဆက်ကြောင်းများတည် ဆောက်မှုအပေါ်၊ နှလုံး၊ အသည်း၊ ပန်ကရိယတို့အလုပ် လုပ်မှုအပေါ် လွှမ်းမိုးစေသော အရေးအကြီးဆုံးကာလ ဟုယူဆကြ သည်။ သန္ဓေသားဘဝတွင် ရင်ဆိုင်ကြုံ တွေ့ရသော အခြေအနေများသည် ကျွန်ုပ်တို့၏ ရောဂါ ကူးစက်လွယ်မှု၊ ခန္ဓာကိုယ်အတွင်း ဇီဝဓာတုဖြစ်စဉ်၊

နှစ်ခြိုက်မှု၊ မှတ်ဥာဏ်နှင့် စိတ်ခံစားတတ်မှုတို့ကို ပုံဖော်ထု ဆစ်ပေသည်။  လွန်ခဲ့သောဆယ်နှစ် အတွင်း စမ်းသပ်တွေ့ရှိမှုများတွင် ကင်ဆာရောဂါ ၊ နှလုံးသွေးကြောဆိုင် ရာရောဂါ၊ ဓာတ်မ တည့်ခြင်း၊ ပန်းနာ ရင်ကျပ်ဖြစ်ခြင်း၊ သွေးတိုးခြင်း၊ ဆီး ချိုခြင်း၊ အဝလွန်ခြင်း၊ စိတ်ရောဂါ ဖြစ်ခြင်းနှင့် အသက် ကြီးခြင်းနှင့် ဆိုင်သော အဆစ်ရောင်ခြင်း၊ အရိုးပွ ခြင်းနှင့် မှတ်Óဏ်ဆိုင်ရာ ဆုတ် ယုတ်ခြင်းတို့သည် သန္ဓေသားဘဝ နှင့်ဆက်စပ်မှုရှိကြောင်း ဖော်ပြခဲ့ ကြသည်။

သန္ဓေသားသည် ဤကိုယ်ဝန်ဆောင်ဘဝ အခြေအနေများကို ပတ်ဝန်းကျင်လောက၏ သတင်းအချက်အလက်များ၊ ပြင်ပလောက၏ ပုံရိပ်များအဖြစ် လက်ခံမှတ်ယူထားသည်။ မိခင်ဝမ်းတွင်း သန္ဓေသား ဘဝတွင် လက်ခံ မှတ်ယူထားမှုများ သည် ကြည်နူးဖွယ် ဂီတသံစဉ်များ မဟုတ်ပေ။ အသက် ရှင်နေနိုင်ရေးအတွက် အရေးကြီး လှသော ဘဝအဖြေ များဖြစ်သည်။ သူသည် ကြွယ်ဝစွာ မွေးဖွားလာမည်လား။ ချို့တဲ့စွာ  မွေးဖွားလာမည်လား။ လုံခြုံဘေးကင်းစွာ မွေးဖွားလာမည်လား။ အန္တရာယ် ကြားတွင် မွေးဖွားလာမည်လား။ အသက်ရှည်ကျန်းမာ စွာနေထိုင်ရမည်လား။ ရောဂါထူပြောလျက် အသက်တိုရမည်လား။

သန္ဓေသားဘဝ သုတေသနများသည် ကျန်းမာမှုနှင့် ရောဂါဘယဖြစ်မှုတို့ မည်သို့စတင်ခဲ့သည်။လူ့ အရည်အသွေးများသည် မည်သည့်အချိန်တွင် စတင် ဖွံ့ဖြိုးလာသည်ကို အတွေးဟောင်းများကို တော်လှန်၍  ထုတ်ဖော် ပေးလျက်ရှိသည်။ ကိုယ်ဝန်ဆောင်ဘဝကို သိပ္ပံပညာ၏ ရှေ့တန်းသို့ ပို့ပေးခဲ့သည်။ အမေရိကန် ပြည်ထောင်စုအမျိုးသားကျန်းမာရေးသိပ္ပံ -National Institutes of Health-NIH သည် ဆယ်စုနှစ်များစွာကြာမည့် မမွေးဖွားမီကာလ သုတေသနကို လုပ်ဆောင်လျက်ရှိသည်။ ဤအခြေအနေများသည် ဇီဝဗေဒ၏ ပြင်ပနယ်ပယ်မှ ပုဂ္ဂိုလ်များ၏ အတွေးအယူများကိုလည်း ပြောင်းလဲစေခဲ့ သည်။ စီးပွားရေးပညာဖြင့် နိုဘယ်ဆုရ Amartya Sen သည် သူငယ်ချင်း တစ်ယောက်နှင့်ပူးတွဲ၍ လူထု၏ကျန်းမာရေးနှင့် ကုန်ထုတ်စွမ်းအားအတွက် သန္ဓေသားဘဝ၏ အရေးကြီးပုံအကြောင်းကို စာအုပ်ရေးသားခဲ့သည်။ ဆင်းရဲချို့တဲ့သော ကိုယ်ဝန်ဆောင်ဘဝ အတွေ့အကြုံများသည် အသက်ကြီး လာသောအခါ ရောဂါမျိုးစုံ ဖြစ်ရမှုမျိုးစေ့ကို ချပေးခဲ့သည်ဟု သူက ရေးသားခဲ့သည်။  ရောဂါမျိုးစုံမှ ကာကွယ်ရေး၊ ပြည်သူ့ဘဝ ကျန်းမာရေးနှင့်အဝ လွန်ခြင်း၊ နှလုံးရောဂါ ဖြစ်ခြင်းတို့မှ ကာကွယ်နိုင်ရန်အတွက် မမွေးဖွားမီကိုယ် ဝန်ဆောင်ဘဝကပင် စတင်စောင့်ရှောက်ရမည်ဟု ရေးသားခဲ့သည်။

လွန်ခဲ့သော နှစ်နှစ်ဆယ်ခန့်က ဗြိတိသျှသမားတော် ဒေးဗစ်ဘတ်ကာ David Barker သည် ဗြိတိန်နိုင်ငံ၏ ဆင်းရဲသော ဒေသများတွင် နှလုံးရောဂါဖြစ် ပွားမှုများနေသည်ကို သတိပြုမိခဲ့သည်။

နှလုံးရောဂါသည် အထိုင်များသော၊ လှုပ်ရှားမှုနည်းသော ချမ်းသာသူများသာ ဖြစ်လေ့ရှိရာ ဆင်းရဲသော ရပ်ကွက်တွင် အဖြစ်များနေမှုအတွက် အံ့အား သင့်ခဲ့ရသည်။ သူသည် နှလုံးရောဂါဖြစ်သူများကို မွေးဖွားစ အခြေအနေအထိ ပြန်လှန်လေ့လာခဲ့သည်။ နှလုံးရောဂါ ဖြစ်သူများသည် ကိုယ်ဝန်ဆောင် စဉ်က အာဟာရ ချို့တဲ့မှုကို ပြသသည့် မွေးစက ကိုယ်အလေးချိန်မပြည့်သူများဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်။  အာဟာရ ပြည့်ဝစွာ မရသော သန္ဓေ သားသည် ရသမျှ အာဟာရကို ဦးနှောက်သို့ ဦးစားပေး၍ ပေးပို့ခဲ့ရရာ အခြားအစိတ်အပိုင်းတို့သည် အာဟာရ မပြည့်မဝဖြစ်ခဲ့ရသည်။ သို့ဖြင့်  ကာလ ကြာသော် အားနည်းနေသော နှလုံးသားဖြစ်လာရသည်။

Barker သည် သူ့တွေ့ရှိချက်များကို သူငယ်ချင်းများအား ပြောပြသောအခါ နှလုံးရောဂါဟူသည် မျိုးဗီဇနှင့် သက်ကြီးဘဝ လူနေမှုပုံစံအရသာ ဖြစ်ပွား ရသည်ဟုဆိုကာ သရော်ခဲ့ကြသည်။ ယခု အသက် ၇၂ နှစ်ရှိပြီဖြစ်ပြီး ဗြိတိန်နိုင်ငံ၊ ဆောက်သမ်တန် တက္ကသိုလ်နှင့် သြရီဂွန် ကျန်းမာရေးနှင့် သိပ္ပံ တက္ကသိုလ်တို့တွင် ပါမောက္ခတာဝန်ထမ်းဆောင်လျက်ရှိသည်။  Barker သည် ထောင်ပေါင်းများစွာသော နှလုံးရောဂါနှင့် မွေးဖွားစ ကိုယ်အလေး ချိန်လျော့နည်းမှု ဆက်စပ်နေပုံသာဓကတို့ဖြင့် သူ၏ တွေ့ရှိချက်ကို ဆုပ်ကိုင်ထားခဲ့သည်။ နှစ်များစွာ ကြာမြင့်အောင်ပင် Barker Hypothesis ဟု လူသိ များခဲ့သည်။

အချိန်ကြာလာသည်နှင့်အမျှ အယူအဆတို့သည် ပြောင်းလဲလာသည်။ ဘော့စတွန်ရှိ ဘရစ်ဟမ်နှင့် အမျိုးသမီးဆေးရုံ- Brigham and Women’s Hospital မှ ကပ်ရောဂါ  ဗေဒပညာရှင် Janet Rich Edwards သည် Barker ၏ အယူအဆကို ချေဖျက်နိုင်ရန် ပြင်း ပြင်းထန်ထန် ကြိုး ပမ်းခဲ့သည်။ Janet က သင်ရဲ့ ပစ္စက္ခစွန့်စားရတဲ့အခြေအနေတွေက သင့်ကိုရောဂါ ဖြစ်စေတာပါ။ သန္ဓေသားဘဝက ဖြစ်ပျက်မှုတွေကြောင့် မဟုတ်ပါ ဟု ပြောခဲ့ သည်။

Janet သည် သူနာပြု ၁၂ဝဝဝဝ ကို အခြေခံသော သူနာပြုများ၏ ကျန်းမာရေးလေ့လာမှုစစ်တမ်းကို ဆန်းစစ်ခဲ့သည်။ သူနာပြုတို့၏ အရွယ်ရောက် ဘဝလူမှုနေထိုင်မှုပုံစံ၊ လူမှုစီးပွားရေးအခြေအနေများကို လေ့လာသုံးသပ်ခဲ့ရာ မွေးကင်းစ ကိုယ်အလေးချိန် နည်းမှုနှင့် နှလုံးရောဂါဆက်စပ်မှုသည်  ပို၍ပင်ခိုင်မာလာခဲ့သည်။ သူမသည် ဆန်းစစ်မှုများကို အကြိမ် ၂ဝ ကျော် ပြုလုပ်ခဲ့ရာ Barker အယူအဆ သည် ပြည်သူ့ ကျန်းမာရေးအတွက် အရေး ကြီးသော အချက်ဖြစ်ကြောင်း ထပ်မံတွေ့ရှိခဲ့ပေသည်။

အမေရိကန်တို့သည် ပို၍ခန္ဓာကိုယ်ကြီးထွားလာကြသည်။ သူတို့၏ကိုယ်အလေးချိန်တိုးမှုသည် ငယ်စဉ်ကပင်စတင်ခဲ့သည်။ ဟားဘတ်ဆေးတက္ကသိုလ် ကပြု လုပ်ခဲ့သော သုတေသနတစ်ရပ်တွင် မိခင်တစ်ယောက်၏ ကိုယ်ဝန်ဆောင်စဉ် ကိုယ်အလေးချိန်တိုးမှုသည် မွေးဖွားလာမည့်ကလေးအား အသက် သုံးနှစ်မှစ၍ ကိုယ်အလေးချိန်ပိုလွန်စေမည့် အန္တရာယ်ရှိသည်ဟု အကြံပြုခဲ့သည်။  ထို့နောက် မွေးဖွားလာသည့်ကလေးငယ်တို့၏ အရွယ်ရောက်ချိန်ကို ဆက်လက်သုတေသနပြုခဲ့သည်။ သုတေသနအရ ကိုယ်ဝန်ဆောင်စဉ်က ကိုယ်အလေးချိန်အတိုးလွန်သူတို့၏ ကလေးများသည် ကိုယ်ဝန်ဆောင်စဉ် သာမန်မျှသာ ကိုယ်အလေးချိန်တိုးသူတို့၏  ကလေးများထက်ပို၍ အဝလွန်လာနိုင်ကြောင်း တွေ့ရှိ ခဲ့သည်။

ကလေးတို့သည် မိခင်တို့၏အစားစားမှုပုံစံကို အတု ယူနိုင်ပေသည်။ အဝလွန်မှုကို မျိုးဗီဇအရ ဆက်ခံ ရရှိနိုင်ပေသည်။ အဘယ်ကြောင့် သန္ဓေသား ဘဝအခြေအနေကို အကြောင်းဟုဆိုနိုင်ပါသနည်း။ သုတေသီတို့ သည် အဝလွန်သော မိခင်တို့၏ ကလေးတို့ကို ထိုမိခင်တို့ အဝမလွန်စေရန် ခွဲစိတ် ကုသမှုအောင်မြင်ပြီးနောက် မွေးဖွားသော ညီ၊ ညီမတို့နှင့် နှိုင်းယှဉ်ဆန်းစစ်ခဲ့သည်။ ၂ဝဝ၆ ခုနှစ် သုတေသနတွင် အဝမလွန်စေရန် ခွဲစိတ် ကုသထားသူ တို့၏ ကလေးများသည် မိခင်တစ်ဦးတည်း က အဝလွန်စဉ်က မွေးဖွားခဲ့သည့် ကလေးတို့ထက် အဝလွန်နိုင်မှု ၅၂ ရာခိုင်နှုန်း လျော့နည်းသည်ကို တွေ့ ရှိခဲ့ရသည်။ ၂ဝဝ၉ ခုနှစ်တွင် ပြုလုပ်သော ဒုတိယ သုတေသနအရ မိခင်တို့ကိုယ်အလေး ချိန် လျော့ကျပြီး နောက် မွေးဖွားသော မွေးစကိုယ် အလေး ချိန်ပို၍နည်း သောကလေးတို့သည် အဝလွန်နိုင်ခြေ သုံးချိုးတစ်ချိုး အထိလျော့ကျ သွားကြောင်း တွေ့ရှိခဲ့ရပေသည်။

အဝလွန်မှုကို ခွဲစိတ်ကုသပြီးနောက် မွေးဖွားသော ကလေးတို့သည် အဝလွန်စဉ်ကမွေးဖွားသော အစ်ကို၊ အစ်မတို့ထက် အဆီနှင့် ကာဘိုဟိုက်ဒရိတ် တို့ကို ပို၍ကျန်းမာစေသောနည်းလမ်းများဖြင့် အသုံးပြုနိုင်ကြသည်ဟု နယူးယောက်ရှိ ဆန်နီဒေါင်းစတိတ် ဆေးဗဟိုဌာနမှ ခွဲစိတ်ကုသရေးနှင့် ဆေး ဝါး ပါမောက္ခ John Kral ကပြောပြခဲ့သည်။ သူတို့၏ခန္ဓာတွင်း ဇီဝဓာတုဖြစ်စဉ်တို့သည် သန္ဓေ သားဘဝအတွေအကြုံတို့ဖြင့် ပုံမှန် ဖြစ်ကြရပေသည်။ သန္ဓေသားဘဝ အတွေ့အကြုံဟူသည် ဗီဇပြင်ပတွင် ပုံစံသစ်ပြုပြင်ခြင်း- Epigenetic Modification ဟု သိရှိကြသည်။ ဗီဇမျိုးစေ့တို့ကို မပြောင်းလဲစေဘဲ ပတ်ဝန်းကျင်လွှမ်းမိုးမှုများကြောင့် ဗီဇမျိုးစေ့တို့၏ အပြုအမူတို့အပေါ် အကျိုးသက်ရောက်စေခြင်းပင်ဖြစ်သည်။ အဝလွန်မှုကို မိခင် ထံမှ ဆက်ခံယူရာတွင် သန္ဓေသားဘဝ ပတ်ဝန်းကျင်သည် မျိုးဗီဇထက်ဖြစ်စေ၊ အစာစားပုံ အလေ့အထကို အတုယူမှုထက်ဖြစ်စေ ပို၍အရေးကြီးပါ သည်ဟု Kral ကပြောပြသည်။ အဝ လွန်မှုကို အမွေဆက်ခံစေရန်အတွက် မိခင်သည် ကိုယ်ဝန်ဆောင်ဘဝတွင် ကျန်းမာခြင်းနှင့်ပြည့်စုံသော ကိုယ် အလေးချိန်တွင် ထိန်းသိမ်းထားရန် လိုအပ်ပေသည်။

သန္ဓေသားဘဝသိပ္ပံပညာသည် ရောဂါများကို ရိုးရာအမွေအဖြစ် ဆက် ခံထားရသည်ဟု ယုံကြည်နေသူများ အတွက် မျှော်လင့်ချက်ကိုလည်းပေး နိုင်ခဲ့ သည်။ ယခုအခါ အမေရိကန် ပြည်ထောင်စုအနောက်တောင်ပိုင်း ဆော့မြစ်နှင့် ဂီလာမြစ်သီးသန့်နယ်မြေတွင် နေထိုင်ကြသည့်-

မက္ကဆီကို အနောက်မြောက်ပိုင်း၊ အရီဇိုးနားနှင့် ဆိုနိုရဇာတိ ပီမာအင်ဒီးယန်းမျိုးနွယ် Pima Indians တို့သည် ကမ္ဘာတွင် အမှတ်-၂ ဆီးချိုရောဂါဖြစ် ပွားမှု အများဆုံးလူမျိုးဖြစ်သည်။ ပီမာတို့၏ ဆီးချိုရောဂါဖြစ်ပွားမှုသည် မျိုးဗီဇ ကြောင့်ဟု သံသယရှိခဲ့ကြသည်။ သို့ သော် ၁၉၆၅ ခုနှစ်မှ စတင်ခဲ့သည့် ပီမာအများအပြား ပါဝင်သည့် သုတေ သနက ဆီးချိုရောဂါဖြစ်ရခြင်းသည် ကိုယ်ဝန်ဆောင်စဉ် အတွေ့အကြုံ အခြေအနေများအရ ဖြစ်သည်ဟု ညွှန်ပြ ခဲ့သည်။

ကိုယ်ဝန်ဆောင်နေစဉ် ဆီးချိုဖြစ်နေသည့် မိခင်၏ သွေးဖိအားမြင့် သကြားဓာတ်သည် သန္ဓေသား၏ဖွံ့ဖြိုးနေသည့် ဇီဝဓာတုဖြစ်စဉ်ကို ဖျက်ဆီးပစ်ကာ ဆီးချိုနှင့် အဝလွန်မှု ဖြစ်စေရန် လမ်းပြောင်းပေးလိုက်ကြသည်။

ကိုလိုရာဒိုနှင့် ဒင်ဗာတက္ကသိုလ် ၏ကပ်ရောဂါဗေဒပါမောက္ခလည်း ဖြစ်၊ သုတေသန၏ခေါင်းဆောင် လည်းဖြစ်သော Dana Dabelea က လွန်ခဲ့တဲ့နှစ် ၃ဝ အတွင်းက သန္ဓေ သားဘဝမှာ မိခင်ရဲ့ဆီးချိုရောဂါဖြစ် မှုဟာ ပီမာကလေးတွေကို ဆီးချို ရောဂါဖြစ်စေခဲ့တယ်။ ဒါကြောင့် ပီမာမျိုးနွယ်တွေမှာ ဆီးချိုရောဂါ အဖြစ်များခဲ့ရတယ်ဟု ပြောပြခဲ့ သည်။

အမေရိကန်ပြည်ထောင်စု၊ လတ်စ်ဗေဂတ်ပြည်နယ်၊ နီဗားဒါး တက္ကသိုလ်မှ ဆေးဝါးဆိုင်ရာမနုဿ ဗေဒပညာရှင် Daniel Benyshek သည် အရီဇိုး နားဒေသမှ အမေရိကန် မျိုးနွယ်စုများကို တွေ့ဆုံမေးမြန်းခဲ့ သည်။ သူတို့ ကိုယ်ဝန်ဆောင်ထားစဉ် အခြေအနေတွေကြောင့် ကလေးမှာ ရောဂါဖြစ်နိုင် ပုံတွေကိုသိလာရတာဟာ လူတွေရဲ့ ဓလေ့စရိုက်တွေကို ပြောင်းလဲစေနိုင်တယ်။ ဆီးချိုရောဂါဟာ သန္ဓေသားဘဝက အခြေခံရခဲ့တယ်ဆိုတာကို မျိုးနွယ်စုတွေ သိလာကြတော့ မတူကွဲပြားတဲ့ တုံ့ပြန်မှုတွေကို တွေ့လာရတယ်။ ကိုယ်ဝန်ဆောင်ထားချိန်မှာ ရိုးစင်းတဲ့အပြောင်းအလဲကလေးတွေ လုပ် ပေးလိုက်ရင် မွေးလာမယ့်ကလေးမှာ ဆီးချိုဖြစ်နိုင်ခြေ လျော့သွားမယ်ဆို တာကို သိလာကြတော့ သူတို့မှာ မျှော်လင့်ချက်တွေရှိလာတယ်။ ကိုယ် ဝန်ဆောင်ထားစဉ်မှာ ဂရုစိုက်နေထိုင် စားသောက်ပြီး ဆီးချိုရောဂါကွင်း ဆက်ကိုဖြတ်ဖို့ စိတ်အားထက်သန် လာကြတယ်။ သူတို့ဟာ အစားကို စနစ် တကျစားကြတယ်။ လေ့ကျင့်ခန်းတွေလုပ်ကြတယ်။ အမြဲမလုပ်နိုင် ပေမယ့် ကိုယ်ဝန်ဆောင်ချိန်ကိုးလ မှာတော့ မွေးလာမယ့်ကလေးကို ရောဂါကင်းစင် ကျန်းမာစေဖို့အတွက် လုပ်နိုင်ရမယ်”ဟု ပြောလာကြသည်။

လေထုညစ်ညမ်း အဆိပ်သင့်မှု

ကိုလံဘီယာတက္ကသိုလ် ကလေးများပတ်ဝန်ကျင်ကျန်းမာရေးဗဟိုဌာန၏ ဒါရိုက်တာ  Frederica Perera သည် လွန်ခဲ့သောနှစ်သုံးဆယ်က အရွယ်ရောက်သူများ၏ ပတ်ဝန်းကျင် သဘာဝနှင့် ကင်ဆာဖြစ်မှုတို့ကို ဦးဆောင်သုတေသနပြုခဲ့သည်။ ထိုအချိန်ကစ၍ သူသည် ပတ်ဝန်းကျင် ညစ် ညမ်း အဆိပ်သင့်မှု၏ သန္ဓေသားတို့အပေါ် လွှမ်းမိုးသက်ရောက်မှုတို့ကို စိတ်ဝင်စားစွာ လေ့လာခဲ့သည်။ Parera သည် နယူးယောက်ဝန်းကျင်မှ ကလေး များအား ပို၍ကျန်းမာသော ဘဝဝန်းကျင်ကို ပေးလိုသည့်ဆန္ဒပြင်းပြခဲ့သည်။ သူသည် ကလေးမွေးပြီးလျှင်ပြီးချင်း ဓာတ်ခွဲခန်းသို့ဆောင်ယူ ကာ သွေးစစ်ဆေးခဲ့သည်။ စစ်ဆေးချက်အဖြေကိုကြည့်ပြီး တစ်ခုခုတော့မှားနေပြီဟုထင်ခဲ့သည်။ ရောဂါ လုံးဝကင်းစင်နေရမည့် မွေးစကလေးတွင် အဆိပ်သင့်မှုများကို တွေ့နေ ရသည်။

Parara နှင့်အဖွဲ့၏ ဆက်လက် သုတေသနပြုချက်များအရ ကိုယ်ဝန်ဆောင်ချိန်တွင် ယာဉ်နှင့် ဆက်နွယ်သည့် အဆိပ်ငွေ့များရှူရသူမိခင်တို့၏ ကလေးများသည် လမစေ့မီ မွေးဖွားခြင်း၊ ကိုယ်အလေးချိန် မပြည့်ခြင်း၊ နှလုံးပုံပျက်ခြင်းစသော ဆိုးရွားသည့် အခြေအနေများနှင့် မွေးဖွား လာရသည် ကို တွေ့ရှိခဲ့ကြရသည်။ ၁၉၉၈ ခုနှစ်တွင် ကိုယ်ဝန်ဆောင် ၅ဝဝ ကျော်အား အိပ်ချိန်မှလွဲ၍ မော်တော်ကားများမှ ထုတ်လွှတ်မီးခိုးတွင်ပါရှိသည့် ပိုလီ ဆိုက်ကလစ် အရိုမက် တစ်ဟိုင်ဒရိုကာဘွန် Polycyclic Aromatic Hydrocarbons PASs  ကို တိုင်းတာသည့် ကြောပိုးစက်ကလေး များကို တပ်ဆင်ပေးထားသည်။ စက်မှတ်တမ်းအရ ကိုယ်ဝန်ဆောင်အားလုံးသည် ရာနှုန်းပြည့် အဆိပ်သင့်ခဲ့ကြကြောင်း စစ်ဆေးတွေရရှိခဲ့ရ သည်။ ထိုအမျိုးသမီးများက မွေးဖွားလာသည့်ကလေး ၄ဝ ရာခိုင်နှုန်းတွင် PAHs အဆိပ်သင့်မှုကြောင့် ကင်ဆာရောဂါ ဖြစ်နိုင်ခြေအန္တရာယ် ပါရှိလာသည် ကို တွေ့ရှိခဲ့ရသည်။ ဆက်လက်သုတေသန ပြုမှုများအရ ဏဗျံအဆိပ်ငွေ့ပြင်းသင့်သူ မိခင်တို့၏ ကလေးတို့သည် PAHs  အဆိပ်ငွေ့ပျော့သင့် သူတို့၏ ကလေးများထက် အသက် သုံးနှစ်အရွယ်တွင် မှတ်ဥာဏ်ပေါ်မှု နောက်ကျခြင်း၊ အသက် ငါးနှစ်အရွယ်တွင် ကျောင်းစစ်ဆေးမှုများတွင် အမှတ် နိမ့်ခြင်း နှစ်ဆများပြားသည်။ ကိုယ်ဝန်ဆောင်ထားစဉ် PAHs အဆိပ်ငွေ့ပြင်းသင့်သူ မိခင်များ၏ ကလေးတို့သည် PAHs အဆိပ် ငွေ့ပျော့သင့်သူတို့ မိခင်တို့၏ ကလေးများထက် ဥာဏ်ရည်စံနိမ့်ကျသည်ကို တွေ့ရှိခဲ့ရသည်။

ဤသုတေသနအဖြေများက အခြားအဆိပ်သင့်မှုတို့၏ ထိခိုက်မှုတို့ ကိုလည်း သုတေသနပြုကြရန် တွန်းအားပေးခဲ့သည်။ ကျွန်ုပ်တို့သည် လူကြီးများအ တွက် ပူပင်ခဲ့ရသည်။ ယခု သန္ဓေသားတို့အတွက် ပူပင်နေကြရပြီဟု Perera ကပြောသည်။ ထို့ကြောင့်ပင် နယူးယောက်တွင် ပြေးဆွဲနေသည့် ဘတ်စ် ကား များကို ပို၍သန့် ရှင်းသော အင်ဂျင်ကို အသုံးပြုရန်၊ ယာဉ်အသုံးမပြုချိန်တွင် အင်ဂျင်ကို စက်ရပ်ထားရန် ညွှန်ကြားပြင်ဆင် စေခဲ့ရသည်။ ထိုသို့ စည်းကမ်း သတ်မှတ်လုပ်ဆောင်ခဲ့မှုကြောင့် ကိုယ်ဝန်ဆောင်မိခင်တို့တွင် အဆိပ်သင့်မှု လျော့နည်းလာသည်ကို တွေ့ရှိလာရသည်။ အကျိုးအဆက် အဖြစ် သန္ဓေသားတို့၏ ကျန်းမာရေးသည်လည်း တိုးတက် ကောင်းမွန်လာခဲ့ပေသည်။

စိတ်ဖိစီးမှု၏ ရင်းမြစ်

သုတေသီတို့သည် သန္ဓေသား ဘဝအတွေ့အကြုံများ၏ ကိုယ်လက်ကြံ့ခိုင်ကျန်းမာရေးအပေါ် သက်ရောက်မှုများကိုသာမက မှတ်ဥာဏ်၊ စိတ်စရိုက်၊ စိတ်ဖြူစင်မှုတို့အပေါ် သက်ရောက်မှုတို့ကိုပါ သုတေသနပြုခဲ့ကြသည်။ ကိုယ်ဝန်ဆောင်ထားစဉ် ချို့တဲ့ခေါင်းပါးခဲ့သူ၊ စိတ်ဖိအားများပြားသူ မိခင်တို့၏  ကလေးများသည် စိတ်ကစဥ့်ကလျား  ရောဂါဖြစ်မှု များပြားကြောင်းတွေ့ရှိခဲ့ ရသည်။

စိတ်ကစဥ့်ကလျား ရောဂါသည် အကြောင်းများစွာရှိသော၊ ရှုပ်ထွေးသော စိတ်ကစဥ့်ကလျားဖြစ်မှု ဖြစ်သည်။ တရုတ်နိုင်ငံ၊ အန်ဟွီဒေသတွင် နှစ် ၃ဝ ကြာ သုတေသနပြုချက်အရ ကိုယ်ဝန်ဆောင်ထားစဉ်  အခြေအနေများသည် ခိုင်မာစွာ သက်ရောက်မှုရှိကြောင်း တွေ့ရှိခဲ့ရသည်။

ထိုဒေသတွင် နေထိုင်သူတို့သည် နှစ်ဆယ်ရာစုအလယ် ခုန်ပျံကျော်လွှား တိုးတက်ရေးခေတ်တွင် အာဟာရ မပြည့်ဝမှုဒဏ်ကို ခါးစည်းခံခဲ့ကြရသည်။ ဆက်လက်၍ မော်စီတုန်း၏ အထိအခိုက် များပြားသော ခေတ်မီတိုးတက်ရေးလှုပ်ရှားမှုများကို ဖြတ်သန်းကြရပြန်သည်။ ထိုခေါင်းပါးသော ခေတ်ကို ရင်ဆိုင်ရသည့်မိခင်တို့၏ ကလေးများသည် အခြားကာလများထက် စိတ်ကစဥ့်ကလျား ဖြစ်မှု နှစ်ဆများပြားခဲ့သည်။

အလားတူပင် ၁၉၆၄ ခုနှစ်နှင့် ၁၉၇၆ ခုနှစ်များအတွင်းဂျေရုဆလင်မြို့တွင် မွေးဖွားခဲ့သူ ၈၈ဝဝဝ ဦးကို သုတေသနပြုခဲ့ရာ အာရတ်၊ အစ္စရေး  ခြောက် ရက် စစ်ပွဲကာလဖြစ်သော ၁၉၆၇ ခု၊ ဇွန်လတွင် ကိုယ်ဝန် နှစ်လသားရှိသော မိခင်တို့၏ ကလေးများသည် လူငယ်ဘဝတွင် စိတ်ကစဥ့်ကလျားဖြစ်မှု များပြားကြောင်း တွေ့ရှိခဲ့ရသည်။

ကိုလံဘီယာတက္ကသိုလ်၊ စိတ်ပညာဌာန ပါမောက္ခ Catherine Monk ကပို၍ စိတ်တုန်လှုပ်ဖွယ် ပြောဆိုခဲ့သည်။ ကိုယ်ဝန်ဆောင်မိခင်ရဲ့ စိတ်အခြေ အနေဟာ မွေးဖွားလာတဲ့ ကလေးရဲ့ စိတ်ဓာတ်ဖွံ့ဖြိုးမှုအပေါ် သက်ရောက်မှုရှိတယ်လို့ ပြညွှန်ခဲ့တယ်။ မိခင်ရဲ့ စိတ်ဓာတ်ရေးရာကို သန္ဓေသားဆီကို လွှဲပို့နိုင်ပါသလား။ ပို့နိုင်ရင်ဘယ်လိုပို့ပါသလဲ။ ဒီလိုလွှဲပို့မှုဟာ သန္ဓေသားရဲ့ဖွံ့ဖြိုးမှုအပေါ်သက်ရောက်မှု ရှိပါသလားဆိုတဲ့မေးခွန်းတွေ အများကြီးထွက် လာတယ်။ ဒီမေးခွန်းတွေရဲ့ အဖြေကို ကျွန်မတို့ ကြိုးစားရှာနေပါတယ်ဟု ပြောသည်။

စင်စစ် Monk နှင့်အဖွဲ့သည် သန္ဓေသားကို ခွဲစိတ်စားပွဲပေါ်တင်၍ စမ်းသပ်ခဲ့သည်ဟု ဆိုရမလိုဖြစ်သည်။ သူတို့သည် စိတ်ဓာတ်ကျနေသော၊ သောက ဖိစီးနေသော ကိုယ်ဝန်ဆောင် မိခင်များနှင့် ပုံမှန်စိတ်အခြေအနေတွင်ရှိသော ကိုယ်ဝန်ဆောင်မိခင်များကို ဓာတ်ခွဲခန်းထဲသို့ခေါ်၍ အသက်ရှူနှုန်း၊ နှလုံး ခုန်နှုန်း၊ သွေးဖိအားနှင့်အာရုံကြောများနိုးကြားမှုတို့ကို စစ်ဆေးသည်။

တစ်ချိန်တည်းမှာပင် သန္ဓေသားများ၏နှလုံးခုန်နှုန်းတို့ကိုလည်း စစ်ဆေးမှတ်တမ်း ယူသည်။ ထို့နောက် ကိုယ်ဝန်ဆောင်များအား ခက်ခဲသော စိတ်လေ့ ကျင့်ခန်းများပြု လုပ်စေသည်။ အမျိုးသမီးအားလုံးပင် လေ့ကျင့်ခန်းများကြောင့် ဖိစီးမှုခံခဲ့ ရကြောင်း ဇီဝကမ္မ လက္ခဏာများ ပြခဲ့ကြသည်။ သို့သော် စိတ်ဖိစီးမှုခံနေရသော စိတ်သောကရောက်နေသော အမျိုးသမီးတို့၏ သန္ဓေသားများတွင်သာ အနှောင့်အယှက် ရှိခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

ဤတွေ့ရှိချက်က သန္ဓေသားတို့သည် စိတ်ဖိစီးမှုအပေါ် ခံစားလွယ်မှုရှိနေကြောင်းပြသခဲ့သည်။ Monk က ”ဒါဟာ မိဘဆီက ဆက်ခံယူတဲ့ ဗီဇ မျိုးစေ့ကြောင့်လဲဖြစ်နိုင်တယ်။ ဒါမှမဟုတ် မိခင်ရဲ့စိတ်လှုပ်ရှားမှုတွေက ပုံဖော်ပေးလိုက်တာလဲဖြစ်နိုင်တယ်” ဟုပြောသည်။

အမျိုးသမီးများ၏ နှလုံးခုန်နှုန်း၊ သွေးဖိအား၊ ဖိအား ဟိုမုန်းများ၏ အဆင့်တို့သည် ကိုယ်ဝန်ဆောင်ကာလအတွင်း အမိဝမ်းတွင်း အခြေအနေအပေါ် သက်ရောက်မှုများရှိသည်။ ဤသည်မှာ လူ့ဘဝ၏  ပထမဆုံးပတ်ဝန်းကျင်အပေါ် လွှမ်းမိုးမှုနှင့် ဖွံ့ဖြိုးမှုအားပုံဖော်မှုလည်းဖြစ် ပေသည်။

သန္ဓေသားဘဝတွင် ကွဲပြားမှုများသည် မွေးဖွားပြီးကာလများအထိ  ဆက်လက်သွားကြောင်း၊ နှလုံးခုန်နှုန်းစသော အခြေခံဇီဝကမ္မ ပုံစံတို့သည် စိတ် လှုပ်ရှားမှုပုံစံကွဲပြားမှု နှင့် ပေါင်းစပ်နေကြောင်းမွန်က တွေ့ ရှိခဲ့သည်။ စိတ်လှုပ်ရှားမှုပုံစံ ကွဲပြားမှု၏ ရင်းမြစ်သည် မိခင်ဝမ်းမှ အခြေစခဲ့ဖွယ်ရှိသည်ဟု မွန့်က်က ပြောခဲ့ သည်။

ကိုယ်ဝန်ဆောင်မိခင်တစ်ဦး၏ စိတ်ခံစားမှုအခြေအနေသည် ကလေး၏ နောင်တွင် စိတ္တဇဝေဒနာဖြစ်မှုအပေါ် လွှမ်းမိုးမှုရှိနိုင်သည်။ လူအချို့သည် မျိုး ဗီဇ အရ စိတ်ဖိစီးမှုနှင့် စိုးရိမ်သောက ရောက်မှုဖြစ်လွယ် ကြသည်။ စိတ်မကျန်းမာသော မိဘတို့ ၏ ကလေးများသည်လည်း စိတ်မကျန်းမမာဖြစ်ရန် အလားအလာ ပို၍များပြားသည်။

ကိုယ်ဝန်ဆောင်ထားရစဉ် ပတ်ဝန်းကျင်အခြေအနေတို့သည် မွေးဖွားလာသည့် ကလေးတွင် စိတ်မကျန်းမမာ ဖြစ်စေရန် တတိယအကြောင်းဖြစ်သည်။ ဤ သုတေသနတို့က လူ့ဘဝကို ပုံဖော်ထုဆစ်ပေးသည့် အဦးဆုံး အကြောင်းတို့ကို ထုတ်ဖော်ပြပေး ပေသည်။

အနာဂတ်အတွက်ပြင်ဆင်ခြင်း

ဟားဗတ်တက္ကသိုလ် ဆေးဝါး ပါမောက္ခ Matthew Gillman သည် လွန်ခဲ့သော  ဆယ်နှစ်က ကလေးဘဝ အတွေ့အကြုံတို့သည် အနာဂတ် ဘဝ ကျန်းမာရေးအပေါ် သက်ရောက်မှုကို  သိရှိနိုင်ရန်အတွက် ဘော်စတွန်ဒေသမှ  ကလေး ၂ဝဝဝ ကျော်ကို သန္ဓေသားဘဝအထိ ခြေရာကောက် ဆန်းစစ် ခဲ့သည်။ သို့သော် David Barker ၏ သုတေသနသည် သူတို့ကို အံ့အားသင့်စေခဲ့သည်။ ကြီးပြင်းလာသောဘဝ၏ ကျန်းမာရေးသည် စင်စစ်မည်သည့် အချိန်က စတင်ခဲ့လေ သနည်း။ မမွေးဖွားမီကပင် စတင်ခဲ့ လေမည်လောဟု စဉ်းစားကာ သူ၏ သုတေသနကို သန္ဓေသားဘဝမှ စတင်ခဲ့သည်။ သူ၏ သုတေသနကို ရင်ကျပ်ခြင်း၊ ဓာတ်မတည့်ခြင်း၊ အဝလွန်ခြင်းနှင့် နှလုံးရောဂါတို့သည် သန္ဓေသားဘဝမှ စတင်အခြေချခဲ့ကြောင်း ပြဆိုခဲ့ပေပြီ။ ထို့အတူ ပင် ကိုယ်ဝန်ဆောင်ထားစဉ်အခြေအနေတို့သည် ဦးနှောက်ဖွံ့ဖြိုးမှုအပေါ် လွှမ်းမိုးမှုရှိကြောင်း ပြညွှန်းခဲ့ပြန်သည်။

ဤအဆိုကိုထောက်ခံသော အချက်အလက်များသည် ဆက်လက်ပေါ်ထွက်လာခဲ့သည်။

ယခုနှစ်တွင် ကိုယ်ဝန်ဆောင်မိခင်တစ်သိန်းသည် ကျန်းမာရေးနှင့် ရောဂါဘယတို့ဖြစ်ပေါ်မှု၏ အခြေခံတရားတို့ကိုဖော်ထုတ်နိုင်ရန်အတွက် အမျိုးသား လုံးဆိုင်ရာကလေးများကျန်းမာရေး သုတေသန  အစီအစဉ်တွင် ပါဝင်ခဲ့ကြသည်။ သုတေသနကို ပြည်ထောင်စု အစိုးရရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ် ပြီး၊ လူအများကို လွှမ်းခြုံကာ ကျန်းမာခြင်းနှင့် ရောဂါဘယ ဖြစ်ပွားခြင်း၏ အရင်းအမြစ်များကို ရှာဖွေဖော်ထုတ်ကြမည်ဖြစ်သည်။ သုတေသီတို့သည် အမျိုးသမီးများစွာကို တွေ့ဆုံကာ ကိုယ်ဝန်ဆောင်ထားစဉ်တွင် အနေအထိုင် အပြုအမူများကို မေးမြန်း မှတ်တမ်းတင်ကြသည်။ ဆံပင်၊ သွေး၊ သလိပ် နမူနာ တို့ကို စုဆောင်းစစ်ဆေးကြသည်။ နေအိမ်များရှိ သောက်ရေ သုံးရေ ဖုန်မှုန့်များကို စစ်ဆေးကြရသည်။ ထိုမိခင်တို့က မွေးဖွားလာသည့် ကလေး တို့ကို အသက် ၂၁ နှစ်အထိ  ခြေရာကောက် စစ်ဆေးမှတ်တမ်း တင်ကြသည်။

သြရီဂွန်ပြည်နယ်တက္ကသိုလ် Linus Pauling Institute မှ သုတေ သီ Davnd Williams သည်ကိုယ်ဝန် ဆောင်စဉ် မိခင်စားသုံးခဲ့သော ဆေး ဝါးတို့ သည် မွေးဖွားလာသည့် ကလေးတို့အား မဖျားနာစေရန် ရောဂါမဖြစ်စေရန် ကာကွယ်ပေးမည်ဟု ယုံကြည် နေသည်။

Williams သည် ကိုယ်ဝန်ဆောင်ကြွက်များကို ဘရိုကိုလီခေါ် ဂေါ်ဖီပွင့်စိမ်း၊ ဂေါ်ဖီထုပ်တို့မှရရှိ  သည့် ရောဂါကာကွယ် သတ္တိရှိဖိုင်တို ဓာတုပစ္စည်း – Phytochemical တို့ကိုတိုက်ကျွေးသည်။ ဖိုင်တိုဓာတု ပစ္စည်း တိုက်ကျွေးသော ကြွက်တို့၏ ရင်သွေးငယ်ကြွက်တို့သည် ကင်ဆာ ရောဂါ ဖြစ်စေနိုင် သည့် ကာဆီနိုဂျင်တို့နှင့် ထိတွေ့ရစေကာမူ ကင်ဆာ ရောဂါကို ရင်ဆိုင် အန်တုနိုင်ခဲ့ကြသည်။ ကြွက်ငယ်တို့သည် သန္ဓေသားဘဝ၏နောက်ပိုင်းတွင် ဖိုင်တု ဓာတုပစ္စည်းထိုးမပေးခဲ့သော်လည်း အရွယ်ရောက်သည့်တိုင် ကင်ဆာ ရောဂါကို ကြံ့ကြံ့ခံနိုင်ခဲ့ကြသည်။ Williams  သည် နောင်တစ်နေ့တွင် ကိုယ်ဝန်ဆောင်မိခင်များအား သင့်လျော်သော ဖြည့်စွက်အစာကျွေးခြင်းဖြင့် မွေးဖွားလာမည့် ရင်သွေးငယ်တို့အား ကင်ဆာရောဂါ မဖြစ်စေရန် ကာ ကွယ်ပေးနိုင်မည်ဟု မျှော်လင့်ကြိုး စားလျက်ရှိသည်။

သန္ဓေသား လွယ်ထားစဉ်ကာလ သုတေသနတို့ သည် အရွယ်ရောက်ပြီးသူများကိုလည်း အကျိုးပြု နိုင်သည်။ ဟားဗတ်တက္ကသိုလ် မှ ပါမောက္ခ Mary Elizabeth Patti သည် သူမ၏ သက်ကြီးလူနာများအား ၄င်းတို့မွေးစဉ်က ကိုယ်အလေးချိန်ကို အမြဲမေးမြန်း လေ့ရှိသည်။ လက်ရှိ ကျန်းမာရေး အခြေ အနေများကို မမေးဘဲ မွေးစအကြောင်း များကိုသာမေး သဖြင့် လူနာများ အတွက်ထူးဆန်းနေကြသည်။ သို့သော် မွေးစက ကိုယ်အလေးချိန် နည်းသူ များသည် ဆီးချိုရောဂါဖြစ်ရန် အလားအလာများ လှပေ သည်။ မွေးစက ကျန်းမာရေး အခြေအနေများသည် အနာဂတ်ဘဝကို လွှမ်းမိုးနေ ပေသည်။

ဆောက်သမ်ပတန်တက္ကသိုလ် – Mary Elizabeth Patti ပါမောက္ခ Keth Godfrey ခေါင်းဆောင်သည့် သုတေသနတစ်ခုကို Diabetes ဂျာနယ်တွင် မကြာမီ ပုံနှိပ် ဖော်ပြမည်ဖြစ်သည်။ သုတေသနမိခင်လောင်း၏ အစာ စားသောက်မှု ညစ်ညမ်းသော ပတ်ဝန်းကျင်တွင် နေထိုင်ရမှု သို့မဟုတ် စိတ်ဖိစီး ခံရမှုတို့သည် သန္ဓေ သား၏မျိုးဗီဇ ဒီအင်အေ-  DNA ကို ပြောင်းလဲစေ နိုင်သည်။ ထိုပြောင်းလဲမှုသည် မွေးဖွားလာမည့် ရင်သွေးအားအဝလွန်စေနိုင် သည်ဟုဆိုသည်။

သုတေသီတို့သည် သန္ဓေသားဘဝ၏ အချင်းအသား အစမှ သန္ဓေသားပုံဖော်သည့်  DNA တို့ကို စစ်ဆေးခဲ့ကြသည်။ မိခင်လောင်း၏ ကာဘိုဟိုက်ဒရိတ် နိမ့်သော အချိုနှင့် ကစီဓာတ်များသော အစားအစာတို့ကို စား သုံးမှုသည် ကလေး၏ ထို DNA တို့ကို ပြောင်းလဲ စေကြောင်း၊ ထိုအပြောင်းအလဲသည် ကလေးအား အဝလွန်စေကြောင်းတွေ့ရှိခဲ့ကြသည်။ သုတေသီတို့က မိခင်လောင်းတို့၏ လူမှုဘဝပုံစံသည် မွေးဖွားလာမည့် ကလေး၏ကျန်းမာရေး ကို ရေရှည်လွှမ်းမိုးနိုင်သော ကြောင့် သုတေသန၏ အဖြေများကို အလေးထား၍ လိုက်နာကြရန် အကြံပေးထားသည်။

ဗြိတိန်နိုင်ငံ၊အောက်လန်တက္ကသိုလ်မ Dr. Paul Hofman ကမိခင်လောင်း၏ ပေါ့ပါးသောကိုယ်လက်လှုပ်ရှားမှုသည်ကလေး၏ အနာဂတ်ကျန်းမာရေး ကို ကောင်းမွန်စေကြောင်း အဝလွန်သောမိခင်လောင်းတို့သည် ကျန်းမာရေးကို ထိခိုက်စေသည့် အဆီပိုများဖြင့်ဝနေသော ကလေးကို မွေးဖွားလေ့ ရှိကြောင်း၊ မွေးဖွားစကလေး၏ ကိုယ်အလေးချိန်ကို ထိန်းသိမ်း ပေးခြင်းသည် ကလေး၏ကျန်းမာရေး အန္တရာယ်တို့ကို လျော့ပေါ့စေကြောင်းပြောကြား ခဲ့သည်။

ကိုယ်လက်လှုပ်ရှားမှုပြုလုပ်သော မိခင်တို့သည် ပျမ်းမျှကိုယ်အလေးချိန် ဝ.၃၂ ပေါင်းလျော့နည်းသော သို့သော် အရပ်ပို၍မတိုသော ကလေးတို့ကို မွေး ဖွား နိုင်ခဲ့ကြသည်။ လျော့သွားသော ဝ.၃၂ ပေါင်သည် အဝလွန်စေသည့် အဆီပိုများ လျော့သွားခြင်းဖြစ်၍ ကလေး၏ ကျန်းမာရေးကိုပိုမိုကောင်း မွန်စေကြောင်း ဒေါက်တာ Hofman  က ပြောကြားခဲ့သည်။

လူသားတစ်ယောက်၏ဘဝကို သန္ဓေသားဘဝက ပင် စတင်ထုဆစ်ခဲ့ရသည်။ သန္ဓေသားကို အနီးကပ်ဆုံး စောင့်ရှောက်နေသူမှာ မိခင်သာဖြစ်သည်။ သန္ဓေသားဘဝ တစ်လျှောက်လုံး မိခင်နှင့် အသွေးချင်း၊  အသားချင်း၊ စိတ်ချင်း ဆက်သွယ်နေရသည်။ မိခင်၊ မိခင်ဘဝ၊ မိခင် ၏ ပတ်ဝန်းကျင်သည် ရင်သွေးငယ်၏ဘဝကို ထုဆစ် ပုံဖော်နေပေသည်။

ပုခက်လွှဲသော မိခင်၏လက်သည် ကမ္ဘာကို စိုးမိုးသည်ဟု ဖွင့်ဆိုခဲ့သော ရှေးပညာရှင်များသည် အမြော် အမြင်ကြီးမားလှသည်။ မိခင်တို့သည် အနာဂတ် လူသား၊ အနာဂတ်ခေတ်၊ အနာဂတ်ကမ္ဘာကို ပုံဖော်ထုဆစ်နေ သူများဖြစ်ပေသည်။ မိခင်များကို ကိုယ်ရောစိတ် ပါကျန်းမာကြံ့ခိုင်စေခြင်း၊ အသိသုတြ<ွကယ်ဝစေခြင်း သည် အနာဂတ်လူသား၊ အနာဂတ်ခေတ်၊ အနာဂတ် ကမ္ဘာကိုပုံဖော်နေခြင်း၊ အနာဂတ်ကမ္ဘာကို တည်ဆောက် ခြင်းပင်ဖြစ်ပေသည်။

ဖိုးဆွေ (သစ်လုပ်ငန်း)
Ref   :   :   1. The wormb, Your Mother, Yourself
by Annie Murphy Paul,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: