Hot News ဂျာနယ်နှင့်အငြင်းပွားမှု တွေ့ဆုံ ဖြေရှင်းရန် ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ကမ်းလှမ်း


ရန်ကုန် မြို့တော်ရှိ နာမည်ကျော် ပုဂ္ဂလိက ဆေးရုံ တစ်ခုဖြစ်သော ရွှေဂုံတိုင် အထူးကု ဆေးရုံ(SSC) နှင့် Hot News ဂျာနယ် တို့ အကြား ဖြစ်ပွား နေသော အငြင်းပွား မှုအား SSC ဘက်ကအမှု ဖွင့်လိုက်သည်ကို မသိရှိပါ ကြောင်းနှင့် ယင်းကိစ္စကို တွေ့ ဆုံ ဆွေးနွေး ဖြေရှင်းသွားရန် SSC ကမ္ဘောဇဘဏ် ဥက္ကဋ္ဌဦးအောင်ကိုဝင်းက တယ်လီဖုန်းဖြင့် ဆက်သွယ် ကမ်းလှမ်း ပြောဆို ခဲ့သည်ဟု Hot News အယ်ဒီတာချုပ်က ပြောကြားသည်။ ဇူလိုင်လ ၁၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး ၌ ပြုလုပ်သော တတိယအကြိမ် စာနယ်ဇင်းများနှင့် တွေ့ဆုံပွဲတွင် Hot News ဂျာနယ် အယ်ဒီတာချုပ်က အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။

၂၀၁၁ ခုနှစ် ဇွန်လ ၃ ရက်နေ့ ထုတ် Hot News ဂျာနယ်တွင် ဖော်ပြခဲ့သော ပုဂ္ဂလိကဆေးရုံ SSC ၏ ဝန်ဆောင်မှု သတင်းနှင့် ပတ်သက်၍ SSC ဆေးရုံက အဆိုပါ သတင်းမှာ အချက်အလက်များ မှားယွင်းနေပြီး မမှန်မကန် ဖော်ပြခဲ့သည့်အတွက် ဂျာနယ် စာမျက်နှာမှ ဇွန်လ ၃၀ ရက် နောက်ဆုံးထားပြီး တရားဝင် ပြန်လည် တောင်းပန် ရမည်ဖြစ်ကြောင်း တောင်းပန်မှု မရှိပါက တရားစွဲဆို သွားမည်ဟု SSC က ရှေ့နေမှတစ်ဆင့် အသိပေး အကြောင်း ကြားစာပေး ပို့ခဲ့သည်။ ဇူလိုင် လ၈ ရက်နေ့တွင် PARKROYAL Hotel ၌ပြုလုပ်သော Hot News ဂျာနယ်၏ သတင်းစာ ရှင်းလင်းပွဲ၌ မမှန်မကန် ဖော်ပြထား ခြင်းမဟုတ် သလို၊ ပြန်လည် တောင်းပန် မည် မဟုတ်ဘဲ ဥပဒေ ကြောင်းအရ ဖြေရှင်းသွားမည်ဟု Hot News ဂျာနယ် အယ်ဒီတာ ချုပ်က ပြောကြားခဲ့သည်။

ကမ္ဘောဇဘဏ်ဥက္ကဋ္ဌ၏ ကမ်းလှမ်း ချက်နှင့် ပတ်သက်၍ SSC ၏ရှေ့နေဦးရဲမြင့်ကို The Voice Weekly က ဇူလိုင်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ဆက်သွယ် မေး မြန်းခဲ့ရာ ညွှန်ကြားချက် တစ်စုံတစ်ရာ လက်ခံရရှိခြင်း မရှိသဖြင့် ဥပဒေလမ်းကြောင်း အတိုင်း ဆက်လက်ဆောင်ရွက် နေပါကြောင်း ပြန်လည် ဖြေကြားသည်။ SSC ၏ အဓိက ရှယ်ယာရှင်များမှာ မြန်မာနိုင်ငံ၌ ဘဏ်ခွဲ အရေအတွက် အများဆုံး ဖွင့်လှစ်ထားသည့် ကမ္ဘောဇဘဏ် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်း၊ ဒေါက်တာဇော်ထွန်း၊ ဒေါက်တာ ဌေးဌေးကြည် တို့ဖြစ်ကြ ပြီး Hot News ဂျာနယ်ကို ထူထောင် သူ ဒေါ်မမမှာ Faces မဂ္ဂဇင်း၊ ပေဖူးလွှာ မဂ္ဂဇင်းများကို ထုတ်ဝေ နေသူဖြစ်သည်။

Leave a comment