အိန္ဒိယက ‘ကန်’ ဒေါ်လာသန်း ၅၀၀ ထုတ်ချေးမည်
အိန္ဒိယသမ္မတနိုင်ငံဝန်ကြီးချုပ်ဒေါက် တာမန်မိုဟန်ဆင်းနှင့် ဇနီးတို့ မြန်မာ ပြည်သို့ သုံးရက်ကြာ ချစ်ကြည်ရေးခရီး လာရောက်ခဲ့စဉ် ကာလ အတွင်းနှစ်နိုင်ငံအကြား ကုန်စည်ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းများ အမြန်ဆုံးစတင်နိုင်ရန်အတွက် အမေရိကန် ဒေါ်လာ သန်း ၅၀၀ ချေးငွေ ထုတ်ချေးရန် နားလည်မှု စာချွှန်လွှာကို မေလ ၂၈ ရက်နေ့က နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့သည်။
“အိန္ဒိယ လုပ်ငန်းရှင်တွေ အနေနဲ့ မြန်မာနိုင်ငံအပေါ် စိတ်ဝင်စားမှုမြင့် တက်လာတာကို တွေ့မြင်နိုင်ပါတယ်။ အလားအလာရှိတဲ့ နှစ်နိုင်ငံ စီးပွားရေး ဆက်နွှယ်မှုကို ဖော်ထုတ်နိုင်ဖို့အတွက် ကျွန်တော်တို့အနေနဲ့ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ပေးဖို့လိုပါတယ်”ဟု ၀န်ကြီးချုပ်ဒေါက်တာ မန်မိုဟန်ဆင်း က ပြောသည်။
ဝန်ကြီးချုပ်က အိန္ဒိယနိုင်ငံအနေဖြင့် လယ်ယာထွက်ကုန်၊ ကျောက်မီးသွေး နှင့် အခြားတွင်းထွက်သတ္တုများကို တိုးချဲ့ တင်သွင်းနိုင်ပြီး အကြီးစား စက်မှု လုပ်ငန်းပစ္စည်းများ၊ ဓာတုဗေဒပစ္စည်းများနှင့် အထည်အလိပ်များကို တိုးချဲ့တင်ပို့နိုင်ကြောင်းလည်း ရန်ကုန်မြို့ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပသော အိန္ဒိယ- မြန်မာပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒေသတွင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲတွင် ပြောသည်။
“ကျွန်တော့အနေနဲ့ အိန္ဒိယ-မြန်မာ ကုန်သွယ်မှုလျာထားချက် ကန်ဒေါ်လာ သုံး ဘီလျံကို ၂၀၁၅ ခုနှစ် မှာကျော်လွန်သွားလိမ့်မယ်လို့ ယုံကြည်ပါ တယ်။ ဒီလိုကျော်လွန်အောင် ကျွန်တော်တို့ရဲ့ကုန်သွယ်မှု ပမာဏကို တိုးချဲ့ဖို့လိုအပ် ပါတယ်” ဟု ၎င်းက ပြောသည်။
ဒေါက်တာ မန်မိုဟန်ဆင်း က အိန္ဒိယ နိုင်ငံသည် ကုလားတန် ဘက်ပေါင်းစုံပို့ ဆောင်ရေးစီမံကိန်း ကို အကောင် အထည်ဖော်လျက်ရှိပြီး စစ်တွေ ဆိပ်ကမ်း အဆင့်မြှင့်တင်ရေးနှင့် ချင်းပြည်နယ် ပလက်ဝမြို့အား စီးပွားရေးအရ ဆက်ဆံမှုအလားအလာကို အပြည့်အ၀ အသုံးချရန် အတွက် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံရေးကိစ္စများတွင် အဆင်ပြေချောမွေ့ရန် လုပ်ဆောင်ပေးမည်ဖြစ်ကြောင်းနှင့် အရောင်းအ၀ယ်လုပ်ငန်းများ အဆင်ပြေစေရန်အတွက် နှစ်နိုင်ငံ ဘဏ်လုပ်ငန်းများကို စီစဉ်ပေးရန် လိုအပ်ကြောင်းလည်း ပြောသည်။
ထို့ပြင် အိန္ဒိယနိုင်ငံ၏ ယူနိုက်တက်ဘဏ် ကလည်း ၎င်းတို့၏ ကိုယ်စားလှယ်ရုံးကို မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်ရန် စီစဉ်နေသည်ဟု လည်း ပြောသည်။
၂၀၁၁-၂၀၁၂ ခုနှစ်ဘဏ္ဍာနှစ် အတွင်း အိန္ဒိယ-မြန်မာနှစ်နိုင်ငံကုန်သွယ်မှု ပမာဏ ကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံ ကို ရောက်ရှိခဲ့ သည်။
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်စည်တင်ပို့သော ဈေးကွက်ဖြစ်ပြီး မြန်မာနိုင်ငံ၏ စုစုပေါင်းပို့ကုန်မှ ၂၅ ရာခိုင်နှုန်းကို တင်ပို့ နေ ခြင်းဖြစ်သည်။
ထို့ပြင် အိန္ဒိယသည် မြန်မာနိုင်ငံသို့ ကုန်စည်တင်ပို့သော နိုင်ငံများထဲတွင် သတ္တမနေရာတွင် ရပ်တည်လျက်ရှိသည်။
မြတ်မေဇင်
မြန်မာတိုင်း(မ်း)အတွဲ ၂၉ ၊ အမှတ် ၅၇၂ (၈ – ၁၄ ၊ ၆ ၊ ၂၀၁၂)