၈၈ မျိုးဆက် ကျောင်းသူ မမီးမီးကို ရွှေဘိုထောင်သို့ ပြောင်းရွှေ့


၈၈ မျိုးဆက် ကျောင်းသူ မမီးမီး (ခ) မသင်းသင်းအေးဒီဇင်ဘာ ၂၇ ရက်နေ့ ညက ကသာထောင်မှာ ထောင်ဒဏ် ၆၅ နှစ်နဲ့ ၆ လ ကျခံနေရတဲ့ ၈၈မျိုးဆက် ကျောင်းသူ မမီးမီး (ခ) မသင်းသင်းအေးကို အကြောင်းပြချက် တစုံတရာမရှိပဲ ရွှေဘိုထောင်သို့ ညတွင်းချင်း ပြောင်းရွှေ့လိုက်တယ်ဟု ကသာထောင်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက စုံစမ်းသိရပါတယ် ။

မမီးမီး၏ ခင်ပွန်းဖြစ်သူ ကိုလှမိုး ထောင်ဝင်စာ သွားတွေ့ဆုံပြီး ပြန်လာတာ သုံး ၊ လေး ရက်ပဲ ရှိသေးတဲ့အချိန်မှာ အခုလိုအကြောင်းကြားခြင်း မရှိပဲ ပြောင်းရွှေ့လိုက်တာ ဖြစ်ပါတယ် ။ ကသာထောင်မှာ နေခဲ့ရစဉ်က မမီးမီးဟာ ကျန်းမာရေး ကောင်းမွန်ပြီး ထောင်အာဏာပိုင်တွေနဲ့လဲ ပြဿနာ တစုံတရာ တက်တာမျိုး မရှိခဲ့ပါဘူး ။ ဒီကနေ့ ဒီဇင်ဘာ ၂၈ ရက်နေ့ နေ့လယ် ၁နာရီအချိန်ခန့်တွင် မမီးမီး ရွှေဘိုထောင်သို့ ရောက်ရှိသွားခဲ့ပါတယ်ဟု မမီးမီး၏ ခင်ပွန်းဖြစ်သူ ကိုလှမိုးက ပြောပါတယ် ။

မမီးမီး အခုလိုထောင်ပြောင်းရွှေ့တဲ့အပေါ် ခင်ပွန်းဖြစ်သူ ကိုလှမိုးက “သိပ်တော့ဘဝင်မကျဘူး ။ လွှတ်မဲ့ဟာကို လွှတ်ဖို့ပဲ ကြိုးစားကြပါ ။ ထောင်ပြောင်းတာ ရွှေ့တာတွေ မလုပ်စေချင်တော့ဘူး ။ အခုချိန်မှာ ထောင်ပြောင်းဖို့ထက် လွှတ်ပေးဖို့ အချိန်က နီးနေပြီလေ ။ ကျနော်တို့ အနေနဲ့ နည်းနည်းတော့ စိတ်က ပူတာပေါ့ ။”ဟု ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ် ။

၈၈ မျိုးဆက် ကျောင်းသူ မမီးမီးဟာ ၂၀၀၇ ခုနှစ် သြဂုတ်လအတွင်း လောင်စာဆီဈေး နှင့် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် ရန်ကုန်မြို့တွင်း လမ်းလျှောက် ဆန္ဒပြခဲ့သဖြင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာ ဖြစ်ပါတယ် ။ မမီးမီးကို အင်းစိန်ထောင် မှ ပုသိမ်ထောင် ၊ ကသာထောင်တွေကို ပြောင်းရွှေ့ခဲ့ပြီး အခုအခါမှာ ရွှေဘိုထောင်ကို ထပ်မံပြောင်းရွှေ့ခံခဲ့ရတာ ဖြစ်ပါတယ် ။

“အမှန်ဆို ဇန်နဝါရီ ၄ ရက်နေ့ လွတ်လပ်ရေးနေ့မှာ လွှတ်မယ့်လူ ဆိုရင်တော့ ဒီလို တကူးတက ထောင်ပြောင်းနေဖို့ လုပ်တော့မှာ မဟုတ်ဘူး ။ ထောင်ပြောင်းတယ်ဆိုတာ ကျနော်တို့ ကိုယ်တိုင်လဲ ထောင် ၉ ခု ပြောင်းခဲ့ရတယ် ။ အဲလို ထောင်တခါပြောင်းရင် လုံခြုံရေး ယူရတာနဲ့ ဘာနဲ့ညာနဲ့ တော်တော်ကြီးကို အချိန်ယူပြီး လုပ်ရတဲ့ ကိစ္စတခု ပါ။ အခုဟာက ဘယ်လိုနားလည်ရမှန်း မသိပါဘူး ။ ဒီဟာက ပုံမှန်မဟုတ်ဘူး ။ ရိုးသားမှုလဲ မရှိဘူး ။ တကယ်တမ်း နောက် လေး ၊ ငါး ၊ဆယ်ရက်နေရင် မှာ လွှတ်တော့မယ့် လူတယောက်ကို လုံခြုံရေး ယူ ၊ ဘာတွေယူပြီး ပြောင်းနေတယ်ဆိုတာကတော့ ဒါက ဖြစ်ရိုးဖြစ်စဉ်တော့ မဟုတ်ဘူး ။ ကျနော်ကတော့ တော်တော်လေး စိုးရိမ်မိတယ် ။ လွှတ်ပေးဖို့ နီးစပ်ရာထောင်ကို ပြောင်းရွှေ့တာမျိုးပဲ ဖြစ်ပါစေလို့ ဆုတောင်းရမှာပါ ” ဟု ၈၈ မျိုးဆက်ကျောင်းသားတဦး ဖြစ်တဲ့ ကိုကိုကြီး (စမ်းချောင်း) က ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ် ။

By ဇာဏီ (Burma VJ Media Network)

Leave a comment