မျက်ဝန်းထဲမှာ မိုးရွာပြီ “ဒင်”


လွမ်းတာချင်းတူရင် “ဒင်ဒင်”တို့ အရှုံးပေးလိုက်မယ် ဟူ၍သာ ကျွန်ုပ် ဥဒါန်းကျူးရင့် ရပေခြိမ့်တော့မည်။ လွမ်းသူတကာတို့၏ ထိပ်ဖြစ်သော နတ်သျှင်နောင်၊ ပြည်နဝဒေးတို့မှအစ ကိုတင်လှိုင်၊ ကိုသန်းလှိုင်နှင့်တကွ အလွမ်းသီချင်းရေးသော မောင်ကျော်ဇော တို့ပင် ကျွန်ုပ်၏အလွမ်းကို မီအောင် စာဖွဲ့ သီကျူးနိုင်လေမည် မထင်ချေ။ ကြားမြင်တွေးသမျှ အလွမ်းတို့သာတည်း။ နေရာတကာ အလွမ်းတို့ချည်းပါတကား။ လွမ်းလို့ရယ် ဘယ်မကုန် ဝသုန် ဤမြေ အသိသက်သေတင်သည့်တိုင် ဘယ်ပန်းချီရေးမမီနိုင်လေ။

……………………
နံနက်စောစော အိမ့်အနောက်ဖက်တောအုပ်ငယ်ဆီမှ ငှက်မြည်သံတချို့သည် ညကကျွန်ုပ်မက်ခဲ့သောအလွမ်း အိပ်မက်ကို ကိုးရီးယားဇာတ်လမ်းတွဲ ကဲ့သို့ အခန်းဆက်ဖြစ်စေလေ၏။ ဘာဏုရာဇာနေမင်းကြီးကား ရောင်ခြည်တထောင်အလင်းဆောင်လျက် အရှေ့ဗြုဗ္ဗာမှ ထွက်ပြူလာနေလင့်ကစား ကျနော့်စိတ် အစဉ်သည် ညက အိပ်မက်ထဲတွင် ရောက်ရှိနေခဲ့သော မွေးရပ်မြေတွင် မြူးတူးခုန်ပေါက် နေဆဲပင်။ ကျွန်ုပ်၏ အလွမ်းကား ကြီးကောင့် ကြီးမားကျမှ ပေါက်သော အလွမ်းဝက်သက်မဟုတ်၊ တောင်တောင် အီအီ အလွမ်းမဟုတ်၊ မွေးရပ်မြေ အလွမ်း ဖြစ်သတည်း။ ဆီဆုံနံ့ကို လွမ်းသလိုလို၊ ထန်းတောထဲက ထန်းတဲမှာထွက်ပေါ်သည့် ထန်းရွက်ခြောက်နံ့ကို သတိရသလိုလို၊ နောက်ချေးပုံနံ့ကို တမ်းတသလိုလို။ ထိုမှသည် ရန်ကုန်အလွမ်း၊ ဝက်သားဒုတ်ထိုး အလွမ်း ဟိုအလွမ်း ဒီအလွမ်း အလွမ်း သောင်းခြောက်ထောင်မက အလွမ်းကုဋေကုဋာဟု ဆိုရမယောင်တ ကား။
ခပ်ဝေးဝေးက သဲ့သဲ့ကြားရသော ထိုင်းရိုးရာသီချင်းသံသည် ကျွန်ုပ်၏နားဝယ် စွဲမိစွဲရာ ထွက်ပေါ်လာသည်ကား .. မယ်တို့ရွာသာစခန်း အလည်လာစမ်းပါကွယ်၊ မြရောင်ခြယ် လယ်ကွင်းနဲ့ ကန်သင်ရိုးတလျှောက်မယ် .. ။ ပင်ထနောင်းနဲ့ ဇီးပင်တွေရယ် မကျည်း၊ ဝါးပင်ပေါပါတယ်ဗျာ…. ဟူလို။
……………………
ကျွန်ုပ်ကား တိုင်းခြားပြည်ရွာတွင် အခြေချရန် စဉ်းငယ်မျှ အိပ်မက်တွင်ပင် မရှိခဲ့လင့်ကစား ပစ္စက္ခအချိန်တွင် ဖူးခက်မည်သော ဤသောင် ဤကမ်း၌ ရေတွင်မျောသော ကမ်းတင်ဗေဒါ၊ သောင်ပြင်လွတ်သည့် ဟသာင်္ဖြစ်မှန်း မသိ ဖြစ်နေခဲ့လေသည်မှာ ကာလအားဖြင့် ရာသီစက်ဝန်း ခုနှစ်နှစ်ပင် စွန်းပေရော့မည်။
တကိုယ်ထီးတည်းဖြစ်သော ကျွန်ုပ်၏နိစ္စဓူဝ၊ ကျင်လည်လှုပ်ရှားမှုမှာ ပြစ်ဒဏ်ကျ အကျဉ်းသားနှင့် တူလှလေ၏။ ထူးခြားသည်ကား အကျဉ်းကျစေသည့် အမိန့်ကို ချသူမှာလည်း ကျွန်ုပ်ကိုယ်တိုင်ပင် ဖြစ်နေလေ၏။ မိုးသောက် လျှင်အိပ်ယာထမည်။ ဘာမှ ဟုတ်တိပတ်တိ မချက်ပြုတ်တတ်သော၊ ဟင်းနုနွယ် နှင့် မုန်ညင်းရွက်ကို ရံဖန်ရံခါ မှားတတ်သော တပည့်ကျော် ကျော်ဝင်းဌေး၏ လက်ရာကို စားမည်။ ပြီးလျှင် အချုပ်ခန်းနှင့် မယိုးရင်းစွဲ တူလှစွာသော အခန်းငယ်ထဲသို့ မည်သည့် ထောင်ပိုင် ထောင်ကြပ် ထောင်ဝါဒါကမျှ အတင်းအဓမ္မ မသွင်းရပါဘဲ ကိုယ့်သဘောနှင့်ကိုယ် ပြန်ဝင်ကာ ကိုးရီးယားကား ဇာတ်လမ်းတွဲများ ကြည့်မည်။ ကျွန်ုပ်ကား အွန်စော၊ ဂျွန်စောနှင့် ကင်ဆိုယို တို့သာမက ဂျာမြောင် မင်းသမီးလေးနှင့်လည်း မျက်မှန်းတန်းမိပြီ။ ကိုးရီးယား နတ်ဝင်သည်တို့နှင့် လည်း ရင်းနှီးခဲ့ပြီ။ အနှိုင်းမဲ့သစ္စာရှင်၊ ရာဇဝင်ထဲက သူရဲကောင်းကြီး လီဆွန်ရှင်းနှင့် သွေးသောက် ဖြစ်ရုံမက မြောင်နိုင်ငံ၊ ဂျိုဆွန်း၊ ဂျောင်းလား၊ ဖျောင်ယန်း၊ ဂယောင်ဆန်း၊ ဂုံယန်း စသည့် နယ်မြေဒေသတို့ကို အကျွမ်းတဝင် ရှိခဲ့ပြီ။ ထိုထိုသော ပြုမြဲအလုပ်တို့ဖြင့်သာ သည်နွေ မိုး ဆောင်း ပြောင်းခဲ့ပြန်ချေသည် တမုံ့။
……………………
သုံးလောကထွဋ်ထား မြတ်ဘုရားသော်မှ မွေးရပ်ဇာတိ ကပ္ပိလဝတ်သို့ ပြန်ကြွဖူးလေကြောင်း နိပါတ်တော်တွင် လာလေရကား ကျွန်ုပ်လို ငပါမွှား လူ့အန္ဓ အဖို့ မွေးရပ်မြေကို သတိရခြင်းမှာ ဆန်းလှသည်တော့ မဟုတ်ချေ။ လွမ်းဖော် လွမ်းဖက်တို့လည်း အနမတက္ကပင်၊ တက္ကဆပ်ပြည်နယ်ရောက်၊ တောင်ငူ ချက်မြှုပ် ရန်ကုန် စက္ကောမ ကျောင်းဆင်းကလေး မောင်ဝင်းခိုင် ကား ငွေထက် အဓိကကျတာတွေ အများကြီးရှိပါသေးကလား။ ကိုယ့်အမိအဖ၊ ကိုယ့်မွေး ရပ်မြေနဲ့ ခွဲခွာရသည်မှာ ဧရာမ ဝဋ်ဆင်းရဲ၊ အကြီးစား ငရဲပါတကားဟု သံဝေဂစကား ဆိုပါ၏။ ဗိုက်ကင်းတို့မြေ၊ နော်ဝေရောက် ကိုခင်ဦးကမူ ထောင်ထဲ နေရတာကမှ ခြူးတံဆိပ် နွားတံဆိပ် ဆေးပေါ့လိပ်ကလေး ကမ်းရင် နင်းပေး နှိပ်ပေးမဲ့သူနဲ့ဗျာ။ ဒီက ယဉ်ကျေးမှုတွေကို သိပ်စိတ်ကုန်တယ်။ ထောင်ထဲ ပြန်ဝင်နေ ရတာကမှ ကောင်းသေးဟူ၍ ထောင်မကြောက် တန်းမကြောက် ဆို့နင့်နင့် ကြွေးကြော်လေ၏။
အဖြစ်သည်းနေသော ကျွန်ုပ်ကို မြင်ပြင်းကပ်လှစွာဖြင့် သဟာလောက် လွမ်းနေလျှင်ဖြင့် ခဲတပစ်၊ ဒုတ်တထောက် ရှိသမင့်ဟာ ပြန်လိုက်ပါတော့လား စကားအလွယ် ဆိုကြပေမည်။ သို့တမူလည်း ဥာဏ်တည်းဟူသော မျက်စိထဲတွင် အုတ်နံရံနှင့် သံတိုင်တို့သာ မြင်နေလေရာ လွမ်းသူတို့ လျှောက်သော လမ်းကလေး မဟုတ်ပြန်ချေ။
……………………
အလွမ်းနာသည် ဤရက်ပိုင်းတွင် ပို၍ သည်းလာသည် ထင်ရ၏။ လွမ်းလှချေပြီ။ အဖော်ဆွေမွန် ရှိမှတော်ချေရော့မည်။ ရန်ကုန်မြို့နေဇနီးသည် ခင်အိမ်စည် ကို ခေါ်လေမှ။ သူကား အကျွန်ုပ်၏ အနီးကပ်ဆုံး မိတ်ဆွေမဟုတ်တုံလော။ ခင်အိမ်စည်ကား ကျွန်ုပ်ရှိရာသို့ လုံးလုံးလျားလျား မလာ မရောက်သည်တော့ မဟုတ်၊ တရေးချစ်ခွင့် ကြင်ရနိုး၊ လာသည်ဆိုရုံ တနှစ်လျှင် သုံးလတကြိမ် တခေါက်တကျင်းတော့ လာတတ်ပေသည်။ တခေါက် တခါ အရောက်လာသည့် ကိစ္စမှာလည်း ဗီဇာရရေးအတွက် ဖိတ်စာခေါ်စာ၊ ဘဏ်စာရင်း၊ သန်းခေါင်စာရင်း၊ လက်ထပ်စာချုပ်သာမက မွေးစာရင်း ရက်ချုပ်ဇာတာပါ ပြရသော ဒုက္ခက မသေးလှချေ။ မည်သို့ဆိုစေ ဒီတောင်ကို မောင် ကျော်မယ် မြင့်မိုရ်မို့လား။
ခေါ်ဆိုခ အဖိုးစား နားကြီးမြင့်သော်ငြား ကျွန်ုပ် မမှုအားပြီ။ အိုဗာဆီးလ် ကောကို စောလျင်စွာနှိပ်လျက် လွန်စွာ ချိုသာလှသော အသံဖြင့် ….
“ဟယ်လို၊ ခင်အိမ်စည်ငဲ့၊ အိမ်စည် ခပါခလှည့်၊ ကျွန်ုပ် ပျင်းလှပေပြီ၊ ခွဲခွာခြင်းဟူသည် ကိုယ်တို့နှစ်ဦးအတွက် ဘယ်သောအခါမှ မမျှော်လင့်ခဲ့သော ဝေါဟာရပါကွယ်”
သို့တစေ ခင်အိမ်စည့်အသံကား အကဲဆတ်လွန်းလှချေ၏။
“အံမယ်၊ စွတ်ကနဲ စွတ်ကနဲ လာဖို့ခေါ်နေရအောင် ရှင့်ကိုယ်ရှင် နိုင်ယုတ် (ဝန်ကြီးချုပ်) အောက်မေ့နေသလား”
ခင်အိမ်စည်ကား စ စချင်း ဆောက်ကော လွန်ပူနဲ့ပါ ထွင်းချေပြီကော။
“ဟုတ်သေးဘူးလကွယ်၊ ညည်းပြန်တာ ခြောက်လကျော် ကြာသမင့်ပြီပဲ”
“တော်ခေါ်တိုင်း လာလို့ မရဘူးရှင့်၊ သံရုံးက ဗီဇာပေးမှ လာလို့ရတာ သိသိကြီးနဲ့”
ရော။ ခက်ကပြီ။ နည်းလမ်းရှာလေမှ ။
“အနို့၊ မင့်အာယုက ငါးဆယ် မပြည့်သေးဘူးလား၊ ငါးဆယ်စွန်းလျှင်ဖြင့် ပင်စင်ဗီဇာ ရနိုင်မည် မဟုတ်တုံလော”
“ရှင်စိတ်မှ မှန်သေးရဲ့လား၊ ကျုပ်အသက်က ငါးဆယ်ပြည့်ဖို့ အဝေးကြီးလိုသေးတယ်။ အရေးထဲ ဘာတွေ လာပြောနေမှန်းမသိဘူး”
ဤတွင်မှ နှဲကြီး တက်နင်းမိသည့် ကိန်းကြုံကာ၊ ထင်သာထင် မဝင်ဘူး ကျောင်းအမရေ ဆိုရပေတော့မည်။ ဆိုး ချေပြီတည့်။ ဣတ္ထိယတို့ လျှို့ဝှက်အပ် သော အာယုအကြောင်း ထည့်ပြောမိသည်ကိုး၊ ဒါသည်ပင် ဒင့် အမှား ဖြစ်ချေသည်။ ချစ်၍ ချစ်ကာ လာသည်မှကွယ်၊ နှမလက်လျော့ နေလေတော့။
……………………
ကျွန်ုပ်ကား ဘုတ်အုပ် ဖတ်ချင်စိတ်လည်း မရှိ။ အင်တာနက် တက်ချင်ဆင်းချင် စိတ်လည်း မရှိရကား အလွမ်းပြေ စေခြင်းငှာ တမျိုးတဖုံ ကြံစည်မိပြန် လေသည်။ မဲဆောက်နှင့် မွေးရပ်မြေကား ခဲပစ်သာ ကွာလေသောကြောင့် မဲဆောက်မှ မိတ်ဆွေတွေကို အလွမ်းပြေ ဖုန်းဆက်ပေအံ့။ ဦးစွာ သတိရမိသူ ကား မဲဆောက်၏ သားကောင်း ဇာနည် ကိုရင် ကျော်ထက်တည်း။
“ဟိုင်း၊ ကိုရင်ထက်၊ မာပါ၏လော၊ မိတ်လာ(မိတ္ထီလာ)က အရီးလေးတို့နဲ့ အဆက်ရသေးလား၊ ကိုရင်တို့ အရပ်မိုးလေကော မှန်ပါစ”
“ဟား၊ မောင်ပဉ္ဖင်း၊ကောင်းဗျား၊ အနို့ပေမဲ့ … ”
ဟိုက်ရှားလဘတ်။ ကြီးကောင်ကြီးမားကျမှ နဖူးစာ ရွာလည်လေသော မောင်မင်းကြီးသားကား ရှေ့ဆင့် နောက်ဆင့်မွေးသော သမီးနှစ်ကောင်ကို ထိန်းရင်း ပြည်တွင်းလှုပ်ရှားမှု လုပ်နေလေရာ စကားနှစ်ခွန်း မပြည့်မီမှာပင် ကလေးငိုသံကြား ရပြန်သည်။ သူလည်း ယခုမှပင် နိုင်ငံရေးစစ်စစ်ကို လုပ်နိုင်တော့သည် တကား။ လူစွမ်း လက်စွမ်း ပြောင်လေစွ။ အလိုက်သိလေမှ။
……………………
ဘဇာ အကြောင်းနည်း။ သူ့အပြင်မဲဆောက်တွင် ဖုံးဆက်ရမည့် မိတ်ဆွေရင်းချာတို့ နေ့ရောညပါ မနားတမ်း ရိုက်သတ်၍ပင် ကုန်နိုင်ဖွယ်ရာမရှိ။ ဆရာဝန်မလုပ်သော ဘလော့ဂါကလေး မောင်လွဏ်းဆွေထံ ဆက်လေဦးမှ။ သူကား အကြပ်အတည်းကြားမှ လွတ်မြောက်ရန် နည်းလမ်းကောင်း ရှာနိုင်သူ ဖြစ်နိုင်ပေ၏။ ယခု ကျွန်ုပ် အလွမ်းဟူသော ရန်သူ၏ အမိဖမ်းခြင်းကို ကြုံတွေ့နေရပြီ မဟုတ်တုံလော။ အနှီ ဘလော့ဂါကလေး တင်ထားသော၊ အမျိုးသားခေါင်းဆောင်ကြီး၏ လမ်းညွှန်မိန့်ခွန်းဖြစ်သော သူ၏ ဘလော့ မှတ်ချက်ကို ရှုလော့။
“ဟေ့ သေလည်း မြန်မာပီပီ ဇာတိမာန်နဲ့ သေကြပါ။ ရန်သူက မိရင် လက်အားရင် လက်နဲ့ ထိုး ခြေအားရင် ခြေနဲ့ကန်ပါ။ နောက်ဆုံး ပါးစပ်အားရင် ပါးစပ်နဲ့ကိုက်ပြီးမှ အသေခံလိုက်ပေါ့”ဟူလေရာ ကျားရိုးကို သွေး၍ လျက်ကာ အခွင့်ကောင်းကို ရှာရမည် မဟုတ်လေလော။ ဖုန်းခေါ်သံ နှစ်တီ အဆုံးတွင် သူ့အသံပေါ်လာသည်။
“ဟယ်လို ဆရာဒင်လော”
“မှန်ပေသည်။ အတို့ကျွန် မာပါစံ့။ စကားစမြည်ပြောကြပါအံ့”
“ဟို ဟို ဆရာဒင်၊ ဟို ဟို ….”
သူ့အသံကား ချွတ်နင်းသံတည်း။ အညာအရပ်မှာ လူပျိုသိုးတို့ အပျိုအိမ်လှည့်စဉ် လူမိသော အသံနှင့် ဆင်လေစွ။ အကြောင်းတစုံတရာ ရှိပေမည်။ ဘလော့ အကျော်အမော်ကလေး မည်သည့် အလုပ်များနှင့် ရှုပ်နေဘိသနည်း။
“ဆရာဒင်ရေ။ ကျွန်တော် ဖုန်းမော်မွေးနေ့ ရောက်နေလို့ခင်ဗျ။ ဒီမှာ ဆရာမန်းနဲ့ ပြောလိုက်နော်”
သမားတော် ဖြစ်လောက်သော ပါးလှပ်သည့် တင်္ခဏုပ္ပတ္တိဥာဏ်ကြီးသူ ပီသပါပေ၏။ ဘောလီဘော ကစားခြင်း အတတ်ကို အထူးတလည် ကျွမ်းကျင်ဟန် ရှိလေရာ တယ်လီဖုန်းသည် မဲဆောက်ရွာဆော်ကြီး ရွှေမန်းတင်မောင်ခရေဇီ ဆရာမန်းမျိုးမြင့်ထံ ခုန်ကူးသွားဟန် ရှိလေသည်။
“ဆရာကြီးဒင်လား၊ ခေတ္တငံ့ပါလင့်၊ မင်းပရိသတ်တို့ စုံညီနေပြီဖြစ်၍ ဓာတ်ပုံ မှတ်တမ်းတင်ခြင်းအမှု ပြုရပေ ဦးမည်”
ကျွန်ုပ်ကား အလိုက်မသိသူပေတကား။ ကိုဖုန်းမော် ကွယ်လွန်သည်မှာ အနှစ်နှစ်ဆယ် ကျော်လင့်ကစား သူတို့ မမေ့ကြသေးရုံမျှမက ဦးဝင်းတင်၊ ဦးတင်ဦးမွေးနေ့လည်း ကျင်းပရန် ရှိကြပေဦးမည်။ ကျေးဇူးဥပကာရ တင်အပ်ပေသည်။
မွေးနေ့သေနေ့တို့တွင်ပင် တော်လှန်ရေးကို ဆင်နွဲနေဆဲပါတကား။ သာဓုခေါ်ထိုက်ပေစွ။ မည်သို့ပင် ဆိုစေကာမူ အိမ်တွင်မွေးထားသော ကြွက်ခုတ်တတ်သည့် ကြောင်မလေး နာရေးရက်လည်တွင်ပင် ဇာတ်ပွဲသွင်းလေသော ဒီကေဘီအေလူကြီးမင်း ကိုချစ်သူနှင့် နှိုင်းစာလျှင် တော်ပေသေး၏။ မဖြစ်ချေသေး။ အရိပ်သုံးပါး နားလည် အပ်ပေသည်။
……………………
မဟာဇနက္ကမင်းသားသည် အပြောကျယ်လှသော မဟာသမုဒ္ဒရာကို ခုနှစ်ရက်တိုင်တိုင် ကူးခတ်ခဲ့သည် မဟုတ်လော။ မလျော့သောဇွဲဖြင့် မဲဆောက်နေ ကဗျာ့ဝိဒူ ကိုတက်တူသို့ ဆက်ပြန်လေသည်။
“ဟယ်လို၊ မာလကာပင် မင်္ဂလာပါခင်ဗျ၊ ဆရာတက်၊ မာရဲ့နော”
“မာပါပေ၏။ သို့တစေ ကဗျာရွတ်ဆိုလျက် ကမ္ဘာ့ကဗျာနေ့ကို ဝှဲခြီးကျင်းပရန် ရှိသဖြင့် မအားမလပ် ဖြစ်နေချေသည်”
ကျွန်ုပ်သည် အချိန်ကို အကျိုးရှိစွာ မသုံးတတ်ယောင်တကား။ သူသည်လည်း ကဗျာရွတ်ရင်း လွတ်မြောက်ရေးတိုက်ပွဲကို ဆက်လက် ဆင်နွဲနေသူပါတကား၊ ဆက်၍ ဆက်ကာ ရွတ်ပါလေလော့။ ပျံသာပျံပါ ခွပ်ဒေါင်းနီ မုန်တိုင်းမိုးသက်ဆီ။ ရရာလက်နက် စွဲကိုင်လျက် တော်လှန်ရေးကို အားဖြည့်လျက်ရှိကြလေရာ တော်လှန်ရေး အဓွန့်ရှည်ပါစေကြောင်း ဆုမွန်တောင်းရပေမည်။
နှုတ်မစောင့်စည်းသော လိပ်၏ ဥပမာအတိုင်း စကားဆက်ရှည်နေလျှင် ပက်လက်လှန်လျက် တံတွေးထွေး သကဲ့သို့ ရှိရော့မည်ဖြစ်၍ ဤနေရာတွင် တောစကား တောပျောက်ပါအံ့။ ဖော်ကွာဝေးသူအဖို့ ပျင်းရိဆွေးလျချိန် မိတ်ဆွေအပေါင်းထံ ဇီးရွက်ခန့်မျက်နှာဖြင့် ဖုန်းဆက်ရသော အလုပ်ကား အငိုလွယ်လျက် အရှိုက်ခက်လေသည် တကား။ ခန္တီတရား လက်ကိုင်ထားလေမှ။
အော်.. ကဗျာဆိုကာမှ ရွာအကြောင်း အမှတ်ရဖွယ် ကဗျာတပုဒ်သည် နှုတ်မှ အလိုလို ထွက်ပေါ်လာတော့သည်။ ဘာတဲ့၊ ချိုးနှစ်ကောင် ထနောင်းပင်ညီနောင်က လွမ်းအောင်ကူချွဲ၊ ပန်းတော်ဖြူ ပင်မြက်မြေဇာထူလှ ဖိုးတောင် သူ့တဲ တဲ့။
……………………
မုန်းမုန်းမေ့မေ့ မတွေ့လိုသူ ရှောင်ရှားရပေမည်။ မရွာသောမိုးကို မမျှော်ကိုးတော့ပြီ။ မပွင့်သောပန်း မမှန်းဝံ့ချေပြီ။ အလွမ်းဖြေနည်းတို့ အနမတဂ္ဂ ရှိလေသေးသည်။ ဖူးခက်မြို့တော်ရှိ ဂျန်စီလွန်း၊ စင်ထရယ်၊ ရော်ဘင်ဆင် အစရှိသော နာမည်ကျော် ကုန်တိုက်ကြီးများဆီသို့ ဝင်ထွက် လှည့်လည်ပေအံ့။ ဈေးဝယ်ထွက်ခြင်း သည်လည်း စိတ်အပန်းဖြေခြင်း တမျိုးပင် မဟုတ်တုံလော။ ဝယ်စရာ ခြမ်းစရာကား စုံလှပါဘိတောင်း။ အတွင်းခံဘောင်းဘီတထည်ကို အရဲစွန့် ဈေးမေးလိုက်ရာ ဘတ်ခြောက်ရာ ဆိုလေ၏။ ဤကား ငတို့ရပ်ရွာတွင် ဒုံးခြောက် တပိသာဖိုးနှင့် ညီ ပေသည်တကား ဟူသော အသိသည် ခေါင်းကို ပြေးဆောင့် ပြန်ပါလေ၏။
အသင့်ချိတ်ထားသော ဈေးနှုန်းကဒ်ပြားများကို ကြည့်မိပြန်သည့် တခဏတွင်လည်း ရေမွှေး ဒါဇင်ဝက်ဖိုးသည် သုံးမခံ၊ အရှာခက် မြန်မာအသပြာနှင့် ယှဉ်ထိုး ချိန်စက်သည့်အခါ နွားတရှဉ်းဖိုး၊ ယာတကွက်ဖိုးပါတကား။ လှည်းလမ်းကြောင်း တလျှောက်ဖုန်လုံးကြီးတွေ တလိမ့်လိမ့်တက်တာ မြင်ယောင်လာပြန် ချေပြီ။ သည်အလွမ်းက တမှောင့်။
ကုန်တိုက်တို့ကို ကျောခိုင်းပြီးသကာလ ကျန်းမာခြင်းသည် လာဘ်တပါးဟူသော ဆိုရိုးနှင့်အညီ ညနေချိန်ကို တန်ဖိုးရှိရှိ အသုံးချရန် စတုတ္ထရာမမင်း၏ ပန်းခြံသို့ ခြေဦးလှည့်ပြန်သည် ဤတခဏ၌လည်း ဘယ်အရပ်ကနေ ရှာဖွေစိုက်ပျိုးလေသည် မသိသော ထန်းပင်စုစုကို တွေ့ပြန်သောကြောင့် ရွာက ထန်းတောကို အောက်မေ့ပြန် လေသည်။ အလွမ်းရယ် တည့်မကုန်နိုင်လေ။
……………………
လေလွမ်းနေသော စိတ်များဖြင့် ထိုမှသည် အရောက်သွားရာက ပါတောင်ကမ်းခြေဆီ ရောက်ခဲ့ပြန်ပြီ။ ခုနှစ်ပြည်ထောင် ဧည့်သည်တို့အဖို့မူကား ပါတောင်ကမ်းခြေသည် တာဝတိံက နန္ဒာလော၊ တူစွဟုတ္တာ ဆိုကြပေမည်။ အပျော်လွန်နေသော မျက်နှာဖြူလုံမငယ်တို့ကား ရင်စီးလွှာပင် မကပ်နိုင်ကြလေတော့။ ကြည့်၍မူ ကောင်းပါ၏။ ဟီရိ သြတ္တပ္ပ ရှုထောင့်ဖြင့်ကား မတင့်တယ်လေ။ ကျွန်ုပ်စိတ်တွင်ကား ရင်စီးမဲ့ အနှီအရာကို မြင်ရလေ၊ ကိုယ့်တော ကိုယ့်ရွာမှ သနပ်ခါးပါးကွက်ကြားကို လွမ်းလေလေတည်း။ သနပ်ခါး ပါးကွက်ကြား၊ ခပ်ပါးပါးလေး လိမ်းကာခြယ်၊ မြင်ရသူ နှုတ်ဖျားက “ဟင် .လှပါကလား” ရယ်လို့ တဖွဖွပြောလောက်အောင်ကွယ်၊ အရေးထဲ ဟင်္သာတထွန်းရင်က ရင်ဝသို့ ဇွတ်တိုး ဝင်လာပြန်ချေသည် တမုံ့။
……………………
တနေကုန် လွမ်းလျက်ရှိသော စိတ်အစဉ်သည် သူငယ်အိပ်ဆိတ်မှသည်၊ သက်ကြီးခေါင်းချ၊ ထိုမှသည် လုလင်ပြန် ချိန်တိုင်အောင် မဆုံးနိုင်ချေ။ အိပ်၍မပျော်သောညများ ပါတကား။ ညဥ့်ယံကား တာရှည်လှပေ၏။ ဘယ်ညာစောင်းရင်းကပင် ကြာခြည်ယံနာရီသံ ဗဟိုရ်ငြိမ့်ပါပေါ့ စက်လည်းပျော်ပါနိုင်။ တခုခု ကြံလေမှ။ ထိုစဉ်တခဏ၌ပင် အကြောင်း သုံးပါးမရွေးသော ဖူးခက်မိုးသည် ရုတ်ခြည်း ရွာချလာပါလေ၏။ မိုးကား ပုလဲလုံး ရွဲအလှမဟုတ်ချေ။ မိုးလုံးမဲအမျှ ချေတည်း။
ထိုခဏ၌ပင် ကျွန်ုပ်၏ ဦးခေါင်းအတွင်းပိုင်းတွင် လင်းကနဲ ဖြစ်သွားကာ အလွမ်းဖြေနည်း နိသျှည်း တခုသည် ပြိုးပြက်ပေါ်ထွက် လာလေတော့သည်။ ကျွန်ုပ်သည် ရုတ်ခြည်းပင် ကွာတားဘောင်းဘီနှင့် သင်္ကြန်အကျီ ကြောင်ကြောင် ကျားကျား တထည်ကို ကောက်စွတ်လိုက်လေ၏။ ဂိုဒေါင်တွင်းမှ ကားကို စက်နှိုးကာ အိမ်နှင့် အတန်ငယ်ဝေးသည့် စဖန်ဟင်းကမ်းခြေသို့ တကိုယ်တည်း ကားမောင်းထွက်ခဲ့ တော့သည်။
စဖန်ဟင်း ကမ်းခြေကား ညအမှောင်တွင် တိတ်ဆိတ်ငြိမ်သက်စွာ ရှိချေသည်။ ကျွန်ုပ်၏ရှေ့တွင် သဲသောင်ပြင်ကြီးနှင့် ရှုမဆုံးသော ပင်လယ်ပြင်ကြီးသာ ရှိတော့သည်။ လွတ်လပ်ပေစွ။ အချိန်ကား သန်းခေါင်ယံနာရီပြန် ဗဟိုစည်တချက် ထိုးပေတော့မည်။
ထိုတွင် ဒက်ရှ်ဘုတ်အတွင်းမှ ကက်ဆက်ခွေများကို ထုတ်ယူရင်း စိတ်ကြိုက် မြန်မာသံစဉ် တခွေကို ကားကက်ဆက်အတွင်းသို့ ထိုးထည့်လိုက်လေ၏။ ကျွန်ုပ်၏ အကြံအစည်ကို အကောင် အထည်ဖော်ရန် မြန်မာ့ဆိုင်းဝိုင်းကြီး နှင့် မြို့မငြိမ်းမြို့မအဖွဲ့ ဆိုလျှင် လုံလောက်ပေပြီ။ အခါမဟုတ် မိုးကား အငြိုးဖြင့် ဆက်၍ ဆက်ခါ ရွာလျက်ပေတည်း။ ကျွန်ုပ်သည်ကား အပြင်ထွက်ကာ အသင့်အနေအထား နေရာယူလိုက်သည်။ ကျွန်ုပ်မိုးကိုမမှု။ ငယ်စဉ်က မိုးရွာလျှင် လုံးတီးမိုးရေချိုးခဲ့သည် မဟုတ်တုံလော။
ထိုစဉ်ခဏ၌ပင် ကွယ်လွန်သူ မြန်မာသံအဆိုကျော်၊ သုမောင်၏ အသံဝါကြီးက ကားကက်ဆက်အတွင်းမှ အောင်မြင်ထယ်ဝါစွာ ထွက်ပေါ်လာ ပါတော့သည် ။
“မြို့မစိန်ရတုမို့ မြို့မသီချင်းတွေနဲ့ပဲ ကျနော်တို့ သီဆိုဂုဏ်ပြုပါ့မယ်။ အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်း ရေးစပ်သီကုံးခဲ့တဲ့ စစ်ကိုင်းတောင် ဆိုတဲ့တေးနဲ့ ဖျော်ဖြေပါ့မယ်။ နားဆင် ကြည့်ကြပါခင်ဗျာ”
“ပုညရှင် စေတီအပါး၊ စစ်ကိုင်းတောင်၊ အထက်နားဆီက အရှေ့တလွှား၊ ရှုလိုက်ရင်လေ၊”
ကျွန်ုပ်ကား တရုတ်ဘုန်းကြီး ဘုရားရှိခိုးဟန်၊ တံတောင်ဆစ်ကို ကိုးဆယ်ဒီဂရီကွေးလျက် နဖူးတွင်ထိရင်း ရှေ့ခြေတလှမ်းတိုး နောက်ခြေတလှမ်းဆုတ်ကာ ကိုယ်ကို အနည်းငယ် ယိမ်းလိုက်လေ၏။ အိုး .. ဘာတဲ့ ၊
“ဧရာဝတီ၊ ဒုဠဝတီ နတ်ပန်းချီဆေးစုံတွေ ကွန့်ရော့လေသလား၊ ဝဲလက်ယာ အတွန့်တွန့်နဲ့၊ အလွန့်အလွန် သာယာပါပေသည်”
ဤအပိုဒ်တွင်ကား နတ်ကတော်ယိမ်းကသလို လက်အုပ်ချီထားသော လက်နှစ်ဖက်နှင့် နဖူးကို ခပ်ဆတ်ဆတ် လေးငါးကြိမ် ရိုက်လိုက်လေ၏။ အလွမ်းတို့ ပျောက်စေသတည်း။
တစ်နှစ်ကူးလို့ တစ်နှစ်ကျူးပြန်တော့ ……၊ အသစ်အဖူး ဖြစ်ရပြန်ချေ၊ တောတောင်ရေမြေ၊ ကုန်းနေ ရေနေ သက်ရှိသက်မဲ့ သတ္တဝါတွေ၊ လောကဓာတ်ကြီးတခုလုံး သစ်လို့မို့၊ သည်နှစ်တွင်လည်း၊ ချစ်ချစ်ခင်ခင် ရွှင်ရွှင်ပျော်ပျော်နေ။ သမိုင်းပြောင်မညှိုး စစ်ကိုင်းတောင်တော်ရိုးမှာလေ မြူခိုးယှက်ဆိုင်း အုံ့မှိုင်းပြာရီဝေ၊ စေတီ ပုထိုးဘုရား မိုးဖျားမြင့် သီခေါင်ဗွေ၊ တောင်တွေစိမ့်စမ်း ချောင်တွေသိန်းသန်း ခေမာသောင်ကမ်း၊ တက်လှမ်း အောင်မြင်မြေ၊ တိန့်၊ တိန်၊ တိန် တီးလုံးနှင့်အညီ ကျွန်ုပ်ကား မင်းကြီးမင်းလေး နတ်ပူးသလို ကိုယ်ကို ခပ်ကြမ်းကြမ်း ယိမ်းလိုက်ပြန်သည်။ ကက်ဆက်အတွင်းမှ အတွဲလိုက် အတောတီးလုံး ဝီး….. ရော ……၊ရော့ ဟူသောအသံ ပေါ်လာချိန်နှင့် အကိုက်ပင် ကျွန်ုပ်သည် ခေါင်းကို စဉ်းငယ်ငုံ့လိုက်ပြန်ပါသည်။ အလွမ်းတို့ပြယ်စေသတည်း။
မေဓာဝီကလေး တောမှီထုံးတဲ့ ယောဂီသုံးရှာပေ၊ ရောက်ကြဖူးသလား ဇေယျာရွှေမြေ၊ မြစ်ရေခွေဝန်းလျှမ်း ရှုစမ်းဖြာဝေ၊ စစ်ကိုင်းတောင်ခြေ အရောက်သွား တရားရှာဖွေ ဗုဒ္ဓဘာသာမြန်မာတွေ အတာကျူးတဲ့ နှစ်ဦးဂိမာန်နွေ၊
ထိုခဏတွင်ပင် ငယ်စဉ်က အလှူပွဲများတွင် မြိုင်မြိုင်ကြီး တီးလေ့၊ ကလေ့ရှိကြသည့်၊ အယိုင်ဒိုးနှင့် အယိုင်အကကို သတိရမပြန်ရာ လက်နှစ်ဖက်ကို တလှည့်စီ အပေါ်တင်အောက်ချလုပ်ရင်း ကိုယ်ကို လှည့်ကာ၊ ယိမ်းကာ ကကြိုး ဆက်ပြန်ပါသည်။ သီချင်းသံကား ဆက်၍ ထွက်ပေါ်လျက် ပင်တည့်။ အလွမ်းတို့ ကွယ်စေသတည်း။
(ကံ့ကော်ဝတ်မှုန် သင်းတဲ့ရဂုံ စုံတောခြေ သဂီင်္ပွင့်ဖတ် ရင်ခတ်သရဖီ ကြိုင်လို့မွှေး) ၂ဖူးငုံဝေ ပုရစ်တံစီ ညီတယ်လေ တဝေဝေ လေပြေလေညှင်းသွေးတော့ သင်းရနံ့ ထုံပေရွက်သစ်လောင်းလို့ ဟောင်းရွက်ညှာကြွေ ခါပေ၊ ရော်မြန်းရွက်ကျင် ညိုလွင်မောင်း ပြေပြေ(ရောက်ကြဖူးသလား ဇေယျာရွှေမြေ မြစ်ရေခွေဝန်းလျှမ်း ရှုစမ်း ဖြာဝေ စစ်ကိုင်းတောင်ခြေ အရောက်သွား တရားရှာဖွေ ဗုဒ္ဓဘာသာမြန်မာတွေ အတာကျူးတဲ့ နှစ်ဦးဂိမာန်နွေ)
ထိုတွင်ကား ROCK SHOW များတွင်ကသည့် HEAD BANGER အကဟု ဆိုရမည်လောမသိ။ မကြီးမငယ်နှင့် ကင်းမြီးကောက် ထောင်ကာ၊ မြေကြီးကို ခေါင်းနှင့် ဆီကြိတ်သလိုကြိတ်ကာ နှစ်ပတ်သုံးပတ် လှည့်လျက် ဘိုဆန်ဆန်က ပစ်လိုက်ပြန်သည်။ ကကြစမ်းဗျာ တို့ လွတ်လပ်တယ် ဟုပင် ဥဒါန်းကျူးမိတော့သည်။ အလွမ်းတို့ ဝေးစေသတည်း။
မြစ်မင်းဧရာ ခွေကာဝိုင်းလို့ စစ်ကိုင်းအောင်ချာမြေ၊ ရေလှိုင်းလေးတွေ သွင်သွင်မြူးတော့ ငွေရောင်ဖြူးကာနေ ရွှေတောင်ဦးမော် ရှုမျှော်ခင်းနဲ့၊ မြစ်တွင်းသာယာပေ၊ ချစ်ချင်းသာယာနေ၊ ဟင်္သာစင်ရော် ကြင်ဖော်တွဲလို့ သဲကမ်းပါးယံ ဝဲပျံကာနေ။ (ရောက်ကြဖူးသလား ဇေယျာရွှေမြေ မြစ်ရေခွေဝန်းလျှမ်း ရှုစမ်းဖြာဝေ၊ စစ်ကိုင်း တောင်ခြေအရောက်သွား တရားရှာဖွေ ဗုဒ္ဓဘာသာမြန်မာတွေ အတာကျူးတဲ့ နှစ်ဦးဂိန်မာန်နွေ )
တယ့်၊တယ်၊ တဲ့တယ်၊ တဲ့တယ့်၊ တူနယ် ..။ မြန်မာ့ဆိုင်းဝိုင်းကြီး၏ တေးသံစုံကား နားဝင်ပီယံ ရှိလှပါဘိတောင်း။ ဤတွင်ကျွန်ုပ်သည် ဦးရွှေရိုးအကဖြင့် နောက်တမျိုး မရိုးရလေအောင် ကကွက် ပြောင်းရပြန်ပါသည်။ ကကြိုး၊ ကကွက်ကား ခုနှစ်ထွေမက၊ ဆယ့်နှစ်ထွေမျှ ရှိရော့မည်။ တတ်သမျှ ပညာကုန် ထုတ်သုံးရလေ၏။ STREET BREAK DANCE, FREE STYLE ဟု ဆိုအပ်သော တရုတ်သိုင်းချသလို ကကွက်လည်း မလွတ်တမ်း ပါပြန်ပါ၏။ အလွမ်းတို့ လွင့်စေသတည်း။
……………………
စိတ်တွင် ထင်တိုင်းကြဲခဲ့ရသည့် အလျောက် ထိုညက အလွမ်းမူ ပြေခဲ့ပါ၏။ သို့တစေ ကျွန်ုပ်၏ မျက်ဝန်းတို့တွင်မူ မိုးတွေညို့ယောင် ပြန်ပါတကား။
……………………

(စာကြွင်း။ ။ အကယ်တန်တည့် အကြင်စာရှုသူသည် ကျွန်ုပ်၏ ရေးချက်ညံ့ဖျင်းလေသောကြောင့် ကကွက်နှင့် တေးသွားကို ထင်သာမြင်သာ မရှိပါမူ အောက်ပါ လင့်ကိုနှိပ်လျက် ဂိတ်ဆုံးကျယ်ကျယ်ဖွင့်ကာ နောက်တခေါက် ဖတ်ကြစေလိုပါသည်။)

“သုမောင်ရဲ့ စစ်ကိုင်းတောင်သီချင်း နားဆင်ခံစားရန်”
……………………
နံနက်စောစော အိမ့်အနောက်ဖက်တောအုပ်ငယ်ဆီမှ ငှက်မြည်သံတချို့သည် ညကကျွန်ုပ်မက်ခဲ့သောအလွမ်း အိပ်မက်ကို ကိုးရီးယားဇာတ်လမ်းတွဲကဲ့သို့ အခန်းဆက်ဖြစ်စေလေ၏။ ဘာဏုရာဇာနေမင်းကြီးကား ရောင်ခြည်တထောင်အလင်းဆောင်လျက် အရှေ့ဗြုဗ္ဗာမှ ထွက်ပြူလာနေလင့်ကစား ကျနော့်စိတ် အစဉ်သည် ညက အိပ်မက်ထဲတွင် ရောက်ရှိနေခဲ့သော မွေးရပ်မြေတွင် မြူးတူးခုန်ပေါက် နေဆဲပင်။ ကျွန်ုပ်၏ အလွမ်းကား ကြီးကောင့်ကြီးမားကျမှ ပေါက်သော အလွမ်းဝက်သက်မဟုတ်၊ တောင်တောင် အီအီ အလွမ်းမဟုတ်၊ မွေးရပ်မြေ အလွမ်း ဖြစ်သတည်း။ ဆီဆုံနံ့ကို လွမ်းသလိုလို၊ ထန်းတောထဲက ထန်းတဲမှာထွက်ပေါ်သည့် ထန်းရွက်ခြောက်နံ့ကို သတိရသလိုလို၊ နောက်ချေးပုံနံ့ကို တမ်းတသလိုလို။ ထိုမှသည် ရန်ကုန်အလွမ်း၊ ဝက်သားဒုတ်ထိုး အလွမ်း ဟိုအလွမ်း ဒီအလွမ်း အလွမ်း သောင်းခြောက်ထောင်မက အလွမ်းကုဋေကုဋာဟု ဆိုရမယောင်တ ကား။
ခပ်ဝေးဝေးက သဲ့သဲ့ကြားရသော ထိုင်းရိုးရာသီချင်းသံသည် ကျွန်ုပ်၏နားဝယ် စွဲမိစွဲရာ ထွက်ပေါ်လာသည်ကား .. မယ်တို့ရွာသာစခန်း အလည်လာစမ်းပါကွယ်၊ မြရောင်ခြယ် လယ်ကွင်းနဲ့ ကန်သင်ရိုးတလျှောက်မယ် .. ။ ပင်ထနောင်းနဲ့ ဇီးပင်တွေရယ် မကျည်း၊ ဝါးပင်ပေါပါတယ်ဗျာ…. ဟူလို။
……………………
ကျွန်ုပ်ကား တိုင်းခြားပြည်ရွာတွင် အခြေချရန် စဉ်းငယ်မျှ အိပ်မက်တွင်ပင် မရှိခဲ့လင့်ကစား ပစ္စက္ခအချိန်တွင် ဖူးခက်မည်သော ဤသောင် ဤကမ်း၌ ရေတွင်မျောသော ကမ်းတင်ဗေဒါ၊ သောင်ပြင်လွတ်သည့် ဟသာင်္ဖြစ်မှန်း မသိ ဖြစ်နေခဲ့လေသည်မှာ ကာလအားဖြင့် ရာသီစက်ဝန်း ခုနှစ်နှစ်ပင် စွန်းပေရော့မည်။
တကိုယ်ထီးတည်းဖြစ်သော ကျွန်ုပ်၏နိစ္စဓူဝ၊ ကျင်လည်လှုပ်ရှားမှုမှာ ပြစ်ဒဏ်ကျ အကျဉ်းသားနှင့် တူလှလေ၏။ ထူးခြားသည်ကား အကျဉ်းကျစေသည့် အမိန့်ကို ချသူမှာလည်း ကျွန်ုပ်ကိုယ်တိုင်ပင် ဖြစ်နေလေ၏။ မိုးသောက် လျှင်အိပ်ယာထမည်။ ဘာမှ ဟုတ်တိပတ်တိ မချက်ပြုတ်တတ်သော၊ ဟင်းနုနွယ်နှင့် မုန်ညင်းရွက်ကို ရံဖန်ရံခါ မှားတတ်သော တပည့်ကျော် ကျော်ဝင်းဌေး၏ လက်ရာကို စားမည်။ ပြီးလျှင် အချုပ်ခန်းနှင့် မယိုးရင်းစွဲ တူလှစွာသော အခန်းငယ်ထဲသို့ မည်သည့် ထောင်ပိုင် ထောင်ကြပ် ထောင်ဝါဒါကမျှ အတင်းအဓမ္မ မသွင်းရပါဘဲ ကိုယ့်သဘောနှင့်ကိုယ် ပြန်ဝင်ကာ ကိုးရီးယားကား ဇာတ်လမ်းတွဲများ ကြည့်မည်။ ကျွန်ုပ်ကား အွန်စော၊ ဂျွန်စောနှင့် ကင်ဆိုယို တို့သာမက ဂျာမြောင် မင်းသမီးလေးနှင့်လည်း မျက်မှန်းတန်းမိပြီ။ ကိုးရီးယား နတ်ဝင်သည်တို့နှင့် လည်း ရင်းနှီးခဲ့ပြီ။ အနှိုင်းမဲ့သစ္စာရှင်၊ ရာဇဝင်ထဲက သူရဲကောင်းကြီး လီဆွန်ရှင်းနှင့် သွေးသောက် ဖြစ်ရုံမက မြောင်နိုင်ငံ၊ ဂျိုဆွန်း၊ ဂျောင်းလား၊ ဖျောင်ယန်း၊ ဂယောင်ဆန်း၊ ဂုံယန်း စသည့် နယ်မြေဒေသတို့ကို အကျွမ်းတဝင် ရှိခဲ့ပြီ။ ထိုထိုသော ပြုမြဲအလုပ်တို့ဖြင့်သာ သည်နွေမိုးဆောင်း ပြောင်းခဲ့ပြန်ချေသည် တမုံ့။
……………………
သုံးလောကထွဋ်ထား မြတ်ဘုရားသော်မှ မွေးရပ်ဇာတိ ကပ္ပိလဝတ်သို့ ပြန်ကြွဖူးလေကြောင်း နိပါတ်တော်တွင် လာလေရကား ကျွန်ုပ်လို ငပါမွှား လူ့အန္ဓအဖို့ မွေးရပ်မြေကို သတိရခြင်းမှာ ဆန်းလှသည်တော့ မဟုတ်ချေ။ လွမ်းဖော် လွမ်းဖက်တို့လည်း အနမတက္ကပင်၊ တက္ကဆပ်ပြည်နယ်ရောက်၊ တောင်ငူချက်မြှုပ် ရန်ကုန် စက္ကောမ ကျောင်းဆင်းကလေး မောင်ဝင်းခိုင် ကား ငွေထက် အဓိကကျတာတွေ အများကြီးရှိပါသေးကလား။ ကိုယ့်အမိအဖ၊ ကိုယ့်မွေးရပ်မြေနဲ့ ခွဲခွာရသည်မှာ ဧရာမ ဝဋ်ဆင်းရဲ၊ အကြီးစား ငရဲပါတကားဟု သံဝေဂစကား ဆိုပါ၏။ ဗိုက်ကင်းတို့မြေ၊ နော်ဝေရောက် ကိုခင်ဦးကမူ ထောင်ထဲနေရတာကမှ ခြူးတံဆိပ် နွားတံဆိပ် ဆေးပေါ့လိပ်ကလေး ကမ်းရင် နင်းပေး နှိပ်ပေးမဲ့သူနဲ့ဗျာ။ ဒီက ယဉ်ကျေးမှုတွေကို သိပ်စိတ်ကုန်တယ်။ ထောင်ထဲ ပြန်ဝင်နေ ရတာကမှ ကောင်းသေးဟူ၍ ထောင်မကြောက် တန်းမကြောက် ဆို့နင့်နင့် ကြွေးကြော်လေ၏။
အဖြစ်သည်းနေသော ကျွန်ုပ်ကို မြင်ပြင်းကပ်လှစွာဖြင့် သဟာလောက် လွမ်းနေလျှင်ဖြင့် ခဲတပစ်၊ ဒုတ်တထောက် ရှိသမင့်ဟာ ပြန်လိုက်ပါတော့လား စကားအလွယ် ဆိုကြပေမည်။ သို့တမူလည်း ဥာဏ်တည်းဟူသော မျက်စိထဲတွင် အုတ်နံရံနှင့် သံတိုင်တို့သာ မြင်နေလေရာ လွမ်းသူတို့ လျှောက်သော လမ်းကလေး မဟုတ်ပြန်ချေ။
……………………
အလွမ်းနာသည် ဤရက်ပိုင်းတွင် ပို၍ သည်းလာသည် ထင်ရ၏။ လွမ်းလှချေပြီ။ အဖော်ဆွေမွန် ရှိမှတော်ချေရော့မည်။ ရန်ကုန်မြို့နေဇနီးသည် ခင်အိမ်စည်ကို ခေါ်လေမှ။ သူကား အကျွန်ုပ်၏ အနီးကပ်ဆုံး မိတ်ဆွေမဟုတ်တုံလော။ ခင်အိမ်စည်ကား ကျွန်ုပ်ရှိရာသို့ လုံးလုံးလျားလျား မလာမရောက်သည်တော့ မဟုတ်၊ တရေးချစ်ခွင့် ကြင်ရနိုး၊ လာသည်ဆိုရုံ တနှစ်လျှင် သုံးလတကြိမ် တခေါက်တကျင်းတော့ လာတတ်ပေသည်။ တခေါက်တခါ အရောက်လာသည့် ကိစ္စမှာလည်း ဗီဇာရရေးအတွက် ဖိတ်စာခေါ်စာ၊ ဘဏ်စာရင်း၊ သန်းခေါင်စာရင်း၊ လက်ထပ်စာချုပ်သာမက မွေးစာရင်း ရက်ချုပ်ဇာတာပါ ပြရသော ဒုက္ခက မသေးလှချေ။ မည်သို့ဆိုစေ ဒီတောင်ကို မောင် ကျော်မယ် မြင့်မိုရ်မို့လား။
ခေါ်ဆိုခ အဖိုးစား နားကြီးမြင့်သော်ငြား ကျွန်ုပ် မမှုအားပြီ။ အိုဗာဆီးလ် ကောကို စောလျင်စွာနှိပ်လျက် လွန်စွာ ချိုသာလှသော အသံဖြင့် ….
“ဟယ်လို၊ ခင်အိမ်စည်ငဲ့၊ အိမ်စည် ခပါခလှည့်၊ ကျွန်ုပ် ပျင်းလှပေပြီ၊ ခွဲခွာခြင်းဟူသည် ကိုယ်တို့နှစ်ဦးအတွက် ဘယ်သောအခါမှ မမျှော်လင့်ခဲ့သော ဝေါဟာရပါကွယ်”
သို့တစေ ခင်အိမ်စည့်အသံကား အကဲဆတ်လွန်းလှချေ၏။
“အံမယ်၊ စွတ်ကနဲ စွတ်ကနဲ လာဖို့ခေါ်နေရအောင် ရှင့်ကိုယ်ရှင် နိုင်ယုတ် (ဝန်ကြီးချုပ်) အောက်မေ့နေသလား”
ခင်အိမ်စည်ကား စ စချင်း ဆောက်ကော လွန်ပူနဲ့ပါ ထွင်းချေပြီကော။
“ဟုတ်သေးဘူးလကွယ်၊ ညည်းပြန်တာ ခြောက်လကျော် ကြာသမင့်ပြီပဲ”
“တော်ခေါ်တိုင်း လာလို့ မရဘူးရှင့်၊ သံရုံးက ဗီဇာပေးမှ လာလို့ရတာ သိသိကြီးနဲ့”
ရော။ ခက်ကပြီ။ နည်းလမ်းရှာလေမှ ။
“အနို့၊ မင့်အာယုက ငါးဆယ် မပြည့်သေးဘူးလား၊ ငါးဆယ်စွန်းလျှင်ဖြင့် ပင်စင်ဗီဇာ ရနိုင်မည် မဟုတ်တုံလော”
“ရှင်စိတ်မှ မှန်သေးရဲ့လား၊ ကျုပ်အသက်က ငါးဆယ်ပြည့်ဖို့ အဝေးကြီးလိုသေးတယ်။ အရေးထဲ ဘာတွေ လာပြောနေမှန်းမသိဘူး”
ဤတွင်မှ နှဲကြီး တက်နင်းမိသည့် ကိန်းကြုံကာ၊ ထင်သာထင် မဝင်ဘူး ကျောင်းအမရေ ဆိုရပေတော့မည်။ ဆိုး ချေပြီတည့်။ ဣတ္ထိယတို့ လျှို့ဝှက်အပ်သော အာယုအကြောင်း ထည့်ပြောမိသည်ကိုး၊ ဒါသည်ပင် ဒင့် အမှား ဖြစ်ချေသည်။ ချစ်၍ ချစ်ကာ လာသည်မှကွယ်၊ နှမလက်လျော့ နေလေတော့။
……………………
ကျွန်ုပ်ကား ဘုတ်အုပ် ဖတ်ချင်စိတ်လည်း မရှိ။ အင်တာနက် တက်ချင်ဆင်းချင် စိတ်လည်း မရှိရကား အလွမ်းပြေ စေခြင်းငှာ တမျိုးတဖုံ ကြံစည်မိပြန်လေသည်။ မဲဆောက်နှင့် မွေးရပ်မြေကား ခဲပစ်သာ ကွာလေသောကြောင့် မဲဆောက်မှ မိတ်ဆွေတွေကို အလွမ်းပြေ ဖုန်းဆက်ပေအံ့။ ဦးစွာ သတိရမိသူကား မဲဆောက်၏ သားကောင်း ဇာနည် ကိုရင် ကျော်ထက်တည်း။
“ဟိုင်း၊ ကိုရင်ထက်၊ မာပါ၏လော၊ မိတ်လာ(မိတ္ထီလာ)က အရီးလေးတို့နဲ့ အဆက်ရသေးလား၊ ကိုရင်တို့ အရပ်မိုးလေကော မှန်ပါစ”
“ဟား၊ မောင်ပဉ္ဖင်း၊ကောင်းဗျား၊ အနို့ပေမဲ့ … ”
ဟိုက်ရှားလဘတ်။ ကြီးကောင်ကြီးမားကျမှ နဖူးစာ ရွာလည်လေသော မောင်မင်းကြီးသားကား ရှေ့ဆင့် နောက်ဆင့်မွေးသော သမီးနှစ်ကောင်ကို ထိန်းရင်း ပြည်တွင်းလှုပ်ရှားမှု လုပ်နေလေရာ စကားနှစ်ခွန်း မပြည့်မီမှာပင် ကလေးငိုသံကြား ရပြန်သည်။ သူလည်း ယခုမှပင် နိုင်ငံရေးစစ်စစ်ကို လုပ်နိုင်တော့သည် တကား။ လူစွမ်း လက်စွမ်း ပြောင်လေစွ။ အလိုက်သိလေမှ။
……………………
ဘဇာ အကြောင်းနည်း။ သူ့အပြင်မဲဆောက်တွင် ဖုံးဆက်ရမည့် မိတ်ဆွေရင်းချာတို့ နေ့ရောညပါ မနားတမ်း ရိုက်သတ်၍ပင် ကုန်နိုင်ဖွယ်ရာမရှိ။ ဆရာဝန်မလုပ်သော ဘလော့ဂါကလေး မောင်လွဏ်းဆွေထံ ဆက်လေဦးမှ။ သူကား အကြပ်အတည်းကြားမှ လွတ်မြောက်ရန် နည်းလမ်းကောင်း ရှာနိုင်သူ ဖြစ်နိုင်ပေ၏။ ယခု ကျွန်ုပ် အလွမ်းဟူသော ရန်သူ၏ အမိဖမ်းခြင်းကို ကြုံတွေ့နေရပြီ မဟုတ်တုံလော။ အနှီ ဘလော့ဂါကလေး တင်ထားသော၊ အမျိုးသားခေါင်းဆောင်ကြီး၏ လမ်းညွှန်မိန့်ခွန်းဖြစ်သော သူ၏ ဘလော့ မှတ်ချက်ကို ရှုလော့။
“ဟေ့ သေလည်း မြန်မာပီပီ ဇာတိမာန်နဲ့ သေကြပါ။ ရန်သူက မိရင် လက်အားရင် လက်နဲ့ ထိုး ခြေအားရင် ခြေနဲ့ကန်ပါ။ နောက်ဆုံး ပါးစပ်အားရင် ပါးစပ်နဲ့ကိုက်ပြီးမှ အသေခံလိုက်ပေါ့”ဟူလေရာ ကျားရိုးကို သွေး၍ လျက်ကာ အခွင့်ကောင်းကို ရှာရမည် မဟုတ်လေလော။ ဖုန်းခေါ်သံ နှစ်တီ အဆုံးတွင် သူ့အသံပေါ်လာသည်။
“ဟယ်လို ဆရာဒင်လော”
“မှန်ပေသည်။ အတို့ကျွန် မာပါစံ့။ စကားစမြည်ပြောကြပါအံ့”
“ဟို ဟို ဆရာဒင်၊ ဟို ဟို ….”
သူ့အသံကား ချွတ်နင်းသံတည်း။ အညာအရပ်မှာ လူပျိုသိုးတို့ အပျိုအိမ်လှည့်စဉ် လူမိသော အသံနှင့် ဆင်လေစွ။ အကြောင်းတစုံတရာ ရှိပေမည်။ ဘလော့ အကျော်အမော်ကလေး မည်သည့် အလုပ်များနှင့် ရှုပ်နေဘိသနည်း။
“ဆရာဒင်ရေ။ ကျွန်တော် ဖုန်းမော်မွေးနေ့ ရောက်နေလို့ခင်ဗျ။ ဒီမှာ ဆရာမန်းနဲ့ ပြောလိုက်နော်”
သမားတော် ဖြစ်လောက်သော ပါးလှပ်သည့် တင်္ခဏုပ္ပတ္တိဥာဏ်ကြီးသူ ပီသပါပေ၏။ ဘောလီဘော ကစားခြင်း အတတ်ကို အထူးတလည် ကျွမ်းကျင်ဟန် ရှိလေရာ တယ်လီဖုန်းသည် မဲဆောက်ရွာဆော်ကြီး ရွှေမန်းတင်မောင်ခရေဇီ ဆရာမန်းမျိုးမြင့်ထံ ခုန်ကူးသွားဟန် ရှိလေသည်။
“ဆရာကြီးဒင်လား၊ ခေတ္တငံ့ပါလင့်၊ မင်းပရိသတ်တို့ စုံညီနေပြီဖြစ်၍ ဓာတ်ပုံ မှတ်တမ်းတင်ခြင်းအမှု ပြုရပေ ဦးမည်”
ကျွန်ုပ်ကား အလိုက်မသိသူပေတကား။ ကိုဖုန်းမော် ကွယ်လွန်သည်မှာ အနှစ်နှစ်ဆယ် ကျော်လင့်ကစား သူတို့ မမေ့ကြသေးရုံမျှမက ဦးဝင်းတင်၊ ဦးတင်ဦးမွေးနေ့လည်း ကျင်းပရန် ရှိကြပေဦးမည်။ ကျေးဇူးဥပကာရ တင်အပ်ပေသည်။
မွေးနေ့သေနေ့တို့တွင်ပင် တော်လှန်ရေးကို ဆင်နွဲနေဆဲပါတကား။ သာဓုခေါ်ထိုက်ပေစွ။ မည်သို့ပင် ဆိုစေကာမူ အိမ်တွင်မွေးထားသော ကြွက်ခုတ်တတ်သည့် ကြောင်မလေး နာရေးရက်လည်တွင်ပင် ဇာတ်ပွဲသွင်းလေသော ဒီကေဘီအေလူကြီးမင်း ကိုချစ်သူနှင့် နှိုင်းစာလျှင် တော်ပေသေး၏။ မဖြစ်ချေသေး။ အရိပ်သုံးပါး နားလည် အပ်ပေသည်။
……………………
မဟာဇနက္ကမင်းသားသည် အပြောကျယ်လှသော မဟာသမုဒ္ဒရာကို ခုနှစ်ရက်တိုင်တိုင် ကူးခတ်ခဲ့သည် မဟုတ်လော။ မလျော့သောဇွဲဖြင့် မဲဆောက်နေ ကဗျာ့ဝိဒူ ကိုတက်တူသို့ ဆက်ပြန်လေသည်။
“ဟယ်လို၊ မာလကာပင် မင်္ဂလာပါခင်ဗျ၊ ဆရာတက်၊ မာရဲ့နော”
“မာပါပေ၏။ သို့တစေ ကဗျာရွတ်ဆိုလျက် ကမ္ဘာ့ကဗျာနေ့ကို ဝှဲခြီးကျင်းပရန် ရှိသဖြင့် မအားမလပ် ဖြစ်နေချေသည်”
ကျွန်ုပ်သည် အချိန်ကို အကျိုးရှိစွာ မသုံးတတ်ယောင်တကား။ သူသည်လည်း ကဗျာရွတ်ရင်း လွတ်မြောက်ရေးတိုက်ပွဲကို ဆက်လက် ဆင်နွဲနေသူပါတကား၊ ဆက်၍ ဆက်ကာ ရွတ်ပါလေလော့။ ပျံသာပျံပါ ခွပ်ဒေါင်းနီ မုန်တိုင်းမိုးသက်ဆီ။ ရရာလက်နက် စွဲကိုင်လျက် တော်လှန်ရေးကို အားဖြည့်လျက်ရှိကြလေရာ တော်လှန်ရေး အဓွန့်ရှည်ပါစေကြောင်း ဆုမွန်တောင်းရပေမည်။
နှုတ်မစောင့်စည်းသော လိပ်၏ ဥပမာအတိုင်း စကားဆက်ရှည်နေလျှင် ပက်လက်လှန်လျက် တံတွေးထွေး သကဲ့သို့ ရှိရော့မည်ဖြစ်၍ ဤနေရာတွင် တောစကား တောပျောက်ပါအံ့။ ဖော်ကွာဝေးသူအဖို့ ပျင်းရိဆွေးလျချိန် မိတ်ဆွေအပေါင်းထံ ဇီးရွက်ခန့်မျက်နှာဖြင့် ဖုန်းဆက်ရသော အလုပ်ကား အငိုလွယ်လျက် အရှိုက်ခက်လေသည် တကား။ ခန္တီတရား လက်ကိုင်ထားလေမှ။
အော်.. ကဗျာဆိုကာမှ ရွာအကြောင်း အမှတ်ရဖွယ် ကဗျာတပုဒ်သည် နှုတ်မှ အလိုလို ထွက်ပေါ်လာတော့သည်။ ဘာတဲ့၊ ချိုးနှစ်ကောင် ထနောင်းပင်ညီနောင်က လွမ်းအောင်ကူချွဲ၊ ပန်းတော်ဖြူ ပင်မြက်မြေဇာထူလှ ဖိုးတောင် သူ့တဲ တဲ့။
……………………
မုန်းမုန်းမေ့မေ့ မတွေ့လိုသူ ရှောင်ရှားရပေမည်။ မရွာသောမိုးကို မမျှော်ကိုးတော့ပြီ။ မပွင့်သောပန်း မမှန်းဝံ့ချေပြီ။ အလွမ်းဖြေနည်းတို့ အနမတဂ္ဂ ရှိလေသေးသည်။ ဖူးခက်မြို့တော်ရှိ ဂျန်စီလွန်း၊ စင်ထရယ်၊ ရော်ဘင်ဆင် အစရှိသော နာမည်ကျော် ကုန်တိုက်ကြီးများဆီသို့ ဝင်ထွက် လှည့်လည်ပေအံ့။ ဈေးဝယ်ထွက်ခြင်း သည်လည်း စိတ်အပန်းဖြေခြင်း တမျိုးပင် မဟုတ်တုံလော။ ဝယ်စရာ ခြမ်းစရာကား စုံလှပါဘိတောင်း။ အတွင်းခံဘောင်းဘီတထည်ကို အရဲစွန့် ဈေးမေးလိုက်ရာ ဘတ်ခြောက်ရာ ဆိုလေ၏။ ဤကား ငတို့ရပ်ရွာတွင် ဒုံးခြောက် တပိသာဖိုးနှင့် ညီ ပေသည်တကား ဟူသော အသိသည် ခေါင်းကို ပြေးဆောင့် ပြန်ပါလေ၏။
အသင့်ချိတ်ထားသော ဈေးနှုန်းကဒ်ပြားများကို ကြည့်မိပြန်သည့် တခဏတွင်လည်း ရေမွှေး ဒါဇင်ဝက်ဖိုးသည် သုံးမခံ၊ အရှာခက် မြန်မာအသပြာနှင့် ယှဉ်ထိုး ချိန်စက်သည့်အခါ နွားတရှဉ်းဖိုး၊ ယာတကွက်ဖိုးပါတကား။ လှည်းလမ်းကြောင်း တလျှောက်ဖုန်လုံးကြီးတွေ တလိမ့်လိမ့်တက်တာ မြင်ယောင်လာပြန် ချေပြီ။ သည်အလွမ်းက တမှောင့်။
ကုန်တိုက်တို့ကို ကျောခိုင်းပြီးသကာလ ကျန်းမာခြင်းသည် လာဘ်တပါးဟူသော ဆိုရိုးနှင့်အညီ ညနေချိန်ကို တန်ဖိုးရှိရှိ အသုံးချရန် စတုတ္ထရာမမင်း၏ ပန်းခြံသို့ ခြေဦးလှည့်ပြန်သည် ဤတခဏ၌လည်း ဘယ်အရပ်ကနေ ရှာဖွေစိုက်ပျိုးလေသည် မသိသော ထန်းပင်စုစုကို တွေ့ပြန်သောကြောင့် ရွာက ထန်းတောကို အောက်မေ့ပြန် လေသည်။ အလွမ်းရယ် တည့်မကုန်နိုင်လေ။
……………………
လေလွမ်းနေသော စိတ်များဖြင့် ထိုမှသည် အရောက်သွားရာက ပါတောင်ကမ်းခြေဆီ ရောက်ခဲ့ပြန်ပြီ။ ခုနှစ်ပြည်ထောင် ဧည့်သည်တို့အဖို့မူကား ပါတောင်ကမ်းခြေသည် တာဝတိံက နန္ဒာလော၊ တူစွဟုတ္တာ ဆိုကြပေမည်။ အပျော်လွန်နေသော မျက်နှာဖြူလုံမငယ်တို့ကား ရင်စီးလွှာပင် မကပ်နိုင်ကြလေတော့။ ကြည့်၍မူ ကောင်းပါ၏။ ဟီရိ သြတ္တပ္ပ ရှုထောင့်ဖြင့်ကား မတင့်တယ်လေ။ ကျွန်ုပ်စိတ်တွင်ကား ရင်စီးမဲ့ အနှီအရာကို မြင်ရလေ၊ ကိုယ့်တော ကိုယ့်ရွာမှ သနပ်ခါးပါးကွက်ကြားကို လွမ်းလေလေတည်း။ သနပ်ခါး ပါးကွက်ကြား၊ ခပ်ပါးပါးလေး လိမ်းကာခြယ်၊ မြင်ရသူ နှုတ်ဖျားက “ဟင် .လှပါကလား” ရယ်လို့ တဖွဖွပြောလောက်အောင်ကွယ်၊ အရေးထဲ ဟင်္သာတထွန်းရင်က ရင်ဝသို့ ဇွတ်တိုး ဝင်လာပြန်ချေသည် တမုံ့။
……………………
တနေကုန် လွမ်းလျက်ရှိသော စိတ်အစဉ်သည် သူငယ်အိပ်ဆိတ်မှသည်၊ သက်ကြီးခေါင်းချ၊ ထိုမှသည် လုလင်ပြန် ချိန်တိုင်အောင် မဆုံးနိုင်ချေ။ အိပ်၍မပျော်သောညများ ပါတကား။ ညဥ့်ယံကား တာရှည်လှပေ၏။ ဘယ်ညာစောင်းရင်းကပင် ကြာခြည်ယံနာရီသံ ဗဟိုရ်ငြိမ့်ပါပေါ့ စက်လည်းပျော်ပါနိုင်။ တခုခု ကြံလေမှ။ ထိုစဉ်တခဏ၌ပင် အကြောင်း သုံးပါးမရွေးသော ဖူးခက်မိုးသည် ရုတ်ခြည်း ရွာချလာပါလေ၏။ မိုးကား ပုလဲလုံး ရွဲအလှမဟုတ်ချေ။ မိုးလုံးမဲအမျှ ချေတည်း။
ထိုခဏ၌ပင် ကျွန်ုပ်၏ ဦးခေါင်းအတွင်းပိုင်းတွင် လင်းကနဲ ဖြစ်သွားကာ အလွမ်းဖြေနည်း နိသျှည်း တခုသည် ပြိုးပြက်ပေါ်ထွက် လာလေတော့သည်။ ကျွန်ုပ်သည် ရုတ်ခြည်းပင် ကွာတားဘောင်းဘီနှင့် သင်္ကြန်အကျီ ကြောင်ကြောင် ကျားကျား တထည်ကို ကောက်စွတ်လိုက်လေ၏။ ဂိုဒေါင်တွင်းမှ ကားကို စက်နှိုးကာ အိမ်နှင့် အတန်ငယ်ဝေးသည့် စဖန်ဟင်းကမ်းခြေသို့ တကိုယ်တည်း ကားမောင်းထွက်ခဲ့ တော့သည်။
စဖန်ဟင်း ကမ်းခြေကား ညအမှောင်တွင် တိတ်ဆိတ်ငြိမ်သက်စွာ ရှိချေသည်။ ကျွန်ုပ်၏ရှေ့တွင် သဲသောင်ပြင်ကြီးနှင့် ရှုမဆုံးသော ပင်လယ်ပြင်ကြီးသာ ရှိတော့သည်။ လွတ်လပ်ပေစွ။ အချိန်ကား သန်းခေါင်ယံနာရီပြန် ဗဟိုစည်တချက် ထိုးပေတော့မည်။
ထိုတွင် ဒက်ရှ်ဘုတ်အတွင်းမှ ကက်ဆက်ခွေများကို ထုတ်ယူရင်း စိတ်ကြိုက် မြန်မာသံစဉ် တခွေကို ကားကက်ဆက်အတွင်းသို့ ထိုးထည့်လိုက်လေ၏။ ကျွန်ုပ်၏ အကြံအစည်ကို အကောင် အထည်ဖော်ရန် မြန်မာ့ဆိုင်းဝိုင်းကြီး နှင့် မြို့မငြိမ်းမြို့မအဖွဲ့ ဆိုလျှင် လုံလောက်ပေပြီ။ အခါမဟုတ် မိုးကား အငြိုးဖြင့် ဆက်၍ ဆက်ခါ ရွာလျက်ပေတည်း။ ကျွန်ုပ်သည်ကား အပြင်ထွက်ကာ အသင့်အနေအထား နေရာယူလိုက်သည်။ ကျွန်ုပ်မိုးကိုမမှု။ ငယ်စဉ်က မိုးရွာလျှင် လုံးတီးမိုးရေချိုးခဲ့သည် မဟုတ်တုံလော။
ထိုစဉ်ခဏ၌ပင် ကွယ်လွန်သူ မြန်မာသံအဆိုကျော်၊ သုမောင်၏ အသံဝါကြီးက ကားကက်ဆက်အတွင်းမှ အောင်မြင်ထယ်ဝါစွာ ထွက်ပေါ်လာ ပါတော့သည် ။
“မြို့မစိန်ရတုမို့ မြို့မသီချင်းတွေနဲ့ပဲ ကျနော်တို့ သီဆိုဂုဏ်ပြုပါ့မယ်။ အလင်္ကာကျော်စွာ ဆရာမြို့မငြိမ်း ရေးစပ်သီကုံးခဲ့တဲ့ စစ်ကိုင်းတောင် ဆိုတဲ့တေးနဲ့ ဖျော်ဖြေပါ့မယ်။ နားဆင် ကြည့်ကြပါခင်ဗျာ”
“ပုညရှင် စေတီအပါး၊ စစ်ကိုင်းတောင်၊ အထက်နားဆီက အရှေ့တလွှား၊ ရှုလိုက်ရင်လေ၊”
ကျွန်ုပ်ကား တရုတ်ဘုန်းကြီး ဘုရားရှိခိုးဟန်၊ တံတောင်ဆစ်ကို ကိုးဆယ်ဒီဂရီကွေးလျက် နဖူးတွင်ထိရင်း ရှေ့ခြေတလှမ်းတိုး နောက်ခြေတလှမ်းဆုတ်ကာ ကိုယ်ကို အနည်းငယ် ယိမ်းလိုက်လေ၏။ အိုး .. ဘာတဲ့ ၊
“ဧရာဝတီ၊ ဒုဠဝတီ နတ်ပန်းချီဆေးစုံတွေ ကွန့်ရော့လေသလား၊ ဝဲလက်ယာ အတွန့်တွန့်နဲ့၊ အလွန့်အလွန် သာယာပါပေသည်”
ဤအပိုဒ်တွင်ကား နတ်ကတော်ယိမ်းကသလို လက်အုပ်ချီထားသော လက်နှစ်ဖက်နှင့် နဖူးကို ခပ်ဆတ်ဆတ် လေးငါးကြိမ် ရိုက်လိုက်လေ၏။ အလွမ်းတို့ ပျောက်စေသတည်း။
တစ်နှစ်ကူးလို့ တစ်နှစ်ကျူးပြန်တော့ ……၊ အသစ်အဖူး ဖြစ်ရပြန်ချေ၊ တောတောင်ရေမြေ၊ ကုန်းနေ ရေနေ သက်ရှိသက်မဲ့ သတ္တဝါတွေ၊ လောကဓာတ်ကြီးတခုလုံး သစ်လို့မို့၊ သည်နှစ်တွင်လည်း၊ ချစ်ချစ်ခင်ခင် ရွှင်ရွှင်ပျော်ပျော်နေ။ သမိုင်းပြောင်မညှိုး စစ်ကိုင်းတောင်တော်ရိုးမှာလေ မြူခိုးယှက်ဆိုင်း အုံ့မှိုင်းပြာရီဝေ၊ စေတီ ပုထိုးဘုရား မိုးဖျားမြင့် သီခေါင်ဗွေ၊ တောင်တွေစိမ့်စမ်း ချောင်တွေသိန်းသန်း ခေမာသောင်ကမ်း၊ တက်လှမ်း အောင်မြင်မြေ၊ တိန့်၊ တိန်၊ တိန် တီးလုံးနှင့်အညီ ကျွန်ုပ်ကား မင်းကြီးမင်းလေး နတ်ပူးသလို ကိုယ်ကို ခပ်ကြမ်းကြမ်း ယိမ်းလိုက်ပြန်သည်။ ကက်ဆက်အတွင်းမှ အတွဲလိုက် အတောတီးလုံး ဝီး….. ရော ……၊ရော့ ဟူသောအသံ ပေါ်လာချိန်နှင့် အကိုက်ပင် ကျွန်ုပ်သည် ခေါင်းကို စဉ်းငယ်ငုံ့လိုက်ပြန်ပါသည်။ အလွမ်းတို့ပြယ်စေသတည်း။
မေဓာဝီကလေး တောမှီထုံးတဲ့ ယောဂီသုံးရှာပေ၊ ရောက်ကြဖူးသလား ဇေယျာရွှေမြေ၊ မြစ်ရေခွေဝန်းလျှမ်း ရှုစမ်းဖြာဝေ၊ စစ်ကိုင်းတောင်ခြေ အရောက်သွား တရားရှာဖွေ ဗုဒ္ဓဘာသာမြန်မာတွေ အတာကျူးတဲ့ နှစ်ဦးဂိမာန်နွေ၊
ထိုခဏတွင်ပင် ငယ်စဉ်က အလှူပွဲများတွင် မြိုင်မြိုင်ကြီး တီးလေ့၊ ကလေ့ရှိကြသည့်၊ အယိုင်ဒိုးနှင့် အယိုင်အကကို သတိရမပြန်ရာ လက်နှစ်ဖက်ကို တလှည့်စီ အပေါ်တင်အောက်ချလုပ်ရင်း ကိုယ်ကို လှည့်ကာ၊ ယိမ်းကာ ကကြိုး ဆက်ပြန်ပါသည်။ သီချင်းသံကား ဆက်၍ ထွက်ပေါ်လျက် ပင်တည့်။ အလွမ်းတို့ ကွယ်စေသတည်း။
(ကံ့ကော်ဝတ်မှုန် သင်းတဲ့ရဂုံ စုံတောခြေ သဂီင်္ပွင့်ဖတ် ရင်ခတ်သရဖီ ကြိုင်လို့မွှေး) ၂ဖူးငုံဝေ ပုရစ်တံစီ ညီတယ်လေ တဝေဝေ လေပြေလေညှင်းသွေးတော့ သင်းရနံ့ ထုံပေရွက်သစ်လောင်းလို့ ဟောင်းရွက်ညှာကြွေ ခါပေ၊ ရော်မြန်းရွက်ကျင် ညိုလွင်မောင်း ပြေပြေ(ရောက်ကြဖူးသလား ဇေယျာရွှေမြေ မြစ်ရေခွေဝန်းလျှမ်း ရှုစမ်း ဖြာဝေ စစ်ကိုင်းတောင်ခြေ အရောက်သွား တရားရှာဖွေ ဗုဒ္ဓဘာသာမြန်မာတွေ အတာကျူးတဲ့ နှစ်ဦးဂိမာန်နွေ)
ထိုတွင်ကား ROCK SHOW များတွင်ကသည့် HEAD BANGER အကဟု ဆိုရမည်လောမသိ။ မကြီးမငယ်နှင့် ကင်းမြီးကောက် ထောင်ကာ၊ မြေကြီးကို ခေါင်းနှင့် ဆီကြိတ်သလိုကြိတ်ကာ နှစ်ပတ်သုံးပတ် လှည့်လျက် ဘိုဆန်ဆန်က ပစ်လိုက်ပြန်သည်။ ကကြစမ်းဗျာ တို့ လွတ်လပ်တယ် ဟုပင် ဥဒါန်းကျူးမိတော့သည်။ အလွမ်းတို့ ဝေးစေသတည်း။
မြစ်မင်းဧရာ ခွေကာဝိုင်းလို့ စစ်ကိုင်းအောင်ချာမြေ၊ ရေလှိုင်းလေးတွေ သွင်သွင်မြူးတော့ ငွေရောင်ဖြူးကာနေ ရွှေတောင်ဦးမော် ရှုမျှော်ခင်းနဲ့၊ မြစ်တွင်းသာယာပေ၊ ချစ်ချင်းသာယာနေ၊ ဟင်္သာစင်ရော် ကြင်ဖော်တွဲလို့ သဲကမ်းပါးယံ ဝဲပျံကာနေ။ (ရောက်ကြဖူးသလား ဇေယျာရွှေမြေ မြစ်ရေခွေဝန်းလျှမ်း ရှုစမ်းဖြာဝေ၊ စစ်ကိုင်း တောင်ခြေအရောက်သွား တရားရှာဖွေ ဗုဒ္ဓဘာသာမြန်မာတွေ အတာကျူးတဲ့ နှစ်ဦးဂိန်မာန်နွေ )
တယ့်၊တယ်၊ တဲ့တယ်၊ တဲ့တယ့်၊ တူနယ် ..။ မြန်မာ့ဆိုင်းဝိုင်းကြီး၏ တေးသံစုံကား နားဝင်ပီယံ ရှိလှပါဘိတောင်း။ ဤတွင်ကျွန်ုပ်သည် ဦးရွှေရိုးအကဖြင့် နောက်တမျိုး မရိုးရလေအောင် ကကွက် ပြောင်းရပြန်ပါသည်။ ကကြိုး၊ ကကွက်ကား ခုနှစ်ထွေမက၊ ဆယ့်နှစ်ထွေမျှ ရှိရော့မည်။ တတ်သမျှ ပညာကုန် ထုတ်သုံးရလေ၏။ STREET BREAK DANCE, FREE STYLE ဟု ဆိုအပ်သော တရုတ်သိုင်းချသလို ကကွက်လည်း မလွတ်တမ်း ပါပြန်ပါ၏။ အလွမ်းတို့ လွင့်စေသတည်း။
……………………
စိတ်တွင် ထင်တိုင်းကြဲခဲ့ရသည့် အလျောက် ထိုညက အလွမ်းမူ ပြေခဲ့ပါ၏။ သို့တစေ ကျွန်ုပ်၏ မျက်ဝန်းတို့တွင်မူ မိုးတွေညို့ယောင် ပြန်ပါတကား။
……………………
(စာကြွင်း။ ။ အကယ်တန်တည့် အကြင်စာရှုသူသည် ကျွန်ုပ်၏ ရေးချက်ညံ့ဖျင်းလေသောကြောင့် ကကွက်နှင့် တေးသွားကို ထင်သာမြင်သာ မရှိပါမူ အောက်ပါ လင့်ကိုနှိပ်လျက် ဂိတ်ဆုံးကျယ်ကျယ်ဖွင့်ကာ နောက်တခေါက် ဖတ်ကြစေလိုပါသည်။)

“သုမောင်ရဲ့ စစ်ကိုင်းတောင်သီချင်း နားဆင်ခံစားရန်”

မင်းဒင်ရေးသည်။

Leave a comment