လူငယ်များ၏ ဘ၀နေနည်းပုံစံများ


လူငယ်ဆိုသည်မှာ လူငယ်သာ ဖြစ်သည်ဟုဆိုလျှင် ကျေနပ်ဖွယ် စကားဟု ထင်မှတ်ကြမည် မဟုတ် ပေ။ လူငယ်ဆိုသည်မှာ လူကြီးတို့နှင့် တူညီမည်မဟုတ်သည်က သေချာပါ၏။

ယနေ့ခေတ် ၂၁ ရာစု လူငယ်တို့သည် လူကြီးတို့နှင့် ပို၍ကွာခြားနေသည် ကိုမူ ငြင်း၍ရမည် မထင်ပေ။

အဘယ့်ကြောင့်ဆိုသော် ၂၁ ရာစု ၏ ပတ်ဝန်းကျင်အနေအထားသည် ယခင်ရာစုနှစ်များနှင့် မတူ။ တစ်ဆစ်ချိုး အပြောင်း အလဲများက တန်းစီ၍ ဖြစ်ပေါ်နေသောကြောင့် ဖြစ်ပါ၏။

နည်းပညာရပ်များက တစ်နေ့နှင့် တစ်နေ့ပင်မတူ။ တိုးတက်ရွေ့လျားမှုသည် ခုန်ပျံနေသည့် အလား။ ၄င်းပညာနှင့်အတူ လူတို့၏နေထိုင်မှု ပုံစံ၊ သွားလာမှု၊ ဆက်သွယ်မှု၊ ဝတ်စား ဆင်ယင်မှုမှအစ အပြော အဆို၊ စကားလုံးအသုံးအနှုန်း အဆုံး အရာ အားလုံးသည် လျင်မြန်သောအဟုန်နှင့် ရွေ့လျားနေသည်။

ယနေ့လူငယ်သည် ထိုအဟုန် နှင့်အတူ ရွေ့လျားသွားနေသည်။ ရှေးအစဉ်အလာတစ်ခုမဟုတ် တစ်ခုကို ကိုင်စွဲထားသော လူကြီးသည် အဘယ်သို့ လူငယ်နှင့်အတူ ရွေ့နိုင်မည်နည်း။

ယနေ့လူငယ်များကို အဓမ္မ ဆွဲခေါ်သွားနေသည်မှာ ရှေးယခင်ရာစု နှစ်များက လုံးဝမရှိသည့် ဂိမ်း-Game များဖြစ်သည်။

လူကြီးများအနေနှင့် တွေးပင် တွေး၍မရသည့် မိုးပေါ်ကကျလာ သည့် Internet မှ Games များ။ ကမ္ဘာ့တစ်ထောင့် တစ်နေရာက အဖြစ် အပျက်တစ်ခု သည် မိနစ်ပိုင်း၊ စက္ကန့် ပိုင်းအတွက် Facebook ပေါ်သို့ ရောက်လာမှုစသည်တို့သည် လူကြီး တို့၏ သဘာဝနှင့် အလှမ်းဝေးနေ သည်မှာလည်း အမှန် ပင်ဖြစ်သည်။

ယနေ့လူငယ်အများစုသည် သူတို့၏ပုံမှန်အရွေ့နှင့်ရွေ့လျားနေကြသည်။ လူငယ်၏အတွေးကို လူကြီးများက မလိုက်နိုင်။ သဘောမပေါက်နိုင်ပေ။
လူငယ် အများစုကို စောင့် ကြည့်နေသူ လူကြီးသည် ရိပ်မိရုံမျှ သာဖြစ်မည်။ သူတို့နှင့်အတူ ရွေ့သွားရန်ကမူ မဖြစ်နိုင်။ အဘယ့်ကြောင့်ဆိုသော် လူငယ် အများစုသည် ပုံသဏ္ဌာန်အမျိုးစုံနှင့် ရွေ့နေကြ၍ ဖြစ်ပါ၏။

ယနေ့ခေတ်လူငယ်အများစု၏ စိတ်နေစိတ်ထား ပုံစံပြောင်းမှုကို ကမ္ဘာ့နေရာအသီးသီးရှိ လူငယ်များ၏ လှုပ်ရှားမှုဖြင့် အရိပ်အမြွက်သိနိုင်ပါလိမ့်မည်။

အိန္ဒိယနိုင်ငံ
အိန္ဒိယနိုင်ငံရှိ လူငယ်အများစု၏ ဦးတည်မှုမှာ ပညာရေးဖြစ်သည်။ ယင်းပညာရေးကသာ လူအဆင့်အတန်းမြှင့်တင်နိုင်မည်။ ပညာသည်သာ မဟာအင် အားဟု လက်ခံထားကြပုံ ပေါ်သည်။

အိန္ဒိယအစိုးရ၏ ထုတ်ပြန်ချက်အရ အိန္ဒိယနိုင်ငံမှ လူငယ်အများစုသည် တက္ကသိုလ်သို့သွားရန် တာစူ နေကြသည်။ ယခု ၁၂ ရာခိုင်နှုန်း ရှိသည်။ ၂ဝ၂၅ ခုနှစ်၌ ၃ဝ ရာခိုင်နှုန်းအထိ တိုးလာမည်ဟု ခန့်မှန်းထားသည်။

အဆိုပါပမာဏသည် အနောက် နိုင်ငံအများစု၏ ရာခိုင်နှုန်းနီးပါးသို့ ရောက်လာတော့မည်။

ပမာဏအားဖြင့် ဒေလီတက္ကသိုလ်တစ်ခုတည်း၌ ကျောင်းတက်ရန် လျှောက်ထားသည့်ကျောင်းဝင်ခွင့် လျှောက်လွှာသုံးသိန်းရှိနေသည်။ ကျောင်းသားများသည် ပညာသင်ရန် တန်းစီ၍ စောင့်နေကြရသည်။

တက္ကသိုလ်အဆင့်မြင့်မား ကျယ်ပြန့်လာခြင်းသည် လူလတ်တန်းစားများက ပညာကို တန်ဖိုးထားလာကြခြင်းကို ဖော်ပြနေသည်။ အသိပညာသည်သာ စွမ်းအားတစ်ခုဟု လက်ခံထားကြသည့် အဓိပ္ပါယ် ဖြစ်ပါ၏။

အိန္ဒိယနိုင်ငံ၌ ကျောင်းသား ၁၂ သန်းမှ သန်း ၃ဝ အထိ ဖြစ်လာခြင်းသည် ကမ္ဘာပေါ်၌ အကြီးမားဆုံး ပညာရေးပုံစံတစ်ခုပေါ်ပေါက်လာသည် ဟုဆိုနိုင် ပါသည်။ အိန္ဒိယနိုင်ငံ၏ အထက်တန်းပညာရေးနှင့် ပတ်သက်၍ သုတေသနပြုလုပ်နေသူ အစိုးရ အဆင့်မြင့်ပုဂ္ဂိုလ်- Pawan Agarwell  က ”အိန္ဒိယနိုင်ငံက ပညာတတ် ဘွဲ့ရတွေဟာ ကမ္ဘာ့အဆင့်တန်း ဝင်နေပြီ ဆိုတာ ဖြစ်နေရပါပြီ။ အထူး သဖြင့် နည်းပညာနဲ့ အင်ဂျင်နီယာ နယ်မှာပဲဖြစ်ပါ တယ်” ဟု ဆိုသည်။

ဂျပန်နိုင်ငံ
ကမ္ဘာပေါ်၌ ရုတ်ခြည်း ဖွံ့ဖြိုး လာသောနိုင်ငံများ၌ ကျေးလက်နေ ပြည်သူအများစုသည် မိမိတို့ရှေ့ ဘိုး စဉ်ဘောင်ဆက် ဓားမဦးချလုပ်လာသော လယ် ယာလုပ်ငန်းကို စွန့်ကာ နီးစပ်ရာမြို့ပေါ်သို့ တက်လာကြသည်။

မြို့ပေါ်၌ အလုပ်များပေါများလာ၍ဖြစ်သည်။

သို့သော် ဂျပန်နိုင်ငံက ထူးခြား၏။ ဂျပန်နိုင်ငံ ဖွံ့ဖြိုးလာသည်မှာ နှစ် ၆ဝ ကျော်သွားပြီ။ ထို့ကြောင့် ဂျပန် မြို့ပေါ်နေ လူငယ်အများစုသည် အထူးသဖြင့် တိုကျိုမြို့ပေါ်မှ လူငယ်အများစုသည် မြို့တော်ကိုခွာ၍ ကျေးလက်ဘက်သို့ ဆင်းနေကြပြီဖြစ်သည်။

ထိန်ထိန်လင်းနေသော မြို့ကိုခွာမည်။ မိုးထိမြင့်မားသော တိုက်တာများကို မြင်ရသည်မှာ ငြီးငွေ့လာပြီ။ နီယွန်မီးရောင်သည် စွဲမက်ဖွယ် မဟုတ်တော့။ မဆွဲဆောင်နိုင်ဟု ဖြစ်လာကြသည်။

ဂျပန်လူငယ်အများစုသည် မြို့ ပေါ်၌ အမြဲတမ်းအလုပ်မရခြင်းကလည်း အကြောင်းတစ်ခု။ ကျပန်း အလုပ်သာရတော့သည်။ ခေတ္တခဏ အလုပ်များ သာရှိသည်။

ယင်းသို့သော လုပ်သားအင်အားမှာ ဂျပန်လုပ်သားအင်အားစုစုပေါင်း၏ သုံးပုံတစ်ပုံရှိနေသည်။ ယင်းလုပ်သား အင်အား အများစုမှာလည်း လူငယ်များ ချည်းဖြစ်နေပါ၏။

ယခင်က ဂျပန်နိုင်ငံ၌ အလုပ် တစ်ခုရသည်ဆိုလျှင် တစ်သက်တာ အလုပ်ရခြင်းဖြစ်သည်။ ထိုသို့သော ယခင်မျိုးဆက်ကရသည့် အခွင့် အလမ်းအလုပ် မျိုး ယခုမရှိတော့။

ဆာဂါဂုချိ- Sakaguchi ဆိုသည့် အမျိုးသမီးလေးကပြောပြသည်။ ”ကျွန်မ အလုပ်ပြုတ်မယ်လို့ ဘယ် တုန်းကမှ မထင်ထားခဲ့ဘူး။ ဘာ ကြောင့်လဲ ဆိုတော့ ကျွန်မဘဝမှာ နေထိုင်ရတဲ့ ငွေကြေးကုန်ကျမှုက သိပ်မြင့်မားလွန်းနေတယ်လေ။ မနက် မိုးလင်းတာနဲ့ အလောတကြီးသွားဖို့ လုပ်ရတော့ တာပဲ။ ဘာလို့လဲဆိုတော့ ရထားမီဖို့လေ။ လူတွေအားလုံးက ကျွန်မလိုပဲ။ အလောတကြီး အပြေးအလွှားသွားကြရတာ။ လူတွေနဲ့ တောင် မတူတော့ဘူး”

နောက်ဆုံး ဆာဂါဂုချိသည် အပြောင်းအလဲလုပ်ဖို့ အချိန်ကျပြီဟု ဆုံးဖြတ်ချက်ချလိုက်သည်။

သီတင်းပတ်ကုန်တစ်ရက်၌ နယ်သွားသည့် ဘတ်စ်ကားစီး၍ ဂျပန်နိုင်ငံ၏ ကျေးလက်ဘက်သို့ ခရီး ထွက်ခဲ့သည်။

ဘစ်ကားပေါ်၌ သူကဲ့သို့ မြို့ပေါ် မှ ခရီးသွားများကိုသာ တွေ့ရသည်။ ဆာဂါဂုချိသည် လယ်သမားတစ်ဦး၏ ဘဝကိုသိလို၍ လာခဲ့သည်။ လယ် သမား တစ်ဦးသည် တစ်နေ့တာကို အဘယ်သို့ကုန်ဆုံးသနည်း။ သူသိလိုသည်။

သူရောက်သွားသည့်အရပ်မှာ တောင်သူများနေရာဖြစ်နေသည်။ သစ်တော်သီးခြံ၊ ပန်းသီးခြံ၊ ဖန်လုံအိမ် နှင့် စိုက်ပျိုးထားသည့် စတော်ဘယ်ရီသီးခြံ ရှိ တောင်သူများနှင့် စကားပြောသည်။

”မြို့ပေါ်က ကျွန်မဝန်းကျင်က လူတွေနဲ့ ပြောရဆိုရတာထက် အဲဒီကျေးလက်နေရာကို ကျွန်မက ပိုသဘောကျတယ်။ နောက် ဆုံးလူ စိမ်း တွေနဲ့ စကားပြောရတာကိုက ပိုသဘောကျစရာပါ”

ဂျပန်နိုင်ငံကျေးလက်မှ လူငယ်အများအပြားသည် မြို့ပေါ်သို့တက်၍ အလုပ်လုပ်ခဲ့ကြ၊ ပြောင်းရွှေ့ခဲ့ကြသဖြင့် ကျေးလက်၌ ကျန်ခဲ့သူအများ အပြားမှာ ယခုအခါ အသက်ပျမ်းမျှ ၆၅ နှစ်အထက် ရှိနေကြပြီဖြစ်သည်။ ထို့ပြင် ထိုအသက်တမ်းသည် ပို၍ ပို၍ တိုးလာနေသည်။

ယခုအခါ မြို့ပေါ်မှ လူအများ အပြားသည် ကျေးလက်၌နေထိုင်လို ကြပြီး လယ်ယာသမား၊ တောင်ယာသမား၊ ဘဝ ခံယူလို၍ ပြောင်းရွှေ့လာနေကြ သည်ဟု နဂါနို- Nagano ဒေသမှ ဒေသခံများကပြောပြသည်။

နဂါနိုအရပ်၌ တောင်ယာသမား ထံ အလုပ်လာသင်နေသည့် လူငယ် တစ်ဦးရှိပါသေးသည်။ သူကား ဟီတိုရှီကာဂျီယာ- Hitoshi Kajiya  ဖြစ်သည်။
တောင်ယာသမားအလုပ်သင် အဖြစ် အသက် ၈၆ နှစ်အရွယ် အဘိုးအို ဂီချီတာနာကာ- Giichi Tanaka ထံ၌ သင်တန်း ဆင်းနေ၏။

အဘိုးအို ဂီချီသည် ဒုတိယ ကမ္ဘာစစ်အပြီးကတည်းက ထိုနေရာ၌ ဖန်လုံအိမ်ဆောက်၍ ဂေါ်ဖီထုပ်များကို စိုက်ပျိုးနေသူဖြစ်သည်။ သူ့သားဖြစ်သူက လွန်ခဲ့သည့် ဆယ်စုနှစ်များက မြို့ပေါ်သို့တက်ကာ ရဲဝန်ထမ်းသွားလုပ်နေသည်မှာ ယခုတိုင် ပြန်မလာတော့ပေ။

ဂီချီထံ အလုပ်သင်အဖြစ် လာရောက်လုပ်ကိုင်နေသူ ဟီတိုရှီမှာ အင်ဂျင်နီယာဘွဲ့ရ ကျောင်းသားဖြစ်သည်။ အင်ဂျင်နီယာအလုပ်ကို စွန့်လွှတ်ပြီး တောင် ယာလုပ်ငန်းလုပ်ကိုင်လို၍ ရောက်လာခြင်းဖြစ်သည်။

    ဟီတိုချီက ပြောပြသည်မှာ-
”မြို့ပေါ်မှာ နေရတဲ့ဘဝကို ကျွန်တော် တော်တော်ငြီးငွေ့သွားပြီ။ မြို့မှာတုန်းက ကျွန်တော့်မှာ လုပ်လိုက်ရတာဗျာ။ နေ့တိုင်းကို မအားဘူး။ ဒါကြောင့် ကျွန်တော့်ဘဝ ကျွန်တော် ပြောင်းချင်လို့ ဒီကိုရောက်လာတာပါ။ ကျွန်တော်လယ်သမား၊ ယာသမားလုပ်မယ်။ ဒီနေရာက ဘဝမှာ ပြီးပြည့်စုံနိုင်မှာပါ”

အထက်တွင်ဖော်ပြခဲ့သည့် ဆာဂါဂုချိသည်လည်း ထိုနေရာသို့ အလည်အပတ်ရောက်ကာ အခြေကျ အလုပ်လုပ်ရန် စီစဉ်နေ၏။

တရုတ်နိုင်ငံ
သတင်းထောက် Martin Patience  သည် တရုတ်နိုင်ငံတောင်ပိုင်းဒေသ နန်နင်း- Nanning  မြို့သို့ ရောက်လာခဲ့သည်။
ထူးဆန်းသော သတင်းတစ်ခုရရှိ၍ သင်တန်းကျောင်းတစ်ခုသို့ ရောက်သွား၏။ အမျိုးသမီးကိုယ်ရံတော် Bodyguard သတင်းတစ်ခု ဖြစ်သည်။
သူတွေ့နေသည့် သင်တန်းသားများကား အမျိုးသမီးကိုယ်ရံတော် သင်တန်းသူများဖြစ်ပါ၏။ တရုတ်နိုင်ငံ၌ ရှားပါးသော မြင်ကွင်းဟုဆိုနိုင်သည်။
ရုပ်ရှင်ကားများ၌တွေ့ရတတ်သည့် ကိုယ်ရံတော်ဆိုသူများသည် အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ အလွန်သေသပ် ကျနလှသောအပေါ်အမည်း ၊ အောက်အမည်းဝတ်စုံ။ သူတို့ကိုယ်နှင့် တိုင်းထွာချုပ်ထားသည့်ပမာ။ နေရာအားလုံး ချပ်ချပ်ရပ်ရပ်။ စီးထားသည့်ဖိနပ်က ဒေါက်မြင့်ချွန်ဖိနပ်နှင့် ကိုယ်ရံတော် အမျိုးသမီး ချင်းဟိုက်ရန်- Chen Hai Rong  ကို သူတွေ့ရသည်။

ချင်းသည် ယခင်က သာမန်ရုံးဝန်ထမ်းတစ်ဦးသာ ဖြစ်သည်။ ယခု တော့ ကိုယ်ရံတော်သင်တန်း လာရောက် တက်နေသည်ဆို၏။ ချင်းက ကားပေါ်မှ ဆင်းလာသည်။ သူ့ပုံစံက ရုပ်ရှင်ကားများထဲမှ ကိုယ်ရံတော်တစ်ဦးဆင်းလာသည့်ပမာ။ စတိုင်ကျလှသည်။ မာမာတောင့်တောင့်။ အမည်းရောင် နား ကြပ်တပ်ဆင်၍ တစ်စုံတစ်ခုမှားယွင်းနေသည့် အလား။ သူက တောက်ပသော မျက်လုံးအစုံနှင့် ကားရပ်ရန်နေရာဝန်းကျင်တစ်ခုလုံးကို ခြုံ၍ကြည့် သည်။

ခဏကြာမှ ချမ်းသာကြွယ်ဝသော ချင်း၏သူဌေးမက ကားပေါ်မှ ဆင်းသည်။ ချင်းသည် သူ့ သူဌေးမ အနီးမှမခွာဘဲ ကပ်၍လိုက်ပါသွားသည်။
သူဌေးမနှင့် ကိုယ်ရံတော် ချင်းသည် အနီးအနားရှိ အဆောက်အအုံ တစ်ခုအတွင်းသို့ ဝင်သွားကြသည်။

ချင်းက သတင်းထောက်ကို ပြောပြသည်။
”အမျိုးသမီးတွေဟာ အမျိုး သားတွေထက် ပိုပြီးသန်မာတယ်။ ပိုအရည်အသွေးရှိတယ်ဆိုတဲ့အချိန် ရောက်နေပြီလေ” အသက် ၂၁ နှစ် အရွယ် ချင်းသည် ယောက်ျားသားများသာ ကြီးစိုးနေရာယူထားသော ကိုယ်ရံတော်အလုပ်ကို ကျွမ်းကျွမ်းကျင်ကျင် တာဝန်ယူထားပြီဖြစ်၏။

ယခုအခါ တရုတ်နိုင်ငံ၌ ချမ်းသာကြွယ်ဝသူ အမျိုးသမီးများအတွက် အမျိုးသမီးကိုယ်ရံတော်များကို လေ့ကျင့်သင်ကြားပေးနေသည့် လုပ်ငန်းကပင် ၃ဝဝဝ ခန့်ရှိနေ သည်ဆိုသည်။

ယင်းသို့ များပြားရခြင်းကလည်း အကြောင်းရှိပါ၏။ တရုတ်နိုင်ငံ၌ နှစ် အနည်းငယ်အတွင်း ပြည့်စုံချမ်းသာ လာသူများ အဆမတန်များပြားလာခဲ့သည်။ ယင်းလူ့မလိုင်အလွှာ၌ အမျိုးသမီးသန်းကြွယ်သူဌေးက တတိယ အများဆုံးဟုဆိုသည်။

တစ်ချိန်တည်းတွင် ချမ်းသာ၊ ဆင်းရဲ ကွဟမှုကလည်း အဆမတန် ကြီးမားလွန်း၍ သူဌေးမဖြစ်လာမှုက သူတို့ဘဝအတွက် လုံခြုံရန် အကာအကွယ်ပို၍ အလိုရှိလာကြသည်။

ကွာတွန့် Corundum  ကိုယ်ရံ တော်လုပ်ငန်းကို တည်ထောင်သူ ဝန်ချွေ့ Wen Cui ၏ စီးပွားရေးလုပ်ငန်းသည် အလွန်အောင်မြင်သည်ဆိုရ ပေ မည်။

ဝန်ချွေ့သည် ယင်းလုပ်ငန်းကို အောက်ခြေမှစ၍ ဝင်ခဲ့သူဖြစ်၏။ သူကိုယ်တိုင်လည်း ကိုယ်ရံတော်အဖြစ် အကြိမ်များစွာ တာဝန်ယူခဲ့ဖူးသည်။

ဝန်ချွေ့က သူ့သင်တန်းသားများ ကို ပြောပြရာ၌-
 ”အမျိုးသမီးကိုယ်ရံတော် ဆိုတာက ဘာနဲ့အလားသဏ္ဌာန်တူ သလဲဆိုတော့ ညီအစ်မနှစ်ယောက် အတူသွားလာသလို သဘောပေါက် ထားရမယ်။ ကိုယ့်အစ်မ၊ ဒါမှမဟုတ် ညီမတစ်ယောက်ရသလိုပဲပေါ့”

ဝန်ချွေ့၏ ကိုယ်ရံတော်လုပ်ငန်းကို ယခုလောလောဆယ်၌ပင် ကိုယ်ရံတော်အသစ် ၃ဝ ခန့် အလိုရှိကြောင်း အမှာစာရောက်နေသည်။ ရှဲရှိန်ကျန်း Xie Xingjiang  ဆိုသူ ကိုယ်ရံတော်က သတင်းသမားကို ပြောပြသည်။

”ကျွန်မငယ်စဉ်ကတည်းက ရုပ်ရှင်တွေထဲမှာ အဲဒီလို စွန့်စားခန်းတွေ သဘောကျတယ်။ အဲဒီကတည်းက ကျွန်မ ကိုယ်ရံတော် တစ်ယောက် ဖြစ်ချင်နေတာ”

ရှဲရှိန်ကျန်းကပင် ဆက်ပြောသည်။
”အမျိုးသမီးဖောက်သည်တွေက အမျိုးသမီးကိုယ်ရံတော်ပဲလိုချင်ကြတာ။ အမျိုးသမီးအဖော်ဆိုရင် အခန်းထဲမှာလည်း ခေါ်သိပ်လို့ရတယ်လေ။ အမျိုး သမီးကိုယ်ရံတော်ကို တွေ့တဲ့လူတွေက ကိုယ်ရေးအတွင်းရေးမှူးလို့ပဲ သဘောပေါက်ကြတယ်။ အဲဒီမှာ ယောက်ျားတစ်ယောက်ဖြစ်နေရင် လူတွေ အမြင်ကလည်း မကောင်းဘူး။ တစ်မျိုးထင်ကြတယ်”

မည်သို့ပင်ဆိုစေ။ မစ္စဝန်၏ လုပ်ငန်းကမူ အခြေအနေကောင်းသည်ဆိုရမည်။ ယခုလောလောဆယ် သူ၏ လက်တွေ့ သင်တန်း၌ လေ့ကျင့် နေသူ သင်တန်းသား ၆ဝ အထိ ပင်ရှိနေ၏။

သင်တန်းဆရာများမှာ တပ်ဖွဲ့ဝင် အဟောင်းများဖြစ်ပြီး စစ်တပ်ဝင်း သင်တန်းနေရာ၌ပင် သင်တန်းဆင်း ကြရသည်။ မစ္စဝန်၏ သင်တန်းကာလ မှာ ခြောက်လဖြစ်ပြီး၊ အခြေခံဘွဲ့ရပြီးသူ များဖြစ်ရသည်။ ကွန်ဖူးအပါအဝင် တိုက်ခိုက်မှုမျိုးစုံ၊ လက်နက်မျိုးစုံ ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုနိုင် ရသည်။ ရှေးဦးသူနာပြုကိုလည်း တတ်မြောက်ရသည်။

အလုပ်ခန့်မည့်သူ၏ အဆင့်အတန်းအလိုက် လူအထက်လွှာ၌ ဝန်ဆန့်စေသည်။ အပြုအမူ၊ အပြော အဆိုမှအစ သင်ကြားပေးသည်။ ရှဲရှိန်ကျန်းဆိုသူ သင်တန်းသူသည် အသက် ၁၉ နှစ်သာရှိသေး၏။ သူသည် စာရင်းကိုင်အဖြစ် သင်ကြားတတ်မြောက် လာသူဖြစ်သော်လည်း သူကိုယ်တိုင်က ကိုယ် ရံတော်အလုပ်ကို လုပ်ချင်နေသူဖြစ်၍ ဤသင်တန်း သို့ရောက်လာခြင်းဖြစ်သည်။ မိဘများ၏ ဆန္ဒကိုဆန့်ကျင်ပြီး မစ္စဝန်ထံ သင်တန်းလာ တက်နေခြင်းဖြစ်သည်။

ကိုယ်ရံတော်လုပ်ငန်းအတွက် ငှားရမ်းပါက ကျသင့်ငွေမှာ ကိုယ်ရံ တော်အမျိုးသမီးတစ်ဦးလျှင် တစ်နေ့ အမေရိကန်ဒေါ်လာ ၃ဝဝ ပေးဆောင် ရသည်။ (ကိုယ်ရံတော်အမျိုးသမီးက တစ်နေ့ အမေရိကန်ဒေါ်လာ ၁ဝဝ သာရ၏)။

တန်ဖိုးအကြီးဆုံး ကိုယ်ရံတော် လုပ်ငန်းအစီအစဉ်တစ်ခုမှာ ယာဉ်နှစ်စီး၊ ကိုယ်ရံတော်ခြောက်ယောက်၊ တစ်နေ့ ဒေါ်လာ ၃ဝဝ ဖြစ်၏။ တရုတ်နိုင်ငံသည် တစ်နှစ်ထက်တစ်နှစ် ချမ်းသာကြွယ်ဝသူ တိုးလာနေ၍ အမျိုးသမီးကိုယ်ရံတော် လုပ်ငန်းမှာ အနာဂတ်ကာလ၌ပို၍ အောင်မြင်လာမည်မှာ သေချာနေပါ ၏။

နိဂုံး
အထက်တွင်ဖော်ပြခဲ့သည့် လူငယ်များထဲ၌ အိန္ဒိယနိုင်ငံမှ အမျိုးသမီးများကလွဲလျှင် ဂျပန်နှင့်တရုတ် နိုင်ငံရှိ ယနေ့ခေတ်လူငယ်များ၏ ရည်ရွယ်ချက် များမှာ တစ်မူဆန်းပြား နေသည်ကို တွေ့ရပါမည်။

ရှေးယခင်က မတွေးသော အတွေးများ၊ လက်ရှိလူကြီးများ လက်သင့်မခံနိုင်သော အဖြစ်များဟု ဆို ကောင်းဆိုနိုင်ပါ၏။

သို့သော် လက်တွေ့ဘဝများ၌ တွေ့နေရသည့် လူငယ်များ၏ အတွေးအမြင်များနှင့် လက်တွေ့ဘဝနေနည်း ဟုဆိုလျှင် ရမည်ထင်ပါသည်။

Source : by M.Patience. BBC News.
by R. Buerk. BBC News.
စိုးမင်းဦး

လူငယ်များ၏ ဘ၀နေနည်းပုံစံများ

 

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: